စာရှုသူ အပေါင်း ချမ်းမြေ့ပါစေ

Wednesday, February 29, 2012

ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီ



မေးခွန်း ၁။ ။ အရှင်ဘုရား၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ် နှင့် ၀ိဇ္ဖာဓိုရ် ဟာ တူပါသလားဘုရား၊
မေးခွန်း ၂ ။ ။ ထိုပုဂ္ဂိုလ်တို့သည် ကိုးကွယ် ခံထိုက်သူများ ဖြစ်ကြပါသလား၊
မေးခွန်း ၃ ။ ။ ထိုသူတို့သည် အဘယ်အရပ်၌ နေကြပါသလဲ - ဖြေကြားပေးပါဘုရား၊

အဖြေ။ ။ ဒီနေရာမှာ ထွက်ရပ်ပေါက် အကြောင်းတွေကို မပြောခင် လူတွေဖြစ်ပေါ်လာဖို့ နိယာမ အကြောင်းကို နည်းနည်း ပြန်ပြောရပါလိမ့်မယ်၊ ယင်က ဥချပြီး၊ ဥကနေ လောက်ကောင်ဖြစ်၊ လောက်ကောင်ကနေ တဆင့်မှ ယင်ဖြစ်လာတယ် ဆိုတာ ဟာ ဗီဇ နိယာမ အတွင်းမှာ ပါဝင်ပါတယ်၊
သတ္တ၀ါ တွေ ဟာ တိုက်ရိုက် ပေါက်ဖွားတဲ့ ဧကဇ အမျိုးအစား၊ နှစ်ဆင့် ပေါက်ဖွားတဲ့ ဒွိဇ အမျိုးအစား၊ သုံးဆင့် သုံးခါ ပေါက်တဲ့ တိဇ အမျိုးအစား စသောအားဖြင့် အမျိုးမျိုး ရှိကြပါတယ်၊

လူတို့ ကျွဲ နွား စတဲ့ သတ္တ၀ါတွေကတော့ အမိဝမ်းဗိုက်က တကြိမ်ထည်း မွေးဖွားကြလို့ ဧကဇ မျိုးလို့ ခေါ်ပါတယ်၊ ကြက် တွေ ငှက်တွေ မြွေတွေ ဖွတ်တွေ ကျတော့ အမိက ဥကို တကြိမ် ဥတယ်၊ ဥကမှ အကောင်ပေါက်တဲ့ အတွက် ဒွိဇ မျိုး နှစ်ကြိမ်ပေါက် သတ္တ၀ါတွေပါ၊

ယင် ပျားကောင် လိပ်ပြာ တို့ကျတော့ ပထမ ဥတယ်၊ လောက်ကောင်လို ပိုးကို ပေါက်တယ်၊ အဲဒီ ပိုးက အစားအစာ ၀ပြီး တနေရာမှာ အမြှေးတွေ ဖုံးအုပ်ပြီး ငြိမ်သက်စွာ ဖိုဝင်တယ်၊ အဲဒီ ဖိုက ထွက်မှ မူလ သတ္တ၀ါမျိုး ဖြစ်ရတယ်၊ ဒါကြောင့် သူတို့ကို တိဇ မျိုး သုံးခါ ပေါက် လို့ ခေါ်ရတယ်၊
လူကတော့ ဧကဇ မျိုးမို့ လူမိန်းမကနေ လူသားကို တိုက်ရိုက် ဖွားမြင်တာပါ၊ ဒွိဇမျိုး တိဇမျိုးလို အဆင်ဆင့် ပြောင်းလဲမှု့မရှိပါဘူး၊ သို့သော်လည်း လူသားဟာ ပိုးလောက်လန်းများလို ဖိုလ်ဝင်နိုင်လျင် ခြင် ယင် လိပ်ပြာများဖြစ်နိုင်သလို သိဒ္ဓိပေါက်တဲ့ လူသားတစ်ယောက်ဖြစ်နိုင်တယ်လို့ ယူဆပြီး ဖိုလ်ဝင်တဲ့ အတတ်ကို လိုက်စားခဲ့ကြပါတယ်၊

ရာဇ၀င်မှာ ပါတဲ့ ဗျတ်ဝိ ဗျတ္တတို့ မီးကင်စားတဲ့ လူသားဟာ ဇော်ဂျီဖိုလ်ဝင်သားလို့ သိရပါတယ်၊ ဆင်ဖြူရှင်မင်းတရား လက်ထက် သက္ကရာဇ် ၉၂၈ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် သောကြာနေ့ ဟံသာဝတီမြို့ ၀န်းကျင်ကို ကျုံးစတင် တူးရာက မြေအတွင်း ဇော်ဂျီကို ရဖူးပါသတဲ့။

အဲဒီလို ဖိုလ်ဝင်လို့ အန္တရာယ်မရှိ အောင်မြင်လျင်တော့ ထွက်ရပ်ပေါက်သွားပါတယ်။
ဝိဇ္ဇာဓိုရ် ဖြစ်သွားတယ်လို့ လောကီကျမ်းများက ဆိုပါတယ်။ ဖိုလ်ဝင်တာက အမျိုးမျိုးရှိပြီး အချို့က မြေအောင်းတယ်၊ အချို့က ပိုးလောက်လန်းများ အမြှေးဖုံးသလို အမြှေးဖုံးတာလဲ ရှိပါတယ်။ ပွက်ပွက် ဆူတဲ့ ရေကို ချိုးရတာလဲ ရှိပါသတဲ့။ မီးပုံအတွင်း ခုန်ဆင်းရတာလဲ ရှိပါတယ်။ ဖိုလ်အောင်းခြင်း မရှိတဲ့ ၀ိဇ္ဇာဓိုရ် များလဲ ရှိပါသေးတယ်။ အဲဒါတွေကတော့ - -

၁။ ပြဒါးကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ ပြဒါးဝိဇ္ဇာမျိုး၊
၂။ သံကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ သံဝိဇ္ဇာ၊
၃။ ဆေးစီရင်ပြီး အောင်မြင်သွားတဲ့ ဆေးဝိဇ္ဖာ၊
၎။ အင်းချ အောင်မြင်သွားတဲ့ အင်းဝိဇ္ဖာ၊
၅။ မန္တာန် ရွတ်ဆို အောင်မြင်သွားတဲ့ မန္တာန် ၀ိဇ္ဖာ၊
၆။ သန်လျက် ကို အသက်သွင်းပြီး အောင်မြင်သွားတဲ့ သန်လျက်ဝိဇ္ဖာ၊
ဆိုပြီး ၀ိဇ္ဖာ အမျိုးအစား ၆ မျိုးရှိပါတယ်။

မြန်မာပြည်မှာတော့ ထွက်ရပ်ပေါက်အောင်ရယ်လို့ ကြိုးစားသူတွေက ပြဒါးကစားသူ၊ သံကစားသူ၊ ဆေးကစားသူ၊ အင်းကစားသူတွေသာ များပါတယ်၊ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ မျိုးကတော့ တော်တော်ရှားပြီး မတွေ့ရသလောက်ပါပဲ။
ဒီနေရာမှာ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ အကြောင်းနည်းနည်း ပြောပြပါမယ်၊

ဆက္ကနိပါတ်၊ ၀ိဇ္ဖာဓရ ဇာတ်တော်မှာလာတဲ့ ၀ိဇ္ဇာဓိုရ် ဟာ မန္တာန် ၀ိဇ္ဇာပါ၊ ရှေးရှေးတုံးက တကယ့်အဖြစ်အပျက်အနေနဲ့ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း လက်ထက်မှာ ဘုရားအလောင်းတော်ဟာ သိကြားမင်း ဖြစ်နေပါတယ်၊ အဲဒီတုံးက ၀ိဇ္ဖာဓိုရ်တယောက်ဟာ သန်းခေါင်ယံအချိန်ရောက်တိုင်း မန္တာန်ကို မန်းမှုတ်ပြီး နန်းတော်ကို လာကာ မိဖုရားကြီးနဲ့ ပျော်ပါးလေ့ရှိသတဲ့။

မိဖုရားကြီးမှာလဲ အိပ်မက်လိုလို တကယ်လိုလို ဖြစ်နေပြီး ဘာမှ မတတ်နိုင်တဲ့ အဆုံး ဘုရင်ကြီးကို ဖွင့်ပြောတိုင်ပင်ရပါတယ်။ ဘုရင်ကြီးကလဲ ဥာဏ်ပညာကြွယ်ဝလေတော့ အဲဒီ လူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသား တခုခုကို ထင်ကျန်အောင် လုပ်နိုင်ပါ့မလား လို့ မေးတော့ မိဖုရားကြီးကလဲ စွမ်းနိုင်ပါကြောင်း ကတိပေးပါတယ်။

မိဖုရားကြီးကလဲ အကြံနဲ့ ဆိုတော့ ညအခါ အိပ်ယာအနီး ဟင်္သာပြဒါးစစ်ခွက်ကို ယူထားသတဲ့။ ၀ိဇ္ဇာဓို၇် လာရောက် ပျော်ပါးတဲ့ အခါမှာ မိဖုရားကြီးက သူ့ ခန္ဓာကိုယ်ကို သိုင်းဖက်ပြီး ကျောပြင်မှာ လက်ငါးချောင်းရာ ပေးလိုက်တယ်၊ ၀ိဇ္ဖာဓိုရ် ထွက်သွားလျင် သွားချင်း ရှင်ဘုရင်ကို သံတော်ဦးတင်လို့ ဘုရင်ကြီးကလဲ ကျောမှာ လက်ငါးချောင်းရာ ပါသူကို ဖမ်းစေ လို့ အမိန့်တော် ထုတ်လိုက်ပါတယ်၊
ဝိဇ္ဖာဓို၇် ကတော့ သူမဟုတ်သလိုပဲ၊ ညအခါ သူများမယား၊ သမီးများကို ပစ်မှားပြီး နေ့ကျလျင် သုဿာန်မှာ နေကို ရှိခိုးပြီး ခြေတဖက် ထဲနဲ့ ရပ်နေလေ့ရှိသတဲ့။ မင်းချင်းတို့ဟာ ၀ိဇ္ဇာဓိုရ်ကျောပြင်မှာ လက်ငါးချောင်းရာကို မြင်တော့ ၀ိုင်းဖမ်းကြတဲ့ အခါ ငါ့အမှု့ လူတွေ သိကုန်ပြီ ထင်တယ်၊ မဟန်တော့ဘူး၊ ဆိုပြီး မန္တာန်ကို မန်းမှုတ်ပြီး ကောင်းကင်ကို ပျံတက်သွားလို့ မမှီလိုက်ကြဘူးပေါ့။ ။

ဆက်ပါအုံးမည် - -


( ၂ )
အဲဒီ ၀ိဇ္ဇာဓိုရ်ဟာ ရသေ့ ရဟန်းများလို သစ်ခေါက်ဆိုး သင်္ကန်းအရောင် ၀တ်ထားလို့ မင်းကြီးက ရသေ့ ရဟန်းထင်ပြီး ငါ့နိုင်ငံအတွင်းမှာ ရသေ့ ရဟန်းမနေရဘူး လို့ နှင်ထုတ်မိန့် ထုတ်ပြန်လို့ ကာသိတိုင်း တတိုင်းလုံး ရဟန်းသံဃာတော် ၇သေ့ ၇ဟန်းတွေ အားလုံး ဆိတ်သုံးသွားတဲ့ အထိအောင် ဖြစ်သတဲ့။

ဒါကြောင့် အခုခေတ်မှာလဲ ၇သေ့ယောင်ယောင် ရဟန်းယောင်ယောင် ကိုယ့်ဘာသာ ဆံပင်ရိတ်၊ သင်္ကန်းပတ်ပြီး မလျော်တဲ့ အလုပ်တွေ လုပ်နေတာကို မြန်မာနိင်ငံမှာ နေရာတိုင်း တောရော မြို့ရော တွေ့နေရပါတယ်။ စိတ်မကောင်းစရာပါပဲ။ ဒါကြောင့် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ( တစ်သာသနာလုံး ) နာမည်ပျက် တဲ့ အဖြစ်မျိုး ရောက်တတ်ကြတာကို အားလုံး သတိရှိရှိ ကာကွယ်ကြစေ ချင်ပါတယ်။

ဒီအကြောင်းကို သာသနာကြည်ညိုတဲ့ သိကြားမင်းက သိလို့ အရှင်ပစ္စေကဗုဒ္ဓါတပါးကို ပင့်သွားပြီး ရှင်ဘုရင်ကို တရားဟောစေတယ်၊ နောက်ပိုင်းမှာတော့ အမြင်မှန်ရသွားပြီး ရသေ့ရဟန်းများ ပုံမှန် ၀င်ထွက်သွားလာနိုင်ကြသတဲ့၊ ဒါကြောင့် မန္တာန်ဝိဇ္ဖာဆိုတာ ကျမ်းဂန်များမှာ အထင်အရှားရှိနေပါတယ်။

နောက်တမျိုးအနေနဲ့ သန်လျက်ဝိဇ္ဇာ ဆိုတာကိုတော့ ဇင်းမယ်ပဏ္ဏာသ က လာတဲ့ သမုဒ္ဒဃောသ ဇာတ်တော်မှာ တွေ့နိုင်ပါတယ်။

သံဝိဇ္ဖာကတော့ သံလုံးအတွင်း သိဒ္ဓိသွင်းတာမျိုးပါ။ သန်လျက်ဝိဇ္ဇာ ဆိုတာကလဲ သံလုံးအတွင်း သိဒ္ဓိသွင်းတာပဲမို့ သဘောချင်းတူညီပါတယ်၊ ဒါကြောင့် တူရာ တူရာ ပေါင်းလိုက်လျင်တော့ ၀ိဇ္ဇာ ၅ မျိုး ရှိတယ်လို့ မှတ်သားနိုင်ပါတယ်၊

နောက်တမျိုးက ပုဂံခေတ်မှာ ကျန်စစ်သားမင်းကြီးလက်ထက် သမီးတော် ရွှေအိမ်စည်မင်းသမီးနဲ့ ရည်ငံခဲ့ဖူးတဲ့ ပြဒါးရှင်လုံးကို ငုံပြီး ကောင်းကင်ပျံနိုင်တဲ့ ပဋိက္ခရား ဆိုတာကလဲ ပြဒါးဝိဇ္ဇာ အတွင်းပါဝင်တာမို့ ၅ မျိုးပါပဲ။
လောကီဝိဇ္ဖာ ဆိုတာ ရှိသလို လောကုတ္တရာဝိဇ္ဇာ ဆိုတာလဲ ရှိပါသေးတယ်၊ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးရဲ့ ၀ိဇ္ဖာမဂ္ဂဒီပနီကျမ်းမှာ လောကီ လောကုတ္တရာ အားလုံးပေါင်း ၅ မျိုးရှိကြောင်း တွေ့ရပါတယ်။

အဲဒါတွေကတော့ --

၁။ ဝေဒ၀ိဇ္ဇာ = ဗေဒင် လေးမျိုးတတ်ကျွမ်းသူ၊
၂ ။ မန္တ၀ိဇ္ဇာ = လက္ခဏာကျမ်း နိမိတ်ကျမ်း၊ ဂါထာ မန္တရား ဆေးအမျိုးမျိုး တတ်ကျွမ်းသူ၊
၃ ။ ဂန္ဓာရီ ၀ိဇ္ဇာ = သိဒ္ဓိအမျိုးမျိုးပေါက်တဲ့ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဖာ၊ ဆေးဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာအမျိုးမျိုး၊
၎။ လောကိယ၀ိဇ္ဖာ = လောကီဈာန်ရ ပုဂ္ဂိုလ်၊
၅။ အရိယ၀ိဇ္ဇာ = အရိယာပုဂ္ဂိုလ် ၈ ယောက်၊ တို့ဖြစ်ပါတယ်။
၁၊ ၂ ၊ ၃၊ အမျိးစားတွေကတော့ လောကီဝိဇ္ဖာမျိုးဖြစ်ပြီး စူဠဂန္ဓာရီ ၀ိဇ္ဖာ လို့ ခေါ်ပါတယ်။ ၄ နှင့် ၅ ကတော့ သမထ နဲ့ ဖြစ်လာတဲ့ ၀ိဇ္ဇာမျိုးမို့ မဟာဂန္ဓာရီ ၀ိဇ္ဇာလို့ ခေါ်ပါသတဲ့။

ဂန္ဓာရီ ၀ိဇ္ဖာ ဆိုတာကိုတော့ စကားစပ်မိလို့ ပြော၇ပါအုံးမယ်၊ အိန္ဒိယပြည်ကြီးရဲ့ အရှေ့မြောက်အရပ် ဟိမ၀န္တာတောင်တန်း ရဲ့ အနောက်ဘက်မှာ ဂန္ဓာရ တိုင်းဆိုတာ ရှိပါတယ်၊ မင်းသားအများအပြား အဋ္ဌာရသ အတတ် ၁၈ ရပ်ကို သွားေ၇ာက်သင်ကြားရာ တက္ကသိုလ်ပြည်ကြီး ရှိပါသတဲ့။ အဲဒီ ဂန္ဓာရ တိုင်းသားများ လိုက်စား ပေါက်မြောက်ခဲ့တဲ့ အတတ်မို့ အဲဒီအတတ်ကို ဂန္ဓာရီအတတ် လို့ မှတ်သားရပါတယ်။

ဒါကြောင့် ပထမမေးခွန်းအနေနဲ့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် နဲ့ ၀ိဇ္ဇာဓိုရ် ( ၀ိဇ္ဇာ ) ဆိုတာ အတူတူပဲလို့ မှတ်သားနိုင်ပါတယ်၊
အဲဒီသူတွေဟာ လူတွေရဲ့ ပူဇော်မှု့ကို ခံထိုက် မခံထိုက်ဆိုတာကို စာပေနဲ့ နည်းနည်း စိစစ်ကြည့်ကြရအောင်။ စာပေမှာ ပူဇော် ခံယူထိုက်တဲ့ ဂုဏ်ကို အနုတ္တရံ ပုညခေတ္တံ လောကဿ လို့ လာရှိပါတယ်၊

အဓိပ္ပါယ်က ပူဇော်ခံယူထိုက်သူ ဟာ ကောင်းမှု့တည်းဟူသော မျိုးစေ့ကျဲချရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်၇မယ် တဲ့။ နားလည်အောင် ရှင်းရရင် ဒါန၀တ္ထုက မျိုးစေ့ နဲ့ တူတယ်၊ အလှူခံက လယ်မြေနဲ့ တူပါတယ်၊ မျိုးစေ့ ကောင်းသော်လည်း လယ်မြေကောင်းပါမှ ကိုယ်စိုက်လိုက်တဲ့ အသီးအနံဖြစ်ထွန်းပါမယ်၊

နောက်ဆုံး မျိုးစေ့ ဆိုတဲ့ ဒါနက သေးသေးမွှားမွှား ညံ့နေသည့်တိုင်အောင် သီလ သမာဓိ ပညာ နဲ့ ပြည်စုံတဲ့ အလှူခံဆိုတဲ့ လယ်မြေက ကောင်းနေလျင် ဖြစ်ထွန်း အကျိုးပေးနိုင်သေးတယ်၊ လယ်မြေ ကောင်း မကောင်း မြေသြဇာ အပေါ်မှာ မူတည်သလို အလှူခံထိုက် မထိုက် ဆိုတာကလဲ သူ့ရဲ့ သီလ အပေါ်မှာ အဓိက မူတည်နေပါတယ်၊
ဒါကြောင့် သီလ အကျင့်  မပြည့်စုံလျင် အတတ်ပညာ တတ်နေသော်လည်း အပူဇော်ခံ အကိုးကွယ်ခံ မဖြစ်ထိုက်ဘူး၊

ဆက်ပါအုံးမည်- -

( ၃ )
လောကမှာ ရုပ်ရည်လှပတယ် အမျိုးမြတ်တယ် ဆိုတာတွေဟာ ဘာမှ သုံးလို့ မရဘူး၊ လူတိုင်း ကျင့်သုံးနေကြတဲ့ စောင့်ထိန်းနေကြတဲ့ ကိုယ်ကျင့်သီလကသာ အမြတ်ဆုံး တန်ဖိုးဖြတ်လို့ မရနိုင်ဘူး လို့  ပဉ္စကနိပါတ်၊ သီလ၀ီမံသန ဇာတ်တော်မှာ ဆိုထားတာရှိပါတယ်၊

မောဃာ ဇာတိ စ ၀ဏ္ဏော စ ၊ သီလမေ၀ ကိရုတ္တမံ။
သီလေန အနုပေတဿ၊ သုတေန တ္ထော န ၀ိဇ္ဇတိ။

လောကမှာ အတတ်ပညာတွေ ဘယ်လောက်တတ်နေပါစေ အကျင့်သီလ မကောင်းရင် ကိုယ်ကျင့်တရားပျက်ယွင်းနေရင် လူ့အသိုင်းအ၀ိုင်းက ရှောင်ကြဉ်ကြလိမ့်မယ်၊ အကျိုးမရှိဘူး၊ လူ့ဗာလ လို့ ဆိုလိုပါတယ်၊
ဒါကြောင့် ၀ိဇ္ဖာဓိုရ်ပဲ ဖြစ်စေ၊ လူသာမာန်ပဲ ဖြစ်စေ အကျင့်သီလ ကြီးမြတ်ရင် အပူဇော်ခံ အကိုးကွယ်ခံထိုက်တယ် လို့ မှတ်သားရပါမယ်၊

မေးခွန်း ၃ အနေနဲ့ ၀ိဇ္ဖာဓိုရ် ထွက်ရပ်ပေါက် တွေရဲ့ နေထိုင်ရာ ဘုံဋ္ဌာနအနေနဲ့ သီးခြား မရှိပါဘူး၊ သူတို့ဟာလဲ လူသားဘ၀က ဖြစ်လာတာမို့ လူ့ဘုံမှာပဲ သူတို့ စိတ်ချမ်းမြေ့ရာ နေရာ ဘယ်နေရာကိုမဆို နေကြတယ်လို့ မှတ်သားနိုင်ပါတယ်။
မြန်မာတွေ ပြောနေကျ စကားမှာတော့ ၀ိဇ္ဇာ ဇော်ဂျီ တပသီ ရယ်လို့ တွဲလျက်သုံးနေကျပေမယ့် အားလုံး အတူတူလို့ ပြောဖို့ခက်ပါတယ်၊ တူတဲ့ အပိုင်းမှာ တူပြီး မတူတဲ့ အချက်အလက် အကျင့်စရိုက်တွေလဲ အများကြီးတွေ့ရပါတယ်၊

ဝိဇ္ဖာဓိုရ် ဘယ်ကလာ-

ဝိဇ္ဖာဓိုရ်ဆိုတာ ၀ိဇ္ဇာ+ဓရ ဆိုတဲ့ ပါဠိပုဒ်ကနေ ဆင်းသက်လာတယ်လို့ မှတ်ရပါမယ်၊ ၀ိဇ္ဇာ ဆိုတဲ့ ပုဒ်က

၁။ အသိပညာ
၂။ အတတ်ပညာ
၃။ ဗေဒင်သုံးပုံ
၎။ ပု- ဒိ -အာ ဆိုတဲ့ ၀ိဇ္ဇာသုံးပါးကို ဟောပါတယ်၊

အသိပညာ ဆိုတာကတော့ ၀ိဇ္ဖာပညာ လို့ ပြောလို့ရတဲ့ အတတ်ကြီး ၁၈ ပါးကို ရည်ညွှန်းပါတယ်၊

အတတ်ပညာ ကတော့ သိပ္ပံပညာ လို့ ပြောရမဲ့ အတတ်ငယ် ၆၄ ပါးကို ရည်ညွှန်းပါတယ်၊
ဒီနေရာမှာ မျက်စိမြင်၊ နားကြားနိုင်ပြီး သန်မာသူတို့ တတ်အပ်တဲ့အတတ်၊ တနည်းပြောရရင် ခြေလက်အင်္ဂါစုံလင်သူတို့ တတ်အပ်တဲ့ အတတ်ကို အတတ်ကြီး ၁၈ ရပ်လို့ ခေါ်ပြီး အတတ်ငယ်ကိုတော့ မျက်စိမမြင်သူ၊ နားမကြားသူ၊ မသန်စွမ်းသူ တို့ပါ သင်ယူနိုင်တဲ့ (ခြေလက်အင်္ဂါ တခုခု ချွတ်ယွင်းနေတဲ့ )သူတွေပါ သင်ယူနိုင်ပါသတဲ့။ အဲဒါကိုတော့ ကလာ ၆၄ ပါး ( အတတ်ငယ် ၆၄ ပါး) ရယ်လို့ သိရပါတယ်။

အတတ်ကြီး ၁၈ ရပ် -

၁ ။ အကြားအမြင်အတတ်၊
၂၊ ဓမ္မသတ်အတတ်၊
၃၊ သင်္ချာ အတတ်၊
၎။ လက်သမားအတတ်၊
၅။ နီတိအတတ်၊
၆။ ဗျာကရုဏ်းအတတ်၊

၇။ ကဗျာလင်္ကာအတတ်၊
၈။ လက်ပစ်အတတ်၊
၉။လေးအတတ်၊
၁၀။ စကားတောင်းအတတ်၊
၁၁။ဆေးအတတ်၊
၁၂။ ရယ်ရွှင်ဖွယ်အတတ်၊

၁၃။ ဗေဒင်အတတ်၊
၁၄။ မာယာအတတ်၊
၁၅။ဆန်းကျမ်းအတတ်၊
၁၆။ သံတမန်အတတ်၊
၁၇။ မန္တာန်အတတ်၊
၁၈။ သဒ္ဒါကျမ်းအတတ်၊

ဒီအတတ်ကြီး ၁၈ရပ်ကိုတော့ လောကနီတိ ဂါထာနံပါတ် ၁၀-၁၁ မှာ တွေ့ရှိနိုင်ပါတယ်။

ဆက်ပါအုံးမည် - -


( ၄ )
အတတ်ငယ် ၆၄ ပါးကို ဗဟုဿုတအနေနဲ့ ကလာအပြား ၆၄ ပါးလို့လဲ ခေါ်လေ့ရှိကြပါတယ်၊ ၀ိသုဒ္ဓါရုံမူ အဘိဓာန်နိဿယသစ် ဂါထာနံပါတ် ၅၂၈ မှာ ဖော်ပြထားတာက - ဒီလိုပါ၊

၁။နစ္စ= ကခြင်းအတတ်၊
၂။ ၀ါဒန=တီးမှုတ်ခြင်းအတတ်၊
၃။ ၀တ္ထာလင်္ကာရ = အ၀တ်ဆင်ယင် ၀တ်တတ်ခြင်း၊
၎။အနေကရူပ= ရုပ်ပြောင်းရုပ်လွဲတတ်ခြင်း၊
၅။သေယျာဒိ= အိပ်ယာနေရာ ခင်းကျင်းသောအတတ်၊
၆။ဇုတာဒိ= ကြွေအံ လောင်းကစားအတတ်၊
၇။ အနေကာဒိ ရတိဇာနန= နည်းမျိုးစုံ ကာမဂုဏ်မွေ့လျော်ပျော်နည်းအတတ်၊
၈။မဇ္ဇာသ၀ါဒိ=သေအရက်မျိုးစုံ ချက်တတ်ခြင်း၊
၉။သလ္လ ဟရဏ= စူးဝင်သော မြှားငြောင့်ကို မနာကျင်အောင် ကုပေးခြင်း၊
၁၀။အန္နာဒိ ပစန= စားဖိုမှူး အတတ်၊
၁၁။ ဗီဇာရောပ= လယ်ယာသီးနှံ စိုက်ပျိုးခြင်းအတတ်၊
၁၂။ ပါသာ ဏာဒိ ၀ိဒါရဏ= ကျောက်ဓာတ် ရွှေဓာတ် စသည်ကို ပြာချသောအတတ်၊
၁၃။ဥစ္ဆု ၀ိကာရ =ထန်းလျက်၊ ကြံသကာ၊ တင်းလဲ၊ သကြားချက်ခြင်းအတတ်၊
၁၄။ဓာတောသဒိသံ ယောဂါဒိကြိယာ =ရွှေဓာတ် စသည်ကို ဆေးနှင့် ဖော်စပ်ခြင်းအတတ်၊
၁၅။ဓာတု သံယောဂ= ရွှေငွေ စသည် ဓာတ်ခွဲသော ဓာတုဗေဒ အတတ်၊

၁၆။ဓာတွာဒိ သံယောဂ =ဓာတ်ေ၇ာစပ်ခြင်း အတတ်၊
၁၇။ခါရ နိက္ကာသန= လက်နက်အတွက် ယမ်းမှုန့်၊ ဆား ထုတ်လုပ်ခြင်း၊ ဆပ်ပြာထုတ်လုပ်ခြင်းအတတ်၊
၁၈။ သတ္ထသန္ဓာန ၀ိက္ခေပ= လက်နက် ချိန်ရွယ်ပစ်လွှတ်ခြင်းအတတ်၊
၁၉။မလ္လ ယုဒ္ဓ= နပမ်းလုံးခြင်း အတတ်၊
၂၀။ဗာဟု ယုဒ္ဓ= လက်ဝှေ့ ထိုးသတ်ခြင်းအတတ်၊
၂၁။ ရှာမတွေ့သေးပါ၊
၂၂။ဗျူဟ ရစနာဒိ ကရဏ= စစ်တိုက်နည်းပရိယာယ်ကြွယ်ဝခြင်း၊
၂၃။ဒေ၀တာ တောသန= နတ်တို့ နှစ်သက်ခြင်းအတတ်၊
၂၄။သာရထျ ဟတ္ထိ အဿ ဂတိသိက္ခာ=ဆင်စီး မြင်းစီးအတတ်၊
၂၅။ မတ္တိကာ ဘဏ္ဍသံကြိယာ= အိုးထိမ်းသည်အတတ်၊
၂၆။ ကဋ္ဌဘဏ္ဍ သံကြိယာ=လက်သမားအတတ်၊
၂၇။ ပါသာဏ ဘဏ္ဍသံကြိယာ= ကျောက်ဆစ်အတတ်၊
၂၈။ ဓာတုဘဏ္ဍ သံကြိယာ= ပန်းပဲ ပန်းတဉ်းအတတ်၊
၂၉။ စိတ္တဒယျာလေခနံ = ပန်းချီအတတ်၊
၃၀။ တဠာဂ၀ါ=မြေတူးခြင်း၊ မြေညှိခြင်းအတတ်၊

၃၁။ယန္တကရဏ = ယန္တ၇ား စက်နာရီ တူရိယာ ပြုလုပ်သောအတတ်၊
၃၂။ဝဏ္ဏရဉ္စန = ဆေးဆိုးအတတ်၊
၃၃။ ဇလ၀ါယဂ္ဂိ =ေ၇စက်၊ လေစက် မီးစက်အတတ်၊
၃၄။ယာန ကရဏ =ယာဉ်အမျိုးမျိုး ပြုလုပ်တတ်သောအတတ်၊
၃၅။ သုတ္တာဒိရဇ္ဇု = ချည်ငင်ခြင်း၊ ကြိုးကျစ်ခြင်းအတတ်၊
၃၆။ ၀တ္ထ ၀ါယန= ရက်ကန်းအတတ်၊
၃၇။ ရတန ဝေဓာဒိ= ရတနာတို့၏ အပေါက်ကောင်းမကောင်း သိနိုင်သော အတတ်၊
၃၈။ သုဝဏ္ဏာဒိ =ရွှေစသည်ကို အမျိုးအစား ခွဲခြားသိနိုင်ခြင်းအတတ်၊
၃၉။ ကိတ္တိမ သုဝဏ္ဏရတနာဒိ= ရွှေစသော ကိတ္တိမ၇တနာပြုလုပ်ခြင်းအတတ်၊
၄၀။သုဝဏ္ဏာဒျ လင်္ကာရ= ရွှေပန်းထိန် အတတ်၊
၄၁။လေပါဒိ သံကြိယာ= ပန်းရန်အတတ်၊
၄၂။ စမ္မမဒ္ဒ၀ါဒိ =သားရေနယ်အတတ်၊
၄၃။ပသု ဓမ္မင်္ဂ နီဟာရကြိယာ= သားကောင်မှ သားရေကို မဆုတ်မပြဲ ခွါထုတ်ခြင်းအတတ်၊
၄၄။ဒုဒ္ဒဒေါဟာဒိ= နွားနို့ညစ်ခြင်း၊ထောပတ် ချက်ခြင်းအတတ်၊
၄၅။ကဉ္စုကာဒိ= ချပ်ဝတ်သင်ဒိုင်း ချုပ်စပ်ခြင်းအတတ်၊

၄၆။ ဇလ တရဏ= ရေကူးခြင်းအတတ်၊
၄၇။ ဂေဟဘဏ္ဍာဒိ မဇ္ဖန= ကြေးခွက်စသော အိမ်အသုံးအဆာင် တိုက်ချွတ်သန့်စင်ခြင်း အတတ်၊
၄၈။ဝတ္ထ သမ္မဇ္ဖန= ခ၀ါသည် အတတ်၊
၄၉။ခုရကမ္မ= ဆတ္တာသည် အတတ်၊
၅၀။ တိလ မံသာဒိသိနေဟ= နှမ်းဆီ ပဲဆီ ညှစ်ထုတ်နည်းအတတ်၊
၅၁။သိရာဒျာကဿဏ = လယ်ထွန်ခြင်း အတတ်၊
၅၂။ရုက္ခာေ၇ာဟန= သစ်ပင်တက်ခြင်းအတတ်၊
၅၃။ မနောနုကူလ သေ၀ါကရဏ = အရှင့်စိတ်တိုင်းကျ ခစားလုပ်ကျွေးခြင်း အတတ်၊
၅၄။ ဝေဏုတိဏာဒိ= နှီးခွက် မြက်ဖျာ ရက်လုပ်သော ဒေါင်းရွှေ အတတ်၊
၅၅။ကာစ ပတ္တာဒိကရဏ = စဉ့်အိုး စဉ့်ခွက် ဖန်အိုး ဖန်ခွက် ပြုလုပ်ခြင်း အတတ်၊
၅၆။ဇလ သံသေဇန သံဟရဏ= ရေကို သွယ်ယူ လှောင်ခြင်းအတတ်၊
၅၇။ လောဟာဒိ သာ၇= သံမဏိ လက်နက် ပြုလုပ်ခြင်းအတတ်၊
၅၈။ ဟတ္ထိအဿာဒိ ပိတ္ထတ္ထရဏ= ဆင်ကုန်းနှီး မြင်းကုန်းနှီး ပြုလုပ်သော အတတ်၊
၅၉။ သိဘု သံရက္ခဏ= ကလေးထိန်းအတတ်၊
၆၀။ အပရာဒိ တာဠ ညာဏ = အပြစ်သင့်သူကို ရိုက်နှက်ခြင်း အတတ်၊
၆၁။ နာနာဒေသိယ ၀ဏ္ဏလေခန =လူအမျိုးမျိုးတို့၏ အက္ခရာ ရေးသားခြင်း အတတ်၊
၆၂။တမ္ဗူလ ရက္ခာဒိကြိယာ = ကွမ်းကို စောင့်ရှောက်ခြင်း စသည်ပြုလုပ်သောအတတ်၊
၆၃။ အာဒါန ဂုဏ = လျင်မြန်သင့်လျင် လျင်မြန်အောင် လုပ်နိုင်ခြင်းအတတ်၊
၆၄။ပတိဒါန ဂုဏ = နှေးသင့်လျင် နှေးနှေး ပြုလုပ်နိုင်ခြင်း အတတ်၊

ဒီအတတ်တွေကိုတော့ ကိုယ်လက် အင်္ဂါ မသန်စွမ်းသူ ချို့တဲ့သူ တွေပါ သင်ယူနိုင်တဲ့ အတတ်ငယ် ၆၄ ပါး လို့ ခေါ်ဆိုနိုင်ပါတယ်၊

ဆက်ပါအုံးမည် - -


( နိဂုံး )
ဒါကြောင့် ၀ိဇ္ဇာဓိုရ် ဆိုတာ ၀ိဇ္ဖာ+ ဓရ = အသိပညာ အတတ်ပညာကို ကျင့်နေသူ ဆောင်ထားသူ လို့ အဓိပ္ပါယ်ရပါတယ်၊ အတတ်ပညာ အသိပညာတွေအားလုံးကို တတ်တာမျိုးမဟုတ်ပါဘူး၊ အတတ်ပညာ တခုခုကို တဖက်ကမ်းခတ် တတ်မြောက်သူကို စာစကားနဲ့ ၀ိဇ္ဖာဓိုရ် လို့ ခေါ်နိုင်ပါတယ်၊

ဇော်ဂျီ ဆိုတာ =

ဇော်ဂျီ လို့ ဆိုလိုက်ရင် လူအများ တွေးမြင်တာက ဇာတ်ပွဲထဲက တောင်ဝှေးလေးနဲ့ ကတတ်တဲ့ ဇော်ဂျီကိုပဲ တွေးတတ်ကြပါတယ်၊ တကယ်တမ်း အရင်းစစ်လိုက်တော့ အဲဒီလို မဟုတ်ပါဘူး၊ ဇော်ဂျီ ဆိုတဲ့ ပုဒ်ဟာ ယောဂီ ပုဒ်ကနေ ဆင်းသက် လာပါတယ်။ ( သဒ္ဒါမှာတော့ ဂ၀ယော ပုဒ်ကနေ ဂ၀ဇော ဖြစ်လာသလိုပါပဲ။ ဒေါ ဓဿ စ သုတ် အဖွင့်အရ ယကို ဇပြုသလို ) ယောဂီ မှ ဇောဂီ ဖြစ်လာပါတယ်။

နောက် ဂီ မှာလည်းပဲ သက္ကတသံ ( ရေဖ ) ခေါ်တဲ့ ရ ရောက်ခဲ့လို့ ဂျီ ဖြစ်သွားတယ်။ ယောဂီ ဆိုတဲ့ ပါဠိစကားလုံးကို သက္ကတ အသံပျက်နဲ့ မြန်မာတွေက ဇော်ဂျီ လို့ ဖတ်လိုက်ကြတယ်။ အဓိပ္ပါယ်က ယောဂတရား အားထုတ်နေသူ လို့ ဆိုလိုပါတယ်။

ယောဂ တရား ဆိုတာကလဲ သမထတရား ၊ ဈာန်တရား သမာဓိတရားပါပဲ၊ သာသနာပ ပုဂ္ဂိုလ်များကတော့ ကိုယ့် သန္တာန်မှာ လောဘ ဒေါသ ကိလေသာတွေ ပေါ်လာရင် အဲဒီ အကုသိုလ်စိတ်တွေ ငြိမ်သက်သွားအောင် မြစ်ထဲ ဆင်းပြီး တနေကုန် ရေစိမ်နေတာမျိုး၊ ရေငုတ်နေတာမျိုး ( ရေစိမ်နေရင် အေးလာပြီး ကိလေသာစိတ် ပျောက်သွားတတ်တယ် )

ရာသီဥတု ပူသော်လည်း မီးလှုံနေတာမျိုး၊( မီးလှုံနေတော့ ခန္ဒာကိုယ်က ပူလာပြီး ကိသေသာစိတ် ပျောက်သွားတတ်တယ်) ကလေးတွေ ကစားသလို တုံးကျော်နည်း ခုန်ကျော်နည်း ကစားခြင်းမျိုး၊ ဇယ်ခတ် ကစားခြင်းမျိုး၊ ဆူးတွေပေါ် အိပ်တာမျိုး ဒါတွေကလဲ နာကျင် ခံစားရတဲ့အတွက် ကိလေသာစိတ် ကို ဖြေဖျောက်နည်း တမျိုးပါပဲ၊

ဒီအကျင့်တွေကို မြတ်စွာဘုရားက အတ္တကိလမထ နုယောဂ = ကိုယ့်ခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲအောင် ကျင့်တဲ့ အကျင့်တွေ အကျိုးမရှိဘူး၊ ယုတ်ညံ့တဲ့ ကျင့်စဉ်တွေ လို့ ဓမ္မစကြာသုတ် တရားတော်မှာ ဟောကြားထားတော်မူပါတယ်။
အကျဉ်း ချုပ်လိုက်တော့ ယောဂ အကျင့် ကျင့်နေသူ မှန်သမျှကို ယောဂီ ခေါ်ရသလို ဇော်ဂျီ လို့လဲ ခေါ်နိုင်ပါတယ်။ ကိုယ်ကျင့်တဲ့ အကျင့် က မှန်ကန် ကောင်းမြတ် ဘုရားဟော နည်းလမ်းကျနေရင် မြင့်မြတ်တဲ့ ယောဂီ ဖြစ်ပြီး နည်းလမ်းမကျ လွဲမှားနေရင် ယုတ်ညံ့တဲ့ ယောဂီ ဇော်ဂျီ ဖြစ်သွားမှာပါ။

တပဿီ =

( တပေါ ယဿ အတ္ထိ တသ္မိံ ၀ါ ၀ိဇ္ဖတီတိ တပဿီ ) လို့ သဒ္ဒါကျမ်းများက ဆိုပါတယ်။ ဖြစ်ပေါ်လာတဲ့ ကိလေသာတွေ နည်းပါး ပျက်စီးသွားအောင် ခြိုးခြံ ခေါင်းပါး စွာ ကျင့်ကြံကြိုးကုတ် အားထုတ်နေသူ ပေါ့။
ဒါကြောင့် အားလုံးကို အကျဉ်း ချုပ်လိုက်ရင် ၀ိဇ္ဇာပညာမျိုး သိပ္ပံပညာမျိုးတွေ တဖက်ကမ်းခတ် တတ်မြောက်သူကို ၀ိဇ္ဇာဓိုရ် လို့ ခေါ်ပါတယ်၊

သမထ ၀ိပဿနာ ပွားများ အားထုတ်နေသူ အားလုံး ကို ဇော်ဂျီ တပဿီ လို့ ခေါ်နိုင်ပါတယ်၊ ဒီနေရာမှာ စကားအရ မဆန်းပြားပေမယ့် ထူးဆန်းနေတာက ၀ိဇ္ဇာ ဇော်ဂျီ တပဿီ လို့ ဆိုရင် လူတွေက ဗျတ်ဝိ ဗျတ္တ တို့လို၊ ဇော်ဂျီ တောင်ဝှေးနဲ့ ကောင်းကင် ပျံနိုင် - မြေလျိုး မိုးပျံ နိုင်တဲ့ သူတွေကိုပဲ ထင်နေကြတာပါ။ အဲဒီ အယူအဆက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူတွေရဲ့ စိတ်ထဲမှာ အမြစ်တွယ် နေတဲ့ အယူအဆ ပါပဲ။


ကျမ်းကိုး၊ ထီးချိုင့်မြို့ တည်တော ဆရာတော်ကြီး၏ ဗုဒ္ဓ၀ါဒဆိုင်ရာအဖြေများ။

အရှင်သုနန္ဒာလင်္ကာရ

Tuesday, February 28, 2012

သစ္စာတရား၏မီးရှူးတိုင်ကိုသယ်ဆောင်ခဲ့သူဆိုကရေတီ


ယခုအခါ “ဒီမိုကရေစီ” ဆိုသောစကားသည် ကျယ်လောင်ပျံနှံ့နေပြီး ကမ္ဘာအနှံ့တွင် လူအများကဒီမိုကရေစီထွန်းကားရေးကို ဦးတည် နေကြသည်။ဒီမိုကရေစီဟူသည်အချုပ်အခြာအာဏာကိုပြည်သူကပိုင်သည်(၀ါ)ပြည်သူပိုင်သောအချုပ်အခြာအာဏာဟုဆိုလိုပြီးဂရိဘာသာစကားတစ်ခုဖြစ်သည်။ဒီမိုကရေစီအစဂရိကဟုဆိုနိုင်သည်။ (မြန်မာတို့က အီတလီကို “ရောမ” ။ ဂရိကို “ခေါမ”လို့ခေါ်ခဲ့ကြသည်။)

ဂရိသည် အတွေးအခေါ်နှင့်ပညာအစဉ်အလာကြီးမားခဲ့သော လူမျိုးကြီးဖြစ်၏်။ ဂရိတို့၏အတွေးအခေါ်များမှာယခုတိုင်လူ့အဖွဲ့အစည်းကိုအကျိုးပြုလျက်ရှိသည်။ဆိုကရေတီ၊ပလေတိုနှင့်အရစ္စတိုတယ်တို့မှာ အထင်ရှားဆုံးဂရိအတွေးအခေါ်ပညာရှင်ကြီးများဖြစ်ကြသည်။

ဘီစီ၄၇၀ကပေါ်ပေါက်ခဲ့သောဆိုကရေတီသည်လူသားတို့၏လွတ်လပ်သောအတွေးအခေါ်သမိုင်းတွင်မီးပြတိုက်ကြီးသဖွယ်ဖြစ်ခဲ့သည်။
အေသင်မြို့မှကျောက်ဆစ်ပုဆရာတစ်ဦး၏သားဖြစ်သောဆိုကရေတီသည်အစပထမ၌ဖခင်၏လုပ်ငန်း၌အချိန်အတော်ကြာအောင်လုပ်ကိုင်ခဲ့သည်။

သို့ရာတွင်နောက်ပိုင်း၌အမှန်တရားကိုကြံဆခြင်း၊ဒဿနသဘောတရားတို့ကိုကြံဆခြင်းဖြင့်သာလျှင်အချိန်ကုန်လွန်စေခဲ့သည်။
အစတွင် သဘာဝသိပ္ပံပညာကိုလေ့လာသော်လည်း နောက်ပိုင်းတွင် ဒဿနနှင့် မတ်တာဖစ်ဆစ် ခေါ်ရုပ်လွန်ပညာ သို့မဟုတ် အတိဘူတိကပညာကိုလေ့လာလိုက်စားခဲ့သည်။ဤသို့လမ်းကြောင်းပြောင်းလိုက်ခြင်းသည် ဂရိအတွေးအခေါ် သမိုင်း၏ထူးခြားအရေးပါသောဖြစ်ရပ်ကိုပေါ်ပေါက်လာစေသည်။
ပညာမာန်ကြီးသူများကို အဖြေမပေးနိုင်အောင်မေးခွန်းထုတ်ပြီးလျှင် ဆိုကရေးတီသည် ထိုပုဂ္ဂိုလ်တို့၏ အသိဥာဏ်ပညာမဲ့မှု ကိုအတင်းလက်ခံစေခဲ့သည်။ထိုကိစ္စကြောင့်ပညာမာန်ကြီးသူများက သူ့ကိုစိတ်ဆိုးကြသည်မှာမဆန်းပေ။
ယေဘုယျအားဖြင့်ဒဿနပညာရှင်နှင့်စစ်တိုက်ခိုက်ခြင်းသည်မည်သို့မျှမသက်ဆိုင်ဟုယူဆကြသည်။သို့ရာတွင်ဆိုကရေးတီသည် ၄၂၄ဘီစီ၌ ဒေလီယန်(Delium) စစ်ပွဲတွင်ပါဝင်ခဲ့သည်။ ရဲဝံ့သောသူ၏စွန့်စားမှုနှင့်သတ္တိကိုချီးကျူးကြရသည်။ အသက် ၆၅ နှစ်အရွယ်တွင်အေသင်၏လွှတ်တော်တွင်အဖွဲ့ဝင်ဖြစ်လာသည်။

သက်ဦးဆံပိုင်အုပ်ချုပ်ရေးအာဏာပိုင်၃၀တို့သည်အေသင်၌နိုင်ငံသားတစ်ဦးကိုဖမ်းဆီခေါ်ဆောင်ရန်ဆိုကရေတီအားအမိန့်ပေးခဲ့သည်။ ယင်းအမိန့်ကိုမတရားဟု ဆိုကရေတီကယူဆပြီး ငြင်းဆန်ခဲ့သည်။
မိမိဆန္ဒအားလျော်စွာလွတ်လွတ်လပ်လပ်တွေးခေါ်ကြံဆခြင်းသည်သူ၏ထူးခြားချက်ဖြစ်သည်။ထို့ကြောင့်နောက်ဆုံးအဆိပ်ကိုသောက်ရခြင်းဖြစ်သည်။

ဆိုကရေတီးကမှန်သောအသိဥာဏ်သည်(အားလုံးနှင့်ဆက်စပ်သောသဘောတရားများ@universals)ကိုသိမြင်ခြင်းသာလျှင်ဖြစ်သည်။ယင်းအသိဥာဏ်ကိုရရှိရေးမှာလူ၏တာဝန်ဝတ္တရားဖြစ်သည်။အသိဥာဏ်ရရှိရေးအတွက်အကြီးမားဆုံးလက်နက်ကိရိယာမှာ ဝေါဟာရစကားလုံးများ၏သဘောသရုပ်မှန်ကို သိရှိနားလည်ခြင်းဖြစ်သည်။
ကျွန်ုပ်တို့သည် တရားမှု စသောစကားလုံးများကိုအသုံးပြုကြသည်။ သို့ရာတွင်ယင်းစကားလုံး၏အဓိပ္ပာယ်အမှန်ကိုမသိကြ နားမလည်ကြပေ။ ဆိုကရေတီသည် သူ၏အပေါင်းအသင်းများအား ယင်းသို့သောစကားလုံးတို့၏အနက်အဓိပ္ပာယ်ကိုမေးသည်။ အပေါင်းအသင်းများဖွင့်ပြပြောဆိုသောအဓိပ္ပာယ်ကိုဝေဖန်စောကြောသည်။စကားလုံးများ၏သဘောသရုပ်အမှန်ကိုထောက်ပြသည်။ ပညာမြတ်နိုးသောလူငယ်များစွာသည် ဆိုကရေတီထံတပည့်ခံကာ အတွေးအခေါ်ပညာကိုသင်ယူလာကြသည်။ ပလေတိုမှာ ဆိုကရေတီ၏ထူးချွန်ထင်ရှားသောတပည့်တစ်ယောက်သည်။ ထိုအချိန်ကအာဏာရှိသောဆိုဖစ်တို့သည် နိုင်ငံရေး၌ကိုယ်ကျင့်တရားကိုဖြည့်စွက်လိုသောဆန္ဒမရှိပေ။
ဆိုကရေတီကမူကိုယ်ကျင့်တရားနှင့်နိုင်ငံရေး၌နီးစပ်သောဆက်သွယ်မှုကိုတည်ဆောက်ပေးသည်။

အသက် ၇၀အရွယ် ၃၉၉ဘီစီ၌ဆိုကရေတီအားတရားစွဲဆိုပြီးလျှင် အပြစ်ရှိသူအဖြစ်ကြေညာလျှက် တရားသူကြီး ၅၀၁ယောက်ပါသောခုံရုံးကအဆိပ်သောက်စေဟူသောသေဒဏ်ကိုချမှတ်ခဲ့သည်။
ပထမစွဲချက်မှာ ဘာသာမဲ့တရားမဲ့ဖြစ်ခြင်း သို့မဟုတ် နိုင်ငံတော်က ပူဇော်ပသသော နတ်ဒေ၀တာတို့ကို မပူဇော်မပသခြင်း ဟူသောစွဲချက်ဖြစ်သည်။ ဒုတိယစွဲချက်မှာ မိမိ၏အဆုံးအမဥပဒေသများဖြင့် လူငယ်များ၏စာရိတ္တကိုဖျက်ဆီးသည်ဟူသော စွဲချက်ဖြစ်သည်။
ဘာသာမဲ့တရားမဲ့ဆိုသောစွဲချက်ကို ဆိုကရေတီက အလွန်ထိရောက်သောစကားလုံးများနှင့်ထုချေခဲ့သည်။ လူငယ်များ၏ကိုယ်ကျင့်တရားအားဖျက်ဆီးသည်ဆိုသော ဒုတိယစွဲချက်ကိုလည်း ဆိုကရေတီကထုချေလျက်ဤသို့ ထုတ်ဖော်ပြောပြသည်။

“ကျွန်ုပ်သည် လူကြီးနှင့်လူငယ်များအားသင်တို့သည် မိမိ၏အသက်နှင့်စည်းစိမ်ကို ဂရုမစိုက်ကြနှင့်။ အဓိကအားဖြင့် မိမိစိတ်နှလုံးပြုပြင်ပြောင်းလဲမှုကို ဂရုစိုက်ကြဟူ၍ ဥပဒေပေးသည်မှတစ်ပါး မည်သည့်အရာကိုမှမပြုလုပ်ခဲ့ပေ။ ဥစ္စဓနကြောင့်ကောင်းမှုမဖြစ်ပေ။ ကောင်းမှုကြောင့်သာဥစ္စာဓနဖြစ်ရ၏။ယင်းသည်သာ ကျွန်ုပ်၏အဆုံးအမဖြစ်သည်။ အို…အေသင်မြို့သားတို့…ကျွန်ုပ်သင်တို့အားပြောလိုသည်မှာ သင်တို့သည်အေနီတပ် ပြောသည့်အတိုင်းမလုပ်သည်ဖြစ် စေလုပ်သည်ဖြစ်စေ၊ ကျွန်ုပ်ကိုလွတ်သည်ဖြစ်စေ၊ မလွတ်သည်ဖြစ်စေ သင်တို့ကောင်းစွာမှတ်သားထားရမည်မှာ ကျွန်ုပ်ဘယ်နှကြိမ်သေရ..သေရ၊ မိမိ၏လမ်းစဉ်ကိုမည်သည့်အခါမှပြောင်းမည်မဟုတ်ပေ။” ဟုအကြောက်အရွံ့ကင်းစွာ တရားသူကြီးများကိုစိန်ခေါ်ထုချေလိုက်သည်။

ဆိုကရေတီ၏ မိတ်သင်္ဂဟများက သူ့ကိုအကျဉ်းထောင်မှထုတ်ယူရန်ကြိုးစားကြသေးသည်။သို့ရာတွင် ထိုကဲ့သို့ပြုလုပ်ခြင်း ကိုဆိုကရေတီက သဘောမတူပေ။အကြောင်းမူကာ ထိုကဲ့သို့ပြုလုပ်ခြင်းသည် အေသင်၏တရားဥပဒေကိုဖောက်ဖျက်ကျူးလွန်ခြင်ကြောင့်တည်း။ ထို့နောက်ဆိုကရေတီသည် သူ၏နိဂုံးချုပ်စကား၌တရားသူကြီးကိုဤသို့ပြောခဲ့သည်။ “ခွဲခွာဖို့ရန်အချိန်ရောက်ပြီ။ ကျွန်ုပ်တို့သည် ကိုယ့်လမ်းကိုယ်သွားကြ၏။ ကျွန်ုပ်သည်သေခြင်းလမ်းမ၌ သွားသည်။ သင်တို့ကရှင်ခြင်းလမ်းကိုသွားသည်။ဘယ်လမ်းကမြတ်သည်ကို ဘုရားသခင်သာသိသည်။”

ဆိုကရေတီသည် အသက်ဆုံးရှုံးသွားသော်လည်း ထာဝရရှင်သန်နေသည်။ အကြင်အယူအဆများအတွက် သေခြင်းကို ရွေးခဲ့သည်။ထိုအယူအဆများသည် ယနေ့လူလောက၌လေးစားမြတ်နိုးမှုခံနေရသည်။
လူသား၏ အသိဥာဏ်စံချိန်မြင့်မားမှုမှာ သူ့ကြောင့်ထင်ရှားသွားသည်။ ကျွန်တော့်အနေနှင့် ဆိုကရေးတီးသည် အသက်ကိုစတေး၍ လူသားများအတွက် သစ္စာတရားမီးရှူးတိုင်ကို ခိုင်မြဲစွာ သယ်ဆောင်လာသည်ဟု တွေးမြင်မိပါသည်။ ။
(ဆရာပါရဂူ၏ဆောင်းပါးအချို့ကို ကိုးကားထားပါသည်)
ခိုင်ထူးသစ်

Sunday, February 26, 2012

"အပါယ်ဘုံဒစ်စကာဗာရီ "....ခိုင်ထူးသစ်



ဆွစ်..ဆွစ်..ဆွစ်…။

အပြေးသန် အသံစူးပြီး အမွေးအမြီးဖွားသော သူ့ကိုအများက ‘ရှဉ့်’ ဟုထင်ကြသည်။ သူ့ခြေတွေက လေထက်မြန်သည်။ သူ့လက်တွေက ရဲသည်။ မြဲသည်။ ပါးပြင်းထောင်နေသော မြွေတစ်ကောင်ကို ဖျပ်ခနဲဆွဲဆုပ်ကာ ခေါင်းကို ကိုက်ဖြဲပြီး ဦးနှောက်ဖောက်စားသည့် အလုပ်ကို သူကျွမ်း၏။ သူ့ရုပ်သွင်က ရှဉ့်နှင့်ဆင်သော်လည်း သူသည်‘ရှဉ့်’မဟုတ်။ ပွက်ပွက်ဆူနေသော ဒေါသပိုင်ရှင် မြွေတို့၏ ဦးနှောက်နွေးနွေးေ လးတွေကို ခံတွင်းတွေ့နေသည့် ‘မြွေပါ’ တစ်ကောင်ဖြစ်သည်။

အခေါင်းအပေါက်ရှိသည့် သစ်ပင်ကြီးကို သူပတ်ပြေးသည်။ ချောင်းစပ်မှ လေပြင်းတစ်ချက် ဝှေ့တိုက်လာ၍ သူ့အမွေးများ လွင့်လန်သွားသည်။ ရွှံနှင့်သဲ မသဲကွဲသည့် မြေပြင်ပေါ်ဝယ် ခြေရာတွေက တစ်ကွက်ပြီးတစ်ကွက်။ သေးသေး ကြီးကြီး။ တိမ်တိမ် နက်နက်။ ရေသောက်ဆင်းကြမည့် သမင်၊ ဒရယ်၊ နွားနောက်၊ ယုန်၊ ကြောင်တို့၏ ခြေရာများ ဖြစ်ကြသည်။ သစ်ပင်၏ကြီးမားသော အမြစ်ကြီးများက မြေပေါ်မှာ ထင်းထင်းပေါ်ကာ ချောင်းထဲကျဆင်းနေ၏။

အမြစ်ကြီးပေါ် သူခုန်တက်သည်။ ပင်ခြေမှ ချောင်းစပ်ထိ ရှည်သည့်အမြစ်သည် သူ့ပြေးလမ်းအတွက် အဖုအထစ်ဖြစ်နေသည်။

ရှေ့ကိုတစ်ချက် ဆက်အခုန် အရိုးတစ်ချောင်းပေါ် ရောက်သွား၏။ ဖွေးဖွေး မာမာချောချော။ အညှီနံ့ အသားနံ့လည်း စွဲနေသည်။ အရိုး၏ အဆစ်အဖုကို သူလှုပ်ကြည့်လိုက်စဉ်မှာပင် ဒေါက်ဒေါက် ဒုန်းဒုန်းဝုန်းဝုန်း မြည်သွား၍ လန့်ဖျပ်ကာ ခုန်လိုက်မိသည်။

သစ်ပင်ပေါ်မှာအရိုးတွေ. .အရိုးတွေ။

စပါးကြီး မြွေကြီးတစ်ကောင် သစ်ကိုင်းကိုပတ်ကာ လိမ်ကာ အောက်ဖက်သို့ ဇောက်ထိုးဆွဲလျက် ပါးစပ်ဟပြီး အရိုးတွေကို အထွေးလိုက် အခွေလိုက်အန်ချသည်။

ခြေရိုး၊ ဒူးရိုး၊ နံရိုး၊ ဦးခေါင်းခွံနှင့် ဦးချိုများ မြေပြင်ပေါ်တွင် တစ်ခုပေါ်တစ်ခု ကျကာပုံသွား၏။ သည်လောက်ကြီးသည့် မြွေကြီးကို တစ်ခါမှမမြင်ဘူး။ အကောင်ကြီးသလို ဦးနှောက်လည်း ကြီးလိမ့်မည်။ ဖောက်စားလိုက်ရလျင် တော်တော်အရသာရှိမည်ဟု တွေးရင်း သစ်ပင်ပေါ်ကို သူစောင့် မျှော်ကြည့်နေမိသည်။

မြွေကြီးသည်အသားကိုယူ၊ အရိုးကိုထုတ်၊ သွေးကိုစုပ်ပြီး သစ်ကိုင်းပေါ် မေးတင်ကာ ဇိမ်ခံရန်ငြိမ်သက်နေ၏။ သူမော့ကြည့်ရင်း ဦးနှောက် ဖောက်စားချင်လာသည်။ မြွေမျိုးစုံတို့၏ ဦးနှောက်ကို တစ်လုံးပြီးတစ်လုံး ဖောက်စားခဲ့သော်လည်း အခုလောက်ကြီးသည့် စပါးကြီးမြွေမျိုး၏ ဦးနှောက်ကိုမူ မစားဖူးသေး။ ထို့ကြောင့် သွားရည်ယိုလာကာ အပင်ပေါ်ကို ပြေးတက်လိုက်သည်။ ခုန်လိုက်၊ ကပ်လိုက်သော်လည်း အထက်ကိုမရောက်။ သူ့ခြေတစ်ဖက် နာသွား၍ကြွမလာ။ လှည့်ကြည့်လိုက်တော့ သူလိုပါးစပ် ချွန်ချွန်နှင့်‘မြွေပါ’ တစ်ကောင်သည် သူ့ခြေထောက်ကို ကိုက်ဆွဲနေသည်။ သူဒေါသထွက်၍ ထိုမြွေပါကို လက်ဖြင့် ပုတ်ရိုက်လိုက်၏။ သို့သော်လည်း မရိုက်မိ။ ထို‘မြွေပါ’သည် သူ့ခြေကို လွှတ်ချကာ သွက်သွက်လက်လက် ရှောင်တိမ်းသည်။ ထို့နောက်ခါးထောက်ကာ ရယ်ရင်း သူ့ကို ပြော၏။

“ရန်သူမဟုတ်ပါဘူး၊ တစ်ကောင်နဲ့တစ်ကောင်က မိတ်ဆွေတွေ၊ အမျိုးတွေ၊ ဆင်ခြင် စူးစမ်းကြည့်ပါဦး။ ခင်ဗျားလည်း မြွေပါပါ၊ ကျုပ်လည်း မြွေပါပါ”

“ဒါဆိုဘာလို့ ကျုပ်ကို ကိုက်တာ ဆွဲတာလဲ”

“ခင်ဗျား ဟိုစပါးကြီးမြွေကြီးရဲ့ ဦးနှောက်ကိုစားဖို့ အပင်ပေါ် တက်မလို့လား”

“ဟုတ်တယ်လေ၊ ခင်ဗျားလည်း စားချင်ရင် ကိုယ့်ဘာသာ တက်စားပေါ့။ ဘာလို့ ကျုပ်ကို ဆွဲချရတာလဲ။ လျင်သူ စားကြေးပဲလေ။”

သူအော်ဟစ်၍ ပြောလိုက်မိသည်။

“သိပ်မလောပါနဲ့။ ခင်ဗျားလို ငတ်ကြီးကျပြီး ဒီအပင်ပေါ် ပြေးတက်သွားတဲ့ မြွေပါတွေ အများကြီးပဲ။ ဒါပေမယ့် တစ်ကောင်မှ ပြန်ဆင်း မလာကြတော့ဘူး။ စပါးကြီးမြွေကြီးရဲ့ ညှို့မျက်ဝန်းထဲမှာ ဦးနှောက် စားချင်စိတ်ပျောက်သွားပြီး တစ်ကိုယ်လုံး စပါးကြီးမြွေကြီးရဲ့ ပါးစပ်ထဲ ကျွမ်းထိုး ၀င်သွားကြတယ်။ ဒီစပါးကြီးမြွေကြီးက မြွေပါ ဆယ်ကောင်ကျော်လောက်ကို မျိုပြီးပြီဗျ”

သူကြက်သီးထသွားကာ မိတ်ဆွေမြွေပါကို ပြူးပြူးပြဲပြဲ ကြည့်လိုက်မိသည်။ သူ့ထက် ကိုယ်လုံးကိုယ်ထည် တောင့်တင်းပြီး ပါးစပ်ချွန်၏။ မျက်လုံးတွေက အရောင်လက်လျက် ပြုံးစစနှင့်။ သဘောကောင်းသော မြွေပါတစ်ကောင်ပင်ဖြစ်သည်။ ထိုမိတ်ဆွေမြွေပါက သူ့ကို စကားတွေဆက်ပြောသည်။

“မြွေတွေထဲမှာတော့စပါးကြီးမြွေကဖမ်းရတာအခက်ဆုံးပဲ။သူ့မှာညှို့ဓာတ်ရှိတော့ သူ့မျက်ဝန်းနဲ့ငြိသွားရင် ကိုယ့်စိတ်က အလိုလိုညှိုးသွားပြီး သူ့ကိုကိုက်ချင်တဲ့စိတ်တွေပျောက်သွားတဲ့အပြင်ကိုယ်ကသူ့ အစာတောင်ဖြစ်သွားရတယ်။မြွေကိုစားတဲ့မြွေပါဟာ စပါးကြီးမြွေနဲ့တွေ့မှမြွေအစာဖြစ်သွားရတယ်။ ဒီတော့ ဆန္ဒမစောပါနဲ့ဗျာ၊ ကျုပ်လည်းဦးနှောက်ကိုဖောက်စားဖို့စောင့်ကြည့်နေတာလေးရက်ရှိသွားပြီ။ လွယ်လွယ်နဲ့တော့ မရဘူးဗျ ။ခေါင်းအေးအေးထားပြီး ကြံရမယ်။”

မိတ်ဆွေမြွေပါကဆက်ပြောပြန်သည်။

“အင်း. .စားရပြီဆိုရင်တော့ ဦးနှောက်ရော. .သည်းခြေရော အ၀စားရမယ်။သည်းခြေကတော့တော်တော် ခါးတယ်ပြောကြတာပဲ။ ဒါပေမယ့် ဆေးဖက်ဝင်တယ်တဲ့။”

မိတ်ဆွေမြွေပါသည် ဗဟုသုတနှင့် အတွေ့အကြုံ ရှိပုံရ၏။ ဘာပဲဖြစ်ဖြစ်သည်နေရာကို ကိုယ့်ထက် အရင်ရောက်နှင့်နေသူ၊ ကိုယ့်ထက် အကောင်ကြီးသူဖြစ်၍ သူ့ကိုကျော်မလုပ်သင့်ဟု ယူဆကာခေါင်းညိတ်ပြီး ပြုံးလိုက်၏။

“ဟုတ်တယ်ဗျာ၊ ခင်ဗျားပြောတာမှန်တယ်။ ဒီမြွေကြီးက သမင်၊ ဒရယ်လို အကောင်ကြီးတွေကိုတောင် ရအောင်မျိုထားတာ။ သူ့ပါးစပ်နဲ့သူ့ ညှို့ဓာတ်သိပ်ကြီးမယ် ဆိုတာဟောဒီ အရိုးပုံကြီးကို ကြည့်ပြီး သိနိုင်တယ်။ အဲ့ဒီတော့ သူ့ဦးနှောက်ကိုဖောက်စားဖို့ ခင်ဗျားနဲ့ကျုပ် ဘယ်လိုလုပ်ကြမလဲ”

မိတ်ဆွေမြွေပါသည် သစ်မြစ်ကြီးကိုလက်ဖြင့်ထောက်ရင်း မျက်တောင်နှစ်ချက်သုံးချက် ခတ်ပြီးဆွစ်..ဆွစ်..ဆွစ်ဟုအော်ကာ အသံစူးစူးနှင့် သူ့ကိုပြောပြသည်။ “နှစ်ကောင်ပေါင်းရင် ဘာခံနိုင်မလဲဗျာ။ ဒါပေမယ့်နည်းစနစ်တော့ လိုတာပေါ့။ ဒီစပါးကြီးမြွေကြီးကိုရင်ဆိုင်ရင် ခင်ဗျားနဲ့ကျုပ် တွဲကပ်နေလို့ မရဘူး။ရှေ့တစ်ကောင်နောက်တစ်ကောင် ခပ်ခွာခွာနေရမယ်။ သူညှို့မယ်ဆိုရင်ရှေ့ကကောင်ကိုပဲ ညှို့နိုင်မယ်။ အဲဒီကျရင်နောက်ကကောင်က ခုန်ပြီးေ ကျာ်ပြီး သူ့ခေါင်းကို ၀င်အုပ်ရမယ်။ သူ့ခေါင်းပေါ်တစ်ကောင်ရောက်တာနဲ့ ကျန်တဲ့ကောင်လည်း ၀င်လုံးလို့ ရသွားပြီပေါ့”

မိတ်ဆွေမြွေပါပြောသည့် တိုက်နည်း၊ ကိုက်နည်းကို သူသဘောပေါက်သွားသည်။ သို့သော်လည်းစောဒက တက်စရာ စဉ်းစားစရာတော့ ရှိနေသေး၏။ “ခင်ဗျားပြောတဲ့နည်းက သိပ်ကောင်းပါတယ်။ ဒါပေမယ့်ရှေ့ကနေမယ့်မြွေပါက စတေးရမှာပေါ့။ တကယ်လို့နောက်ကနေတဲ့ကောင်က အစွမ်းအစ မရှိရင်ခေါင်းပေါ်ရောက်အောင် မခုန်နိုင်ရင်ရှေ့ကကောင်ကတော့ သူ့ညှို့ဓာတ်နဲ့ သူ့ပါးစပ်ထဲရောက်သွားမှာပဲ။”

“အဲ့ဒီအတွက်မပူပါနဲ့။ ကျုပ်ကရှေ့ကနေပြီး ရင်းပါ့မယ်ဗျာ။ ခင်းဗျားနောက်ကလိုက်ခဲ့ပါ။ ဒါပေမယ့်ခပ်နီးနီးရောက်လို့ သူ့ခေါင်းပေါ် ခုန်တက်လို့ရပြီးဆိုတာနဲ့ ချက်ချင်းအားသုံးပြီး ခုန်နော်။ ပြီးရင်အသေကိုက်လိုက်။ ကျုပ်ကတော့ရှေ့ကနေတဲ့အတွက် သူ့ညှို့အားထဲမျောနေမှာပဲ။ ခင်ဗျားဦးနှောက်ဖောက်လို့ရတဲ့ အချိန်ကျမှပဲမျောနေတဲ့ ကျုပ်ကိုအော်ပြီး သတိပေးပေါ့။ ပြီးရင် ဦးနှောက် တစ်ဝက် ကျုပ်ကို ခွဲကျွေး”

မိတ်ဆွေမြွေပါ၏ စကားကို ကြားရသည့်အခါ ‘အမြော်အမြင် ရှိလိုက်လေခြင်း’ ဟုချီးကျူးမိသည်။ ထို့နောက် ‘အိုကေ’ဟုဆိုကာ “လုပ်ကြစို့”ဟု လှုံဆော်လိုက်သည်။ မိတ်ဆွေမြွေပါသည် ကျွမ်းတစ်ပတ်လှိမ့်၍ သစ်ပင်ပေါ်ကို ကပ်တက်လိုက်သည်။ သူလည်းနောက်မှ လိုက်တက်ရ၏။

ရှေ့တစ်ကောင်. .နောက်တစ်ကောင်။မြွေပါနှစ်ကောင် သစ်ပင်ပေါ်တက်လာသည်ကို စပါးကြီးမြွေကြီးတွေ့သွားသည့် အခါအမြီးတုပ်တုပ်ကြီးကို တဗျန်းဗျန်းရမ်းကာနောက်ပြန်လှည့်ကြည့်သည်။ သစ်ကိုင်းအထက်၌ စပါးကြီးမြွေကြီးသည် ရစ်နေလိမ်နေသည့် ကိုယ်ကို လှည့်ကာရွေ့ကာဆန့်သည်။ သစ်ကိုင်းအရင်းပိုင်းကိုခေါင်းထိုးလာ၍ အမြီးက သစ်ကိုင်းအဖျားဆီ တိုးဆုပ်နေသည်။ မိတ်ဆွေမြွေပါသည် သတ္တိကောင်းကောင်းနှင့် သစ်ကိုင်း အရင်းနေရာကိုခုန်တက်သည်။ စပါးကြီးမြွေကြီး၏ မျက်စိပြူးပြူးဝိုင်းဝိုင်းကြီးသည် ရီဝေလာ၏။ မိတ်ဆွေမြွေပါကရှေ့ကို ဆက်တိုးသည်။ မျက်လုံးတွေ အရောင်လက်လာသည်။ သူ့နောက်မှ လိုက်သွား၏။ သစ်ကိုင်းက တုပ်တုပ် ရှည်ရှည်ကြီး ဖြစ်သောကြောင့်တော်တော်လျှောက်ရသည်။ ပြေးလို့တော့ မဖြစ်။ ခုန်အုပ်ရန်ဝေးသေးသောကြောင့် မိတ်ဆွေမြွေပါနောက်မှ တရွေ့ရွေ့ လိုက်နေရသည်။ စပါးကြီးမြွေကြီး၏ မျက်လုံးမျက်ဆံများကို တကယ်မြင်ရတော့ ကြည်ကြည်ရွှင်ရွှင် ၀င်းဝင်းပပ ရှိလှသည်မို့ သူ့ရင်ထဲတွင် ရန်ပြုလိုစိတ်များပျောက်ရှသွားသည်။ အရောင်တွေက စိုစိုလင်းလင်း။ မျက်ဆံနက်နက်ထဲမှ အကွင်းလိုက် ဖြန့်ထွက်လာသည့် အ၀ါရောင် ကွင်းဝိုင်းကြီးသည် အလွန်လှ၏။သေချာကြည့်လျှင် မျက်လုံးနှင့်မတူ။ သစ်ခေါင်းကြီးထဲမှ အရောင်တွေ ထွက်လာသည်နှင့် တူသည်။ ထိုသစ်ခေါင်းကြီးထဲတွင် ဘာတွေရှိလေမလဲ ဆိုသည့်သိချင်စိတ်ကလည်း ရိုးရိုးရွရွ ဖြစ်လာသည်။ ထို့ကြောင့်ရှေ့ရှိ မိတ်ဆွေမြွေပါကိုကျော်တက်ကာ ဆက်လျှောက်လိုက်သည်။

“ဒီသစ်ခေါင်းထဲကို ငါအရင်ပြေးဝင် ရမယ်ကွ” သူ့စိတ်ထဲကကြွေးကြော်သံကို မိတ်ဆွေမြွေပါ ကြားသွားမလားလို့ တွေးမိရင်းရှေ့ကို သူဆက်သွား၏ ။နောက်တွင် ကျန်ရစ်ခဲ့သော မိတ်ဆွေမြွေပါကိုပင် လှည့်မကြည့်တော့ဘဲခြေလှမ်းတွေကို အရှိန်မြှင့်နေမိသည်။ တကယ်တမ်းလျှောက်တော့လည်း သစ်ခေါင်းပေါက်ထဲရောက်ဖို့ အတော်ဝေးသေးသည်။ အရောင်တွေ ကတော့ ရှေ့မှာဖြာနေ၏။ သစ်ခေါင်းပေါက်မှာ နီးလေမြင့်လေ၊ နီးလေမြင့်လေဖြစ်နေပြီး သစ်ခေါင်းပေါက်၏အောက်မှမှောင်မှောင် မည်းမည်း မြင်ကွင်းကြီးမှာ ကျယ်လာသည်။ သူကတော့ရှေ့ကိုသာ ဆက်သွားချင်နေသည်။နောက်ကို လှည့်မကြည့်ဘဲရှေ့ကိုသာ သူဆက်သွားနေမိသည်။

“၀ုန်း..” “ဗုန်း..” “ဂီး..”

အိပ်မက်မှ လန့်နိုး သွားသလိုမျိုး။ သူ။။ ထိပ်ထိပ်ပျာပျာဖြစ်သွားပြီး တစ်ကိုယ်လုံးရှိ အမွေးများပင်ထောင်ထလာသည် ။ရှေ့တည့်တည့်ရှိ ၀ိုင်းဝိုင်းလင်းလင်းကြီးသည် သစ်ခေါင်းမဟုတ်။ စပါးကြီးမြွေကြီး၏ မျက်လုံးဖြစ်နေသည်ကို သိလိုက်ရချိန်တွင် အညှို့ခံလိုက်ရမှန်း သိသွားသည်။

“ဖလူး..ဖလူး..”

သွေးတွေခေါင်းမှပန်းထွက်ကာ သူ့ကိုလာစင်သည်။ စပါးကြီးမြွေကြီး၏ခေါင်းမှာပွင့်နေ၏။ အထက်တွင် မိတ်ဆွေမြွေပါရောက်နေသည်။ သူအညှို့ခံနေရသောကြောင့် ထိုမြွေပါခေါင်းပေါ်ရောက်နေသည်ကိုပင် မသိလိုက်ပေ။ ခဏလေး အတွင်းမှာပင် စပါးကြီးမြွေကြီးသည် သစ်ကိုင်းပေါ်မှာ ပတ်မထားနိုင်တော့ဘဲလျောကျသွားသည်။ မိတ်ဆွေမြွေပါကတော့ ဦးနှောက်တစ်ခုလုံးကို တစ်ကောင်တည်း အ၀စားလိုက်ရသည့်အတွက် အီသွားပုံရသည်။ လျောကျ အသက်ထွက်သွားသော စပါးကြီးမြွေကြီးကို တစ်ချက်ငုံ့ကြည့်ပြီးနောက် သူ့ကို ပြုံးပြသည်။

“ဆောရီးပဲဗျာ။ ဗျူဟာနည်းနည်း လွဲသွားတယ်။ ကျုပ်ကရှေ့မှာနေပေမယ့် မျက်စိမှိတ်ထားတာဗျ။ ဒီမြွေကြီးကရဲ့ မျက်လုံးကို မကြည့်ဘူး။ အဲ့ဒီတော့မြွေကြီးရဲ့ ညှို့ဓာတ်ကနောက်မှာနေတဲ့ ခင်ဗျားဆီရောက်သွားတယ်လေ။ ခင်ဗျား မျက်လုံးနဲ့ မြွေကြီးရဲ့မျက်လုံး ဆုံသွားချိန်မှာ ခင်ဗျား အညှို့ခံရတော့တာပဲ။ ကျုပ်ကိုကျော်ပြီးမြွေကြီးအနားကို ကပ်သွားတယ်လေ။ ပါးစပ်ဟပြီး စားမယ်အလုပ်မှာ ကျုပ်ခုန်အုပ်ပြီးခေါင်းကိုဖောက်လိုက်တယ်။ အဲ. .ဦးနှောက်ကိုတွေ့တဲ့ အချိန်ကျတော့ ခင်ဗျားကို ခွဲကျွေးဖို့ မေ့သွားတယ်ဗျာ။ စားကောင်ကောင်းနဲ့ စားလိုက်တာ တစ်လုံးလုံး ကုန်သွားပါရောလား”

မိတ်ဆွေမြွေပါကို ကြည့်ပြီး သူစိတ်ညစ်သွား၏။ “ဦးနှောက် မရှိတော့ပေမယ့် သည်းခြေ ရှိပါသေးတယ်ဗျ။ အဲ့ဒီသည်းခြေက ခါးပေမယ့်ဆေးဖက်ဝင်တယ်နော်”

သည်တစ်ခါတော့ သူတော်တော်ဒေါသ ထွက်သွားသည်။ “ကျုပ်ကရောဂါသည်မှ မဟုတ်တာ၊ ဘာလို့ သည်းခြေစားရမှာလဲ။ ဆိမ့်ဆိမ့် အိအိ ဦးနှောက်ပဲ စားမှာပေါ့။ ကျုပ်ကို အရူးမလုပ်ပါနဲ့”

“ဟား..ဟား။ အ သူခံ လည်သူ စားပေါ့။ ကဲ.. ကဲရေချိုးဆင်းလိုက်ဦးမယ်”

ဧရာမ သစ်ကိုင်းကြီးပေါ်ရှိမြွေပါနှစ်ကောင်အနက် တစ်ကောင်သည်နောက်ပြန် ကျွမ်းထိုးလျက် ခပ်လှမ်းလှမ်းမှချောင်းထဲ ခုန်ချလိုက်လေသည်။

“ဗွမ်း..”

မျက်ဝန်းထဲတွင် လှိုင်းဂယက် ထသွားသည်။ အကွင်းလိုက်၊ အကွက်လိုက် ။ခေါင်းပွင့်သေဆုံးနေသော စပါးကြီးမြွေကြီး၏ မျက်လုံးထဲတွင် အိပ်ငိုက်နေသည့်မြွေပါ ပုံရိပ်တစ်ခု စွဲကျန်လျက်။

“ဆွစ်..ဆွစ်..ဆွစ်..” ။ ။

ခိုင်ထူးသစ် {ပန်းအလင်္ကာမဂ္ဂဇင်း။၂၀၀၉}

ရိုးရာနတ်ကိုးကွယ်မှု


ယုံကြည်ကိုးကွယ်မှုအကြောင်းလေ့လာခဲ့သည့်မနုဿဗေဒပညာရှင်အက်ဒွပ်တိုင်လာ၏အယူအဆမှာဤသို့ဖြစ်သည်။လူသားများသည်သူတို့၏နေ့စဉ်ဘ၀အတွေ့အကြုံအပေါ်အခြေခံပြီးပတ်ဝန်းကျင်ရှိအခြေအနေများနှင့်ဖြစ်ရပ်များကို နားလည်အောင်ကြိုးစားကြသည်။သို့ရာတွင်ဖြေရှင်းမရသည့် ဖြစ်ရပ်များ၊နားမလည်နိုင်သည့်ဖြစ်ရပ်များရှိခဲ့မည်ဖြစ်သည်။

အတူနေလူသားတစ်ဦးကွယ်လွန်သွားမှု၊အိမ်မက်မက်မှု၊မိန်းမောနေသည့်အခြေအနေများသည်သူတို့အဖို့နားလည်ရန်များစွာခက်ခဲမည်ဖြစ်သည်။ အိပ်မက်မက်နေရာမှနိုးလာချိန်၊မိန်မောနေရာမှပုံမှန်ပြန်ဖြစ်လာချိန်တွင်သူ့စိတ်အတွင်းပေါ်ပေါက်ခဲ့သည့် ပုံရိပ်များကိုအမှတ်ရနေမည်ဖြစ်သည်။

ထိုဖြစ်ရပ်ကိုဖြေရှင်းရန်ကြိုးစားရာမှရှေးဟောင်းလူသားများတွင်အယူအဆတစ်ရပ်ပေါ်ပေါက်လာနိုင်သည်။လူသားများတွင်ရုပ်ခန္ဓာကိုယ်သာမကမမြင်ရသည့်သီးခြားအရာတစ်ခုလည်းရှိလိမ့်မည်။ထိုအရာသည်အိပ်စက်နေချိန်မိန်မောနေချိန်တွင်တက်ကြွစွာလှုပ်ရှားနေလိမ့်မည်။ထိုယုံကြည်မှုကိုလက်တင်စကားဖြင့် anima (၀ိညာဉ်)မှ animism (၀ိညာဉ်ရှိသည်ဟု ယူဆသည့် အယူအဆ)ဖြစ်လာသည်ဟု မနုဿဗေဒပညာရှင် တိုင်လာကခေါ်ဆိုခဲ့သည်။

ခန္ဓာကိုယ်မှဝိညာဉ်ထွက်သွားသည့်အခါလူသားသည်ကွယ်လွန်သေဆုံးသွားတော့သည်။အိပ်ပျော်ချိန်(သို့မဟုတ်)မိန်မောချိန်တွင် ၀ိညာဉ်၏လုပ်ဆောင်မှုကြောင့် အိပ်မက်များမက်ရသည်ဟု ယုံကြည်ကြသည်။

ထိုအယူအဆအရသစ်ပင်၊မြစ်၊ချောင်း၊အင်းအိုင်၊တော၊ကျောက်တုံးစသည့်သဘာဝပစ္စည်းများတွင်ဝိညာဉ်ရှိသည်။ဟူသောအယူအဆ ရှေးဟောင်းလူသားများတွင်ဖြစ်ပေါ်လာခဲ့ပေမည်။ မြန်မာတို့၏အပြင် ၃၇ မင်းအပေါ်ယုံကြည်မှုသည်ဝိညာဉ်ယုံကြည်မှုအပေါ်အခြေခံထားသည်။မြို့ ရွာအိုးအိမ်မြစ်ချောင်း စသည်တို့ တွင် ၀ိညာဉ်ရှိသည်ဟူသောအယူအဆမှ သက်မဲ့ကိုသက်ရှိအသွင်ဆောင်ကာ လူပုဂ္ဂိုလ်အဖြစ် ပသကြသည်။ အမေရေရင်၊ကိုးရေရင်၊နံကရိုင်းမယ်တော်၊ဦးရှင်ကြီး၊ ရွာတော်ရင်၊ရှင်ဖြူရှင်ညို၊ မယ်ဝဏ္ဏ၊ အမေဂျမ်းစသည့် နတ်များသည် သဘာဝအသွင်ကို လူ့အသွင်ဆောင်ထားသည့် ၀ိညာဉ်များဖြစ်သည်။

နှစ်ပေါင်းများစွာကပင် ထိုအယူအဆသည် ရှေးဟောင်းလူသားများတွင်ရှိနေခဲ့သည်။စာရေးတတ်ဖတ်တတ်မရှိသော် လည်း တစ်ဦးမှတစ်ဦးသို့ နှုတ်ဖြင့်ပြောပြခဲ့သည်။ မျိုးဆက်တစ်ခုမှ တစ်ခုသို့လက်ဆင့်ကမ်းခဲ့သည်။ “ရီး”သည်ရှေးဟောင်းအီဂျစ်တို့ ၏ နေနတ်ဘုရားဖြစ်သည်။ “ဇု”သည်ရှေးဟောင်းဂရိတို့၏ နတ်ဘုရင်ဖြစ်သည်။ ဟက်ပိုက်တပ်စ်သည် ပန်းပဲနတ်ဘုရား၊ဦးတင့်တယ်သည် မြန်မာတို့၏ ပန်းပဲနတ်၊မြို့စောင့်နတ်၊အိမ်စောင့်နတ်ဖြစ်သည်။ ဦးရှင်ကြီးသည် ပင်လယ်နတ်ဖြစ်သည်။သုံးပန်လှသည် အလှအပကြိုက်သည့် အမျိုးသမီးများပသသည့်နတ်၊ မနှဲမိသည် ကလေးများနှင့်သက်ဆိုင်သည့် နတ်ဖြစ်သည်။

နတ်ဟူသောဝေါဟာရသည် ရိုးရာနတ်ယုံကြည်သူများတွင်ရှိခဲ့ဟန်မတူ။ယခုလည်းအသုံးမပြုကြ။အရှင်ကြီး၊အရှင်မ၊ဘိုးဘိုး ကြီးမင်း စသည့်ဝေါဟာရများကိုသာသုံးစွဲကြသည်။နတ်တစ်ဦးတွင် နာမည်ရှိလျှင်လည်းအသုံးမပြု (သို့မဟုတ်) အသုံးမပြုဝံ့။ နာမည်တပ်ပြီးခေါ်ဝေါ်ခြင်းသည် အရိုအသေမပေးရာရောက်သည်ဟု နတ်ယုံကြည်သူတို့ ယူဆကြသည်။

မြန်မာပြည်သို့ ဗုဒ္ဓဘာသာရောက်ပြီးသည့်နောက်မှ၊ နတ် (သို့မဟုတ်)နတ်စိမ်းဟူသည့်ဝေါဟာရများပေါ်ပေါက်လာဟန် တူသည်။ဗုဒ္ဓဘာသာကိုယုံကြည်သူများက သမာဒေ၀နတ်နှင့် ရိုးရာနတ်များကိုကွဲပြားမှုရှိစေရန် အတွင်း ၃၇ မင်း၊အပြင် ၃၇မင်းဟူ၍ခွဲကြခဲ့ဟန်တူသည်။ သမာဒေ၀သည် နတ်ကောင်းနတ်မြတ်ဖြစ်သည်။ရိုးရာနတ်များသည် ဗုဒ္ဓဘာသာ၏ပြင်ပတွင် ရှိသောနတ်များဖြစ်သည်။ ထို့ကြောင့်အပြင် ၃၇ မင်းဟုခေါ်ခဲ့ဟန်တူသည်။ ထိုနတ်များမှာနတ်စိမ်းများဖြစ်သည်။ မြန်မာစကား ‘စိမ်း’ ဟူသောဝေါဟာရသည် “မမှည့်သေး” ၊ အချိန်မတိုင်သေး” ဟုအဓိပ္ပာယ်ရောက်သည်။

အကြောင်းတစ်ခုကြောင့်ရုတ်တရက်ကွယ်လွန်သူကိုရည်ညွှန်းပြောဆိုသည်။အပြင်၃၇မင်းနတ်များသည်အဘယ်ကြောင့်နတ်စိမ်းများဖြစ်ရသနည်း။ရိုးရာနတ်ယုံကြသည်သူများက နတ်စိမ်း(သို့မဟုတ်)နတ်ဆိုးဟူ၍ ယူဆ၀ံ့ ကြမည်မဟုတ်။ မိဘအစဉ်အဆက်ပသလာခဲ့သည့်အတွက်မိဆိုင်ဖဆိုင်အနေနှင့်လည်းကောင်း၊စီးပွားရေး၊ကျန်းမာရေးအတွက်သော်လည်းကောင်း ကန်တော့ပွဲထိုးကာတင်မြှောက်ခြင်း၊ ရေစင်ဖိုးဆက်ခြင်း၊ ကနားပေးခြင်းများပြုလုပ်ကြသည်။

ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူများက ထိုနတ်များကိုနတ်စိမ်းဟု အမည်တပ်ခဲ့ခြင်းဖြစ်နိုင်သည်။နတ်စာရင်ကို အရေအတွက် ၃၇ဦးသတ်မှတ်ထားခြင်းကပင်ဗုဒ္ဓဘာသာအငွေ့အသက်ပါနေသည်ကိုသိနိုင်သည်။ရိုးရာနတ်အရေအတွက်ကိုမည်သူမျှအတိအကျမသိ၊နတ် ၃၇၀ ဦးပင်ရှိနိုင်သည်။

နတ်သမိုင်းကိုပေထက်အက္ခရာမတင်မီကပင် ပါးစပ်ရာဇ၀င်အဖြစ်ပြောဆိုခဲ့ကြသည်။လက်ရှိသမိုင်းနှင့်အနည်းငယ် ခြားနားမှုရှိနိုင်သည်။ ခရစ် ၁၇၀၀ရောက်မှညောင်ရမ်းခေတ်စာဆို ၀န်ကြီးပဒေသရာဇာက နတ်ချင်းများ၊နတ်သံများရေးဖွဲ့ ပြီး ပေထက်အက္ခရာတင်ခဲ့ရာမှ မှတ်တမ်းတင်ပြီးဖြစ်လာသည်။အချိန်များစွာမကြာလှသေး လွန်ခဲ့သောနှစ် ၃၀၀ကျော်ကဖြစ်ပေ သည်။

သမာဒေ၀များနှင့်ရိုးရာနတ်များကို ကွဲကွဲပြားပြားရှိစေရန် နတ်စိမ်းများဟုပြောကြသည်။ ဘုရင်၏ကွပ်မျက်ခံရမှု၊ ကျားစားခံရမှု၊ ရုတ်တရက်ရင်ကွဲနာကျပြီး သေဆုံးမှုတို့ကြောင့်ကွယ်လွန်ခါနီးအချိန်ဘုရားရှင်အားနှလုံးမသွင်းနိုင်၊ မိမိပြုခဲ့ သည့်ကောင်းမှုများကိုလည်းပြန်လည်စဉ်းစားချိန်မရကြ။ ထို့ကြောင့်အယူတိမ်းကာနတ်စိမ်းဖြစ်လာကြရသည်ဟုပြောသည်။

မည်သည့်လူမျိုးစုမှာမဆို ပုံပြောကောင်းသူနှင့် ပုံနားထောင်လိုသူအမြောက်အမြားရှိသည်။ ရှေးအခါကရွာတော်ရင်နတ် သို့မဟုတ် မြင်းဖြူရှင်အကြောင်း ဗမာများပြောခဲ့ကြမည်ဖြစ်သည်။ ထိုနတ်သည်ဗမာရွာကို ကိုယ်စားပြုသည့် ရွာစောင့်နတ် ဖြစ်သည်။ ဗမာလူမျိုးစုတစ်နေရာတည်း စုစုစည်းစည်းနေထိုင်ခဲ့စဉ်က တည်ရှိခဲ့သည့် ယုံကြည်မှုတစ်ရပ်ဖြစ်ပေလိမ့်မည်။ နတ်သမိုင်းကို ဒေသအမျိုးမျိုးရှိမြန်မာများပြောဆိုကြရာမှ နတ်သမိုင်း ၄ မျိုးဖြစ်လာသည်။ယမားမြင်းဖြူရှင်၊ ကနီမြင်းဖြူရှင်၊ ရွှေပြည့် ရှင်မြင်းဖြူရှင်၊ ရွှေစစ်သည်မြင်းဖြူရှင်ဟူ၍ မူကွဲ ၄ မျိုးရှိသည်။ထိုနည်းတူ ပခန်းဦးမင်းကျော်၊ အမေရေရင်စသည့် နတ်များတွင်လည်း သမိုင်း နှစ်မျိုး၊သုံးမျိုးရှိနေကြသည်။ နတ်သမိုင်းတွင်ထည့်သွင်းရေးသားထားသည် မရှိသော်လည်း၊နတ်ကိုးကွယ်သူတို့အတွင်း ယုံကြည်လက်ခံထားသည့် နတ်အတွင်းရေးဇာတ်လမ်းများရှိသည်။ မယုံကြသည်တို့ အတွက်ရွှင်မြူးဖွယ်အံ့ သြဖွယ်ဖြစ်သည်။ ယုံကြည်သူတို့ကမူအလေးအနက်ထားကြသည်။

အမေရေရင် မုံရွာမြို့အနောက်ဘက်မောင်းထောင်၊ ပုပ္ပါးအရပ်မှစမ်းရေထွက်များကို ကိုယ်စားပြုသေနတ်ဖြစ်သည်။ မြို့သာဖိုမင်းကြီးမှာ ပခုက္ကူနှင့်မျြိုင်ကြားက နတ်တစ်ပါးဖြစ်သည်။ အမေရေရင်သည် ၀က်ကလီစာများ၊၀မ်းတွင်းသားများကို အလွန်ကြိုက်သည်။သူ့ကိုပသသည့်အခါ ၀မ်းတွင်းသားများနှင့် ပသရသည်။မြို့သာဖိုမင်းကြီးကမူ သူ့အရပ်တွင်အကောင် ဆုံးဟင်းလျာများဖြစ်သည့် ပဒတ်သားနှင့် မန်ကျည်းရွက်ချဉ်ရည်ကိုနှစ်သက်သည်။

အမေရေရင်နှင့် မြို့သာဖိုးမင်းကြီး သမီးရည်းစာဖြစ်သည့်အခါ မြို့သာမင်းကြီးကသူ့ဒေသတွင် အကောင်းဆုံးဟင်းလျာ များနှင့်ထမင်းအုပ်ပို့ရသည်။အမေရေရင်ကသူ့ကြိုက်သည့်အစာမပါရကောင်းလားလို့အမျက်ရှပြီးဖိုးမင်းကြီးကိုပေါက်သည်။ ဖိုးမင်းကြီးခေါင်းစောင်းသွားသည်ဟူ၏။ပွဲတော်ကျင်းပသည့်အခါအသုံးပြုသည့်နတ်ကွန်းအဆောက်အဦးနှစ်ခုကို ဘေးချင်းမယှဉ်၊ ကျောပေးကာဆောက်ထားသည်ကို အံ့သြဖွယ်တွေ့ရသည်။

သခင်မ မဥသည် တောင်ပြုံးအရှေ့ဘက်မှတောင်စောင့်နတ်ဖြစ်သည်။ယက္ကန်းယက်သူတို့ပသသည့်နတ်တစ်ပါး ဖြစ်သည်။တောင်ပြုံးမင်းလေးက သူ့အချစ်ကိုလက်မခံသည့်အတွက် စီးတော်ကျားနှင့်တိုက်၍သတ်သည်။ မမဥကစိတ်ဆိုး မပြေ၊ တောင်ပြုံးနတ်ပွဲရာသီကျင်းပသည့်အခါ ၊မင်းညီနောင်ရေချိုးရန်မြစ်ဆိပ်သို့ဆင်းသည့်အခါ၊ လမ်းမှသူ့ကိုမမြင်
အောင်နတ်ကတော်များက နတ်ရုပ်ကိုအကာအကွယ်များပြုလုပ်ပေးကြသည်။ ပခန်းဦးမင်းကျော်၏အမေ ရွှေကိုင်းမယ်တော်သည် အလွန်ချောမောလှပသူဖြစ်သည်။ သားကမိခင်ကိုသဘောကျကာ သိမ်းပိုက်ရန်ကြံရွယ်သည်။မိခင်ကလက်မခံသဖြင့် သားကမိခင်၏မျက်လုံးနှစ်လုံးကိုထိုးဖောက်ပစ်လိုက်သည်။ ဦးမင်းကျော်၏အစ်ကို နရင်းမင်းကြီးမှာဦးမင်းကျော်၏ သတ်ဖြတ်မှုကိုခံရသည်။သူတို့နှစ်ဦးလုံးဦးမင်းကျော်ကို မကျေနပ်။ ပခန်းနတ်ပွဲရာသီကို မိခင်နှင့်အစ်ကိုဖြစ်သူသွားကြသော်လည်း ဦးမင်းကျော်နှင့်မျက်နှာချင်းမဆိုင်ဘဲနေသည်။

နတ်ကွန်း ပေါ်သို့ရွှေကိုင်းမယ်တော်တက်သည့်အခါ နောက်ပြန်တက်သည်။နတ်ရုပ်ကို ရှေ့သို့မလှည့်။နောက်သို့လည့်ပြီး နတ်က တော်ကနတ်ရုပ်ကိုခေါင်းပေးတင်ပြီးတက်ရသည်။နရင်းမင်းကြီးနတ်ရုပ်ကိုလည်း ဦးမင်းကျော်ကနှင့်မျက်နှာချင်းမဆိုင်ရလေ အောင်နောက်ပြန်ထားကြသည်။

သထုံနတ်ကွန်းသို့ သွားရောက်လေ့လာပါက ဦးဗျတ္တသည် မြို့စောင့်ဘိုးဘိုးကြီးဖြစ်သည်။နတ်ရုပ်ကို အဘိုးကြီးအသွင်ထု လုပ်ထားသည်။ဦးဗိုလ်ကြီးနှင့် ဦးဗိုလ်လေးမှာလူရွယ်များဖြစ်ကြသည်။ညီအစ်ကိုများဖြစ်ဟန်တူသည်။ ဦးဗိုလ်လေး၏နောက် အမည်တစ်ခုမှာ ဗျတ်ဝိဖြစ်သည်။သူသည် သင်္ဘော သို့မဟုတ် စက်လှေပိုင်ရှင်များပသသည့်နတ်ဖြစ်သည်။ဒေါ်အိုဇာမှာ လည်းနတ်တစ်ဦးဖြစ်သည်။

နတ်သမိုင်းတွင် ဦးဗျတ္တနှင့်ဦးဗျတ်ဝိကို ညီအစ်ကိုတော်စပ်ပေးပြီး အချစ်ဇာတ်လမ်းဖန်တီးပေးသည်။နောက်တစ်ဖန် သထုံကဦးဗျတ်ဝိကို ပုဂံသို့ပို့ကာတောင်ကလပ်စောင့် မယ်ဝဏ္ဏနှင့်ပေးစားသည်။
နတ်သမိုင်းသည် နတ်သမိုင်းသာဖြစ်သည်။ လူ့သမိုင်းဖြစ်ရပ်မှန်မဟုတ်။ ရှေ့နောက်မညီညွတ်မှုများ၊ မယုံကြည်နိုင်စရာ အချက်များပါရှိနေနိုင်သည်။နတ်သမိုင်းသည် နတ်ယုံကြည်တို့ကွန့်မြူးကာ ဖန်တီးထားမှုသာဖြစ်သည်။ တောင်မင်းရှင်ညိုနှင့် မြောက်မင်းရှင်ဖြူသမိုင်းကိုဒွတ္တဘောင်ခေတ်အခြေခံကာရေးသားသည်။အလွန်ရှေးကျသည့်နတ်ယုံကြည်မှုဟုသာဆိုနိုင်သည်။ဦးတင့်တယ်ကိုမူ သေလည်ကြောင်မင်းလက်ထက်အခြေခံသည်။တကောင်းဘုရင်သည်တကောင်းမြို့ကမဟုတ်။ ဦးတင့်တယ်ကိုသတ်သည့်ဘုရင်အာစိဏ္ဏသည်နတ်တစ်ပါးဖြစ်ပြီးမိုးနတ်တောင်နတ်ဖြစ်သည်ဟုပုပ္ပါးတစ်ဝိုက်မှ နတ်သမိုင်းစိတ်ဝင်စားသူများကဆိုသည်။ ဤနတ်အတွင်းရေးများသည် နတ်သမိုင်ြး့ပုစုရာတွင် ကြွင်းကျန်ရစ်သော နတ်ပါးစပ်ရာဇ၀င် များဖြစ်ပေသတည်း။
ခင်မောင်သန်း (စိတ်ပညာ)
...{ကွယ်လွန်သူ-စိတ်ပညာပါမောက္ခဆရာကြီး ဦးခင်မောင်သန်းရဲ့ စာအုပ်ပါ။ဆရာကြီးဟာ၁၉၆၄မှာ အမေရိကန်နိုင်ငံ
အင်ဒီယားနားပြည်နယ် ပါဒူးတက္ကသိုလ်ကနေ မဟာဘွဲ့ ရခဲ့ပြီး မန္တလေးတက္ကသိုလ်မှာ အမှုထမ်းခဲ့ပါတယ်။စိတ်ပညာကို
လူထုကြားရောက်အောင် ရေးသားဖြန့်ဝေနိုင်ခဲ့ပါတယ်။}
"စဉ်းစားတွေးခေါ်ရသော အလုပ်ကို လူတော်တော်များများက မလုပ်လိုကြ။ စဉ်းစားရန်မလိုသည့် အလုပ်ကိုသာ လုပ်လိုကြသည်။ တွေးခေါ်ရသော အလုပ်ကို လုပ်လိုသူတို့မှာ လူနည်းစုသာလျှင်ဖြစ်သည်" ဟု စာအုပ်အဖုံးမှာ ဖော်ပြထားပါတယ်။ အပိုင်း(က) အယူသီးမှု၊ အပိုင်း(ခ) နတ်အမျိုးမျိုး ၊ အပိုင်း(ဂ) နတ်တို့၏သဘာဝ ဆိုပြီး အပိုင်းသုံးပိုင်း ခွဲထားပါတယ်။အယူသီးမှု အပိုင်းတွင် "တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်လာသည့် အားဖြည့်မှု၊ သို့မဟုတ် ထီပေါက်မှု၊ စာမေးပွဲအောင်မှု၊ စီးပွားရေးကောင်းလာမှုတို့ ကြောင့် လူသားများတွင်လည်း အယူသီးသည့် အပြုအမူများ ပေါ်ပေါက်လာသည်။ ပေါ်ပေါက်လာရန် လွယ်ကူသော်လည်း ဖျောက်ဖျက်ပစ်ရန်ကား အလွန်ပင် ခဲယဉ်းပေသည်" ဟု စိတ်ပညာရှင်တစ်ဦး ဖြစ်သူ စကင်နာရဲ့ ခိုကလေးများနှင့် စမ်းသပ်နည်းကို ဖော်ပြထားပါတယ်။ "မသေချာ မရေရာသော အခြေအနေနှင့် ကြုံတွေ့ရသောအခါတွင် လူသားတို့သည် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။ ထိုစိုးရိမ်ပူပန်မှုသည် အယူသီးမှုကို ဖြစ်ပေါ်စေသည်" လို့ ဆိုထားတာက သဘာဝကျလှ ပါတယ်။

နတ်အမျိုးမျိုး အပိုင်းမှာတော့ တောင်စောင့်နတ်၊ မြို့စောင့်နတ်၊ အိမ်စောင့်နတ် ၊ မိဆိုင်ဖဆိုင်နတ်များအကြောင်းကို ဖော်ပြထားပါတယ်။ သုံးဆယ့်ခုနစ်မင်း မူကွဲများအကြောင်းကိုလည်း နှိုင်းယှဉ်ဖော်ပြထားပြီး နတ်ရာဇ၀င် မူကွဲများကိုလည်း ဖော်ပြထားပါတယ်။ နတ်တို့ သဘာဝ အပိုင်းမှာ အမေရေရင်၊ အမေဂျမ်း၊ ကုန်သည်ကြီး ဦးပိုးတူ၊ မြောင်းတူး ကိုကြီးကျော်၊ ပြည်တော်ကန် မောင်နှမ၊ တောင်ပြုံးမင်း ညီနောင် စတဲ့ မြန်မာပြည်ရှိ ထင်ရှားသော နတ်များ၊ ခေတ်ကာလပြောင်းလဲလာပုံနှင့် ယုံကြည်မှု ပသမှု များကို ဖော်ပြထားသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ မြန်မာ့နတ်သမိုင်းအပြင် ရှေးဟောင်းဂရိ နတ်ကိုးကွယ်မှု၊ ရှေးလူတို့၏ နတ်ပူဇော်မှုများကိုပါ နှိုင်းယှဉ်ဖော်ပြထားသောကြောင့် စိတ်ဝင်စားစရာ၊ ဗဟုသုတရစရာ ၊ အတွေးများ ဖြန့်ကျက်စေရာ စာအုပ်တစ်အုပ် ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

Friday, February 24, 2012

ရှေးခေတ်လူသားနှင့်နတ်များ

လူသားဟူ၍ခေါ်ဆိုနိုင်သောသက်ရှိသတ္တ၀ါများသည် သမိုင်းမှတ်တမ်းမတင်မီလွန်ခဲ့သော နှစ်ပေါင်းသန်း၂၀ သို့မဟုတ်၃၀ခန့်ကပေါ်ပေါက်လာခဲ့မည်ဟုခန့်မှန်းရသော်လည်းတူးဖော်တွေ့ရှိရသည့် ကျောက်ဖြစ်ဦးခေါင်းခွံများအရ နှစ်၅သိန်းသက်တမ်းသာရှိသေးသည်ဟု ယူဆကြသည်။
ခေတ်သစ်လူသားနှင့်ပိုမိုနှီးကပ်စွာတူညီသည့် ရှေးဟောင်းလူများမှာလွန်ခဲ့သောနှစ်၆သောင်းမှ၃သောင်းခန့်က ပေါ်ပေါက်လာခဲ့သည်။သူသည်ခြေနှစ်ချောင်းပေါ်တွင်ရပ်လျက်နေပြီးကုန်းကုန်းကွကွနှင့်လမ်းလျှောက်သွားတတ်သည်။သူ၏နဖူးမှာဆင်ခြေလျှောသဏ္ဍန်ရှိပြီး ခေတ်သစ်လူသားနှင့်နှိုင်းယှဉ်ပါကဦးနှောက်အရွယ်အစားမှာသေးသည်။လူဟူ၍သာခေါ်နိုင်သော်လည်းအသိဥာဏ်မှာခေတ်သစ်လူသားထက်များစွာ နိမ့်ကျလျက်ရှိသည်။

ယနေ့ခေတ်သိပ္ပံပညာသည်အရှိန်အဟုန်ပြင်းစွာတိုးတက်လျှက်ရှိသည်။သို့သော်လည်း ခေတ်သစ်သိပ္ပံပညာထွန်းကားလာသည်မှာသိပ်မကြာသေး။ကမ္ဘာမြေသည်လည်ပတ်လျက်ရှိပြီးအခြားဂြိုဟ်များနှင့်အတူ နေကိုလည်ပတ်လျက်ရှိကြောင်းကိုလွန်ခဲ့သောနှစ်၄၅၀ခန့်ကပိုလန်လူမျိုးနက္ခတ္တဗေဒပညာရှင် ကော့ပါးနီးကတ်စ်တင်ပြခဲ့မှသာကမ္ဘာကသိခဲ့သည်။ထို့ကြောင့်ခေတ်သစ်သိပ္ပံပညာ၏သက်တမ်းသည် နှစ်၄၅၀သာရှိသေးသည်ဟုဆိုရပေမည်။လျှပ်စီးလက်ခြင်း၏သဘာဝသည် လျှပ်ငြိမ်အားနှင့်တူညီကြောင်း လွန်ခဲ့သောနှစ်၂၀၀ခန့်ကမှ ဘင်ဂျမင်ဖရင်ကလင်၏ စမ်းသပ်မှုအရ ကျွန်ုပ်တို့သိလာခဲ့ကြရသည်။ ခေတ်သစ်လူသားများထက် အသိဥာဏ်များစွာနိမ့်ကျလှသောလူသားများအဖို့လျှပ်စီးလက်ခြင်း၊မိုးခြိမ်းခြင်း၊မိုးရွာခြင်း၏သဘာဝကိုမည်သို့နားလည်နိုင်ပါမည်နည်း။နားမလည်နိုင်သော အသွင်နှင့်ကြောက်ရွံစွာမိုးကြိုးမုန်တိုင်းများကို ငေးမောကြည့် ရှုခဲ့ကြပေမည်။

ခေတ်သစ်လူသားသည်လျှပ်စစ်အားကိုမိမိအလိုကျအသုံးချနိုင်ပြီဖြစ်သည်။သို့သော်လည်းသိပ်မကြာလှသေးပေ။၂၀ရာစုရောက်မှလူသားတို့လျှပ်စစ်ကိုကျယ်ပြန့်စွာအသုံးချလာနိုင်ခြင်းဖြစ်သည်။ရှေးခေတ်လူသားတို့ထက်အဆများစွာတွေးတောဆင်ခြင်နိုင်သော ခေတ်သစ်လူသားများအတွက် လောကကြီးတွင်မသိနိုင်နားမလည်နိုင်သေးသည့် အကြောင်းရပ်မြောက်များစွာပင်ရှိနေသေးသည်။

ရှေးခေတ်လူသားတို့အဖို့ သူ့ပတ်ဝန်းကျင်တွင် အရာခပ်သိမ်းသည် လျှို့ဝှက်ဆန်းကြယ်နေမည်။
နက်ရှိုင်းသောသစ်တောကြီးတွင် မည်သူနေသနည်း။ သစ်တောကြီးကိုဖြတ်သွားပါက မည်သည့်နေရာမည်သည့်ဒေသကိုရောက်သွား
မည်နည်း။ သစ်တောအတွင်း မည်သည့်သားရဲတိရိစ္ဆာန်များနှင့် ကြုံတွေ့ရမည်နည်း။ထိုတိရိစ္ဆာန်သည် သူ့အားရန်ပြုမည့်သတ္တ၀ါလော
။လောကသဘာဝကိုနားမလည်သေးသဖြင့် ကြောက်ရွံနေကြမည်။
မနက်ဖြန်တောထွက်ပါကစားစရာသားကောင်ရမည်လား။ယခင်နေ့များကဲ့သို့သူ့အားအန္တ၇ာယ်ပြုမည့်သားကောင်နှင့်ရင်ဆိုင်ရဦးမည်လား။ သူ့မိသားစုအတွက်သားကောင်များများရရန် မည်သို့ပြုရမည်နည်း။သူ့အခြေအနေသည် မသေချာမရေရာသည့်
အခြေအနေဖြစ်သည်။
ကျောက်လက်နက်များကိုစတင်အသုံးပြုခဲ့သည့်အချိန်မှာလွန်ခဲ့သောနှစ်တစ်သန်းကဖြစ်ပြီး၊ဘီစီ၈၀၀၀ခန့်သို့မဟုတ်လွန်ခဲ့သောနှစ်တစ်သောင်းခန့်ကမှ ကျောက်ခေတ်အလယ်ခေတ်သို့ ကူးပြောင်းခဲ့သည်။

ထိုအချိန်ကလူသားတို့သည်ဝမ်းစာအတွက်အမဲလိုက်ခြင်း၊သီးနှံများကိုခူးခြင်းပြုလုပ်ခဲ့သည်။ထိုကာလအတွင်းမှာပင်မီးကိုအသုံးပြုတတ်ပြီးတိရိစ္ဆာန်တို့၏အသားကိုမီးဖြင့်ချက်ပြုတ်သည့်အလေ့အထလည်း ကျောက်ခေတ်ဟောင်းတွင်ရှိခဲ့ပြီဖြစ်သည်။မီးသည်အစားအစာအတွက်ချက်ပြုတ်ရန်နှင့်၊ အအေးဒဏ်မှကာကွယ်ရန်အသုံးဝင်သော်လည်း ကြောက်မက်ဖွယ်ရာလည်းကောင်းသည်။ မီးလောင်ပါက လူ၏အသက်အန္တရာယ်ကိုပင်ဒုက္ခပေးနိုင်သည်။မီးကိုမည်သူပိုင်ဆိုင်သနည်း။သူ့အားအန္တရာယ်မပေးအောင်မည်သို့ ဆောင်ရွက်ရမည်နည်း။
တောင်တန်းကြီးများသည် အံ့မခန်းကြီးမားလှသည်။ဤမျှကြီးမားသော တောင်တန်းကြီးတွင် မည်သူနေထိုင်သနည်း။
တောင်တန်းကြီးများကို မည်သူပိုင်ဆိုင်သနည်း။တောင်ပေါ်တွင်သားကောင်ပစ်ပါက သူ့အားအန္တရယ်ပြုမည်လော။ ခွင့်ပန်ဖို့လိုအပ်
မည်လော။
မြစ်ကြီးများသည်ကြီးမားလှသည်။ကျယ်လောင်သောအသံနှင့်မြစ်ရေများစီးဆင်းနေသည်။ ရေသည်အသုံးဝင်သော်လည်းမြစ်အတွင်းကျသွားပါကအသက်အန္တရာယ်ဖြစ်စေနိုင်သည်။သူ့အားအန္တရာယ်မပြုရန်မည်သို့လုပ်ရမည်နည်း။ရှေးခေတ်လူသားဖို့အစစအရာရာသည်အံ့မခန်းဖွယ်ရာဖြစ်ကြပေသည်။သူ့ပတ်ဝန်းကျင်ရှိသက်ရှိသက်မဲ့အရာအားလုံးကိုသူနားမလည်ပေ။မည်သို့ဖြစ်လာကြသည်ကို တွေးတောရန်ဥာဏ်မီ။နားလည်အောင်လည်း စဉ်းစားတတ်မည်မဟုတ်ပေ။
ရှေးလူသားတို့၏ယဉ်ကျေးမှုစတင်ထွန်းကားချိန်တွင် အယူအဆ သို့မဟုတ် အတွေးအခေါ်နှစ်ရပ်ပေါ်ပေါက်ခဲ့ပေမည်။
ပထမအယူအဆမှာ စွမ်းအင်သို့မဟုတ် တန်ခိုးဖြစ်ပြီး ထိုစွမ်းအင်၊တန်ခိုးကို ထင်ရှားသောယောက်ျား သို့မဟုတ် မိန်းမတစ်ဦးက
ပိုင်ဆိုင်သလို လူသားမဟုတ်သည့် နတ်ဘုရားသို့မဟုတ်ဝိညာဉ်သို့မဟုတ်သတ္တ၀ါတစ်ကောင်ကောင်ကပိုင်ဆိုင်ထားမည်။ထိုစွမ်းအင် ၊တန်ခိုးသည် သက်ရှိသာမက သက်မဲ့အရာဝတ္တုများတွင်လည်းရှိနိုင်မည်ဟု ရှေးဟောင်းလူသားများကယူဆကြသည်။
ဥပမာ တုတ်ချောင်း သို့မဟုတ် ကျောက်တုံးများတွင်လည်း စွမ်းအင်ရှိနေနိုင်သည်ဟု ယူဆကြသည်။

ထူးခြားသောစွမ်းအင် သို့မဟုတ် တန်ခိုးသည်ယုံကြည်သူတစ်ဦးဆောင်ထားသည့် အဆောင်ပစ္စည်းတစ်ခုခု သို့မဟုတ်စကားလုံး သို့မဟုတ် ကိုယ်ဟန်အမူအရာတို့တွင်လည်းရှိမည်ဟုယုံကြည်ကြသည်။
ဒုတိယအယူအဆမှာ အရာအားလုံးတွင် အသက်ဝိညာဉ်ကိန်းအောင်းနေသည်ဆိုသည့် အယူအဆဖြစ်သည်။
လောကတွင်သက်မဲ့ဟူသောအရာ မရှိ။အားလုံးတွင် အသက်ဝိညာဉ်ရှိသည်ဟု ရှေးဦးလူသားများယူဆကြသည်။
ရာစုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသောအတွေ့အကြုံများနှင့် သိပ္ပံနည်းကျအတွေးအမြင်များကြောင့် မြစ်ဟူသည်မှာရေများ
စုဝေးစီးဆင်းနေခြင်သာဖြစ်သည်။ မြစ်တွင်အသက် သို့မဟုတ် ၀ိညာဉ်ဟူ၍မရှိ။ ကမ္ဘာ၏ဆွဲအားကြောင့် မြင့်ရာမှနိမ့်ရာသို့ စီးဆင်း
နေခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။
သူတို့ပိုင်ဆိုင်သောသေးငယ်သည့် ဦးနှောက်နှင့်ဒြပ်မဲ့ တွေးတောမှုမပြုလုပ်နိုင်ခဲ့။ မမြင်ရသည့် အကြောင်းကိုစဉ်းစား
၍မရဖြစ်ခဲ့ကြသည်။
ငြိမ်သက်စွာစီးဆင်းနေသော ရေစီးကြောင်းကိုစူးစိုက်ပြီး၊သန့်စင်သောရေတွင်ဆေးကြောထားသောလက်များနှင့်ရှိခိုးအရိုအသေမပြုဘဲ မြစ်ကိုခြေထောက်နှင့်မဖြတ်ကူးပါနှင့်။ အကယ်၍ရိုသေလေးစားခြင်းမရှိဘဲ ဖြတ်ကူးပါက နတ်ဘုရားများစိတ်ဆိုးကြမည်။ သင့်အားဘေးဒုက္ခရောက်စေမည်ဖြစ်၏။
ဤညွှန်ကြားချက်ကလေးမှာ ခြေထောက်နှင့်ဖြတ်ကူးလောက်အောင် ရေတိမ်နေပြီဖြစ်သောမြစ်အား ဖြတ်ကူးမည်ပြုသည့် အခါ မည်သို့မည်ပုံအရိုအသေပေးရမည်ကိုဖော်ပြထားသော ဘီစီ ၈ ရာစုက ဂရိနိုင်ငံသားတို့၏ယုံကြည်မှုဖြစ်သည်။
ယခုခေတ်အမြင်နှင့်ကြည့်ပ်ါက အယူသီးမှုတစ်ရပ်ဟုယူဆကြမည်ဖြစ်သော်လည်း ထိုခေတ်ထိုအခါကသူတို့အတွက် လေးလေးနက်
နက်လိုက်နာရမည့် ညွှန်ကြားမှုဖြစ်သည်။

ဤညွှန်ကြားမှုသည် ၀ိညာဉ်ရှိဝါဒကိုဖော်ပြနေသည်။ မြစ်တွင်အသက်ဝိညာဉ်ရှိသည်။ထို့ကြောင့်ရှိခိုးရိုသေမှုကိုကြားသိမည်ဖြစ်သည်။ ဤသို့ဆုတောင်းသူသည် ဘေးဒုက္ခရောက်မည်မဟုတ်ပေဟု ရှေးခေတ်ဂရိတို့ယုံကြည်ခဲ့ကြသည်။
ဖော်ပြပါအယူအဆနှစ်ရပ်ကိုပေါင်းစပ်ပြီးမြစ်တွင်ဝိညာဉ်ရှိသလိုတန်ခိုးလည်းရှိသည်။ထိုနည်းတူမြေ၊လေ၊တောင်၊တော၊စသည်တို့တွင်အသက်ဝိညာဉ်နှင့်တန်ခိုးရှိသည်ဟု ရှေးဟောင်းလူသားများယူဆလာသည်။
ပင်လယ်ကို နတ်ဘုရားပိုဆေဒန်ဖြင့်လည်းကောင်း၊ မီးကိုဟိုက်ဖက်တပ်ဖြင့်လည်းကောင်း၊ပန်းကိုဖလိုရာနတ်ဘုရားဖြင့်လည်းကောင်း၊ သိုးစားကျက်ကိုပင် နတ်ဘုရားဖြင့်လည်းကောင်း ဂရိတို့ကကိုယ်စားပြုခဲ့သည်။ပင်လယ်ပြင်ထွက်မည့်သင်္ဘောသားများသည်ပိုဆေဒန်နတ်ဘုရားကိုပူဇော်ကြ၍ပန်းပဲလုပ်ငန်းလုပ်သူများသည် မီးနတ်ဘုရားကိုပူဇော်ကြသည်။သိုးအုပ်တိုးပွားစေရန်ပင် နတ်ဘုရားကိုပသကြသည်။

တောတောင်ရေမြေ စသည့်သြကာသလောကကိုကိုယ်စားပြုသည့် နတ်များသည် လူသားတို့တွင်ပထမဆုံးပေါ်ပေါက်လာသည့် နတ်များဖြစ်မည်။ထို့အတူမီးနတ်၊သားကောင်ရစေရန်ပူဇော်ရသည့်မုဆိုးနတ်စသည်တို့မှာ ကျောက်ခေတ်ဟောင်းအတွင်း ပေါ်ပေါက်လာသည့်နတ်များဖြစ်သည်။
မိမိအသိဥာဏ်နှင့်လည်းကောင်း၊ အတိတ်အတွေ့ အကြုံအရသော်လည်းကောင်း မည်သို့မျှစဉ်းစား၍မရသောအကြောင်းရပ်များနှင့် သဘာဝသက်ရှိသက်မဲ့ပစ္စည်းများတွင် တန်ခိုးစွမ်းအင်ရှိကြသည်ဟုယုံကြည်ကြပေမည်။ထိုတန်ခိုးစွမ်းအင်ပိုင်ဆိုင်သူတစ်ဦးရှိမည်ဟု ယုံကြည်သည်။ထိုသူပင်လျှင် သက်ရှိ သို့မဟုတ် သက်မဲ့များကိုကိုယ်စားပြုသည့် နတ်ဖြစ်လာသည်။
ရှေးဟောင်း ဂရိနတ်များတွင် နတ်ကောင်းနတ်မြတ်၊ အလွန်ကြီးမြတ်သောနတ်ဟူ၍သာခေါ်ခဲ့ပြီး အမည်အတိအကျမရှိသည့်
နတ်များရှိခဲ့သည်။ အစပထမ၌နတ်များတွင် အမည်မရှိခဲ့ပေ။ ရှေးခေတ်လူသားတို့အသိဥာဏ်ရင့်သန်လာသည့် အခါနတ်တို့၏
အမည်လည်းရှိလာသည်။ ထိုနည်းတူနတ်သမိုင်းလည်းရှိလာသည်။

ဇုနတ်မင်းသည်နတ်အားလုံး၏အကြီးအကဲ၊ယူရေးနို့စ်သည်မိုးကောင်းကင်ကိုကိုယ်စားပြုသည့်နတ်၊ပိုဆေဒန်သည်ပင်လယ်ကိုကိုယ်စားပြုသည့်နတ်၊ ဟေးဒီစ်သည်ကွယ်လွန်သေဆုံးသူတို့၏လားရာမြေအောက်ကမ္ဘာအကြီးအကဲ၊ကရွန်သည်မြေအောက်ကမ္ဘာသို့ ရောက်လာသောမြစ်တစ်ဖက်ကမ်းဟေးဒီစ်၏နယ်မြေသို့ပို့ပေးရသည့်ကူတိုးသမား၊အားရို့စ်သည်အချစ်နတ်၊မူ့ဇ်သည်စာပေအနုပညာကိုစောင့်ရှောက်သည့်နတ်၊ဟိုင်ဂျီယာသည်ကျန်းမာရေးကိုကိုယ်စားပြုသည့်နတ်၊ကျူးပစ်သည်ဖူးစာရေးနတ်(မြားနတ်မောင်)၊အစရှိသဖြင့် ရှေးဟောင်းဂရိတွင်ရှိခဲ့သည်။
ကျောက်ခေတ်သည် လွန်ခဲ့သောနှစ်ပေါင်း ရှစ်ထောင်ခန့်ကစခဲ့ပြီး၊ သံ ကြေး စသည့်သတ္တုများအသုံးပြုသည့်အချိန်တည်ခဲ့သည်။ ထိုခေတ်အတွင်းလူသားများသည် ကျောက်ခေတ်သစ်အတွင်းအထူးခြားဆုံးအောင်မြင်မှုမှာစားသုံးသီးနှံပင်များကိုစိုက်ပျိုးလာတတ်ခြင်းနှင့်၊ တောရိုင်းတိရိစ္ဆာန်များကိုအိမ်တွင်မွေးမြူလာတတ်ခြင်းဖြစ်သည်။
ထိုအခါအစားအစာရရှိမှုအတွက်တစ်နေရာမှတစ်နေရာသို့ပြောင်းရွေ့လှည့်လည်ကျက်စားသည့်လူသားများဘ၀မှအခြေချနေထိုင်သော လူသားများဖြစ်လာသည်။ စိုက်ပျိုးထားသည့်သီးနှံများနှင့်အိမ်မှာမွေးထာသည့်ကျွဲနွားကြက်ငှက်များရှိနေပြီဖြစ်၍အစားအစာအတွက်စိုးရိမ်ပူပန်စရာမလိုတော့ပေ။ထိုအချိန်တွင် ရှေးဟောင်းလူသားများ၏ရွာများပေါ်ပေါက်လာတော့မည်ဖြစ်သည်။အချိန်ရှိသရွေ့အမဲလိုက်နေစရာမလိုတော့ဘဲအားလပ်ချိန်လည်းရလာပြီဖြစ်သောကြောင့် အိုးလုပ်ခြင်းတောင်းလုပ်ခြင်း၊အထည်ယက်လုပ်ခြင်းများပြုလုပ်လာသည်။
အိမ်စောင့်နတ်ရွာစောင့်နတ်ဟူသည့်
အယူအဆသည်ဤသို့အိုးအိမ်အတည်တကျ နေထိုင်ချိန်မှစတင်ပေါ်ပေါက်လာမည်ဟုယူဆနိုင်ပေသည်။ ထိုနတ်များအပြင်အနုပညာလက်မှုလုပ်ငန်းနှင့်သက်ဆိုင်သောနတ်များလည်းပေါ်ပေါက်လာမည်ဖြစ်ပေသည်။
ခင်မောင်သန်း (စိတ်ပညာ)

Thursday, February 23, 2012

ခိုကလေး၏အယူသီးမှု(ခင်မောင်သန်း-စိတ်ပညာ)



ကျွန်တော်၏မိတ်ဆွေတစ်ယောက်သည် ဘော်ပင်နှစ်ချောင်းကိုအမြဲဆောင်ထားလေ့ရှိသည်။ တစ်ချောင်းမှာ သာမန်ကိစ္စ
များတွင်အသုံးပြုရန်ဖြစ်ပြီး၊ ကျန်တစ်ချောင်းမှာအရေးကြီးသောကိစ္စများတွင် အသုံးပြုရန်ဖြစ်သည်။ ဥပမာ၊ အလုပ်လျှောက်လွှာရေးရန် စာမေးပွဲဖြေသည့် အခါသုံးရန်ဖြစ်သည်။ ဤဘောပင်ကိုသုံးပါက အောင်မြင်မှုရသည်ဟုသူယုံကြည်သည်။

အခြားမိတ်ဆွေတစ်ဦးကမူ မည်သည့် အခါမှမသုံးသည့်ငွေစက္ကူတစ်ရွက်ထည့်ထားသည်။ထိုငွေကနောက်ထပ်ငွေများကို သူ့
အိတ်အတွင်းသို့ဆောင်ကြဉ်းလာလိမ့်မည်ဟု သူယုံကြည်ကြောင်းပြောပြသည်။အခြားတစ်ဦးကမူ အုန်းသီးအတွင်းမှရသော အုန်းအမြုတေကိုဆောင်ထားလေ့ရှိသည်။ တောလမ်းတွင်ခရီးသွားရသည့် အခါအန္တရာယ်ကင်းစေသည်ဟု သူယုံကြည်သည်။
အစောင့်အရှောက်ရှိသည်ဟုယုံကြည်သော ကျောက်မျက်ရတနာတစ်ခုအား လက်စွပ်ကွင်း၍၀တ်ဆင်ထားသူတစ်ဦးကိုလည်း
တွေ့ ရသည်။ဘေးဒုက္ခမရောက်စေရန် အစောင့်အရှောက်များကကူညီသည်ဟု ယုံကြည်ကြောင်းပြောပြသည်။
အဆောင်တစ်ခုမဟုတ်တစ်ခု ဆောင်လေ့ရှိသူအများအပြားပင်ရှိသည်။

စိတ်ပညာရှင်တစ်ဦးသည် ခိုများနှင့်စမ်းသပ်မှုတစ်ခုလုပ်ခဲ့သည်။ အ၀ိုင်းပုံသဏ္ဍန်နှင့်တြိဂံပုံသဏ္ဍန် နှစ်ခုတွင်တြိဂံပုံ
သဏ္ဍန်ကို နှုတ်သီးနှင့်ခေါက်တတ်ရန်သင်ပေးလိုသည်။ပထမတွင်ခိုသည် ပုံနှစ်ခုမှတြိဂံပုံကိုရွေးချယ်ပြီးခေါက်ရမည်ကို မသိသေး။
တြိဂံပုံဘက်သို့ ခေါင်းလှည့်လျှင် (သို့မဟုတ်)အနီးအနားသို့ကပ်သွားလျှင် စိတ်ပညာရှင်ကခိုအားအစာကျွေးသည်။အ၀ိုင်းဘက်သို့
ခေါင်းလှည့်လျှင် သို့မဟုတ် ကပ်သွားလျှင် ခိုသည်အစာမရ။
ဤနည်းအတိုင်းခိုအားဆက်တိုက် အစာကျွေးလာသည့်အခါ ခိုသည်ပုံနှစ်ပုံအနက် တြိဂံပုံကိုရွေးချယ်ပြီးနှုတ်သီးနှင့်ခေါက်
သည့် အပြုအမူကိုတတ်မြောက်လာသည်။

အကယ်၍သင်သည်စိတ်ဝင်စားပါက "သင့်ချစ်သူနှင့်တွေ့ရလိမ့်မည်" "စီးပွားရေးကောင်းလိမ့်မည်။" "စာမေးပွဲအောင်လိမ့်မည်" စသောစာများရေးထားသည့်စက္ကူလိပ်ကလေးများ၊ကပ်ပြားလေးများကိုရွေးချယ်ပေးမည့်ခိုကလေးများ၊စာကလေးများဖြစ်လာအောင်သင်ကြားပေးနိုင်သည်။
ခိုကလေးများနှင့်စမ်းသပ်မှုပြုသည့် စိတ်ပညာရှင်အမည်မှာ စကင်နာဖြစ်သည်။စိတ်ပညာဝေါဟာရကို အသုံးပြုပြီး
အထက်ကဖြစ်ရပ်ကိုဖော်ပြရပါက အားဖြည့်မှု သို့မဟုတ် ဆုပေးမှုကြောင့် ခိုကလေးသည်စကင်နာပြုလုပ်စေလိုသည့် အပြုအမူကို
ပြုလုပ်လာသည်။ ထိုအပြုအမူကိုဆက်လက် အားဖြည့်ပေးခြင်းကြောင့် အပြုအမူသည်တည်မြဲလာခဲ့သည်။

စကင်နာသည်စိတ်ကူးတစ်မျိုးရလာပြန်သည် ခိုကလေးအားပုံမှန်အစာကျွေးမည်။ ခိုကလေးကမည်သို့သောအပြုအမူ
ပြုလုပ်သည်ဖြစ်စေ ၊ပုံမှန်အစာကျွေးပါက မည်သို့သောအပြုအမူပေါ်ပေါက်လာနိုင်မည်နည်း။

တစ်နေ့တွင်သူသည် ခိုလေးတစ်ကောင်အားလှောင်ချိုင့်ထဲထည့်လိုက်သည်။ ၁၅စက္ကန့်တစ်ခါ အစာကျွေးသည်။ထိုသို့ကျွေးလိမ့်မည်
ကိုခိုကလေးကသိမထားနှင့်ပေ။ အစာစားရန်ခိုကလေးသည် မည်သည့် အပြုအမူကိုမျှပြုလုပ်ရန်မလို။ ၁၅စက္ကန့်တစ်ကြိမ်နှုန်းနှင့်
ပုံမှန်အစာကျွေးလာသည့် အခါခိုကလေးတွင် ထူးဆန်းသောအပြုအမူများပေါ်ပေါက်လာသည်။
ထိုခိုကလေးသည် လက်ဝဲရစ်ပတ်ချာလှည့်နေသည့် ခိုကလေးဖြစ်လာသည်။ ဤနည်းအတိုင်း အခြားခိုကလေးများကို
အစားကျွေးရာတွင်လည်း ထူးခြားသည့်အပြုအမူများ ပေါ်ပေါက်လာသည်။ လှောင်အိမ်ထောင့်ဆီကို ဦးခေါင်းနှင့်ချိန်ရွယ်သည့်
ခိုကလေး ၊ခေါင်းကိုမြင့််ချည်နိမ့်ချည်ပြုလုပ်နေသောခိုကလေး၊ ကြမ်းပြင်ကိုတောင်ပံနှင့်ပွတ်လျှက်သွားသောခိုကလေး စသည်ဖြင့်
အပြုအမူအမျိုးမျိုးပေါ်ပေါက်လာသည်။

ခိုကလေးများက မည်သည့်အပြုအမူကိုလုပ်သည်ဖြစ်စေ စကင်နာက၁၅စက္ကန့်တစ်ကြိမ် ၊အစာကျွေးမြဲကျွေးနေသည်။
ခိုကလေးများကမူ သူတို့၏အပြုအမူကြောင့် အစာစားရဟန်ပြုလုပ်နေကြသည်။
လူသားများဆိုပါက "ငါတို့ဒီလိုလုပ်လို့ အစာစားရတယ်"ဟုပြောဆိုကြလိမ့်မည်။

ခိုကလေးများ၏အပြုအမူသည် လူသားတို့၏အပြုအမူနှင့်မည်မျှခြားနားပါသနည်း။လူသားများဆိုပါက သူတို့၏အပြုအမူကို
လာဘ်ကောင်းသည်ဟု ဆိုကြလိမ့်မည်။စကင်နာက ခိုကလေး၏အပြုအမူကို "အယူသီးသည့်အပြုအမူ"ဟုခေါ်ဆိုခဲ့သည်။
ခိုကလေးများတွင် အယူသီးသည့် အပြုအမူပေါ်ပေါက်လာပုံကို ဤသို့ရှင်းလင်းခဲ့၏။ စမ်းသပ်သူက ခိုကလေးအား
စတင်အစာကျွေးချိန်တွင် ခိုကလေးသည်အပြုအမူတစ်ခုခုလုပ်နေလိမ့်မည်ဟု သူကဆိုသည်။ခိုကလေးများသည် ခေါင်းကိုနှိမ့်ချည်
မြင့်ချည်လုပ်တတ်သည့် သဘာဝရှိရာ၊ ထိုအချိန်တွင်အစာအစားရပါက ထိုအပြုအမူကိုအားဖြည့်ပေးရာရောက်သည်။ အကျိုးဆက်
အားဖြင့်ခိုကလေးသည် ထိုအပြုအမူကိုဆက်လက်လုပ်ဆောင်လာမည်ဖြစ်ပေသည်။ဒုတိယအစာကျွေးမည့်အချိန်တွင်လည်း ခိုကလေး သည်ခေါင်းကိုမြင့်လိုက်နှိမ့်လိုက်လုပ်နေရန် အလားအလာများပေသည်။

တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်လာသော အားဖြည့်မှုကြောင့် ခိုကလေးတွင်အယူသီးသည့် အပြုအမူပေါ်ပေါက်လာခဲ့သည်
ဟု စကင်နာကရှင်းပြသည်။
သူတို့ပြုလုပ်သည့်အပြုအမူကြောင့် အစာစားရခြင်းမဟုတ်။အစာကို ၁၅စက္ကန့်တစ်ကြိမ် အလိုအလျောက်ကျွေးနေသည်။
အစားရမှုနှင့် အပြုအမူတို့နီးကပ်စွာပေါ်ပေါက်လာရခြင်းကြောင့် ထိုအပြုအမူကိုအစာရမှုအတွက် အကြောင်းတရားဟု ယူဆဖွယ်ရာ
ဖြစ်လာသည်။

တိုက်တိုက်ဆိုင်ဆိုင်ကြုံကြိုက်လာသည့် အားဖြည့်မှု၊သို့မဟုတ်ထီပေါက်မှု၊ စာမေးပွဲအောင်မှု၊ စီးပွားရေးကောင်းလာမှု
တို့ကြောင့်လူသားများတွင်လည်း အယူသီးသည့် အပြုအမူများပေါ်ပေါက်လာသည်။ ပေါ်ပေါက်ရန်လွယ်ကုသော်လည်း ဖျောက်ဖျက်
ရန်အလွန်ခဲယဉ်းလှသည်။
အယူသီးသည့်အပြုအမူသည် ခိုကလေးများနည်းတူ ကျွန်ုပ်တို့တွင်ပေါ်ပေါက်လာသော်လည်း ဤနည်းသည်တစ်ခု
တည်းသောနည်းမဟုတ်ချေ။ ဘိုးစဉ်ဘောင်ဆက် ယုံကြည်လက်ခံလာသည့် ယုံကြည်မှုကြောင့်လည်းကျွန်ုပ်တို့တွင် အယူသီးသည့်
အပြုအမူများ ပေါ်ပေါက်စေနိုင်သည်
ခရီးသွားသည့် အခါရက်ကောင်းကိုရွေးပြီးသွားတတ်သည့်အကျင့်မှသည် တစ်နှစ်တစ်ခေါက်တောင်ပြုံးပွဲသို့
မသွားရမနေနိုင်သည့် အပြုအမူများ ကျွနိုပ်တို့တွင်ပေါ်ပေါက်လာနိုင်သည်။ အဘယ့်ကြောင့်နည်း။
တစ်ခါမိတ်ဆွေတစ်ဦးထံမှ သတင်းစကားကြားရဖူးသည်။ နိုင်ငံခြားသံတမန်အဖွဲ့ဝင်တစ်ဦးသည် တောင်ပြုံးပွဲ
သို့မရောက်ဖူးသဖြင့် သံတမန်မိတ်ဆွေတစ်ဦးနှင့်လိုက်လာခဲ့သည်။ ကမ္ဘာ့အနောက်ခြမ်းရှိ သူသွားလိုသောနိုင်ငံတစ်ခုသို့ ပြောင်းရွေ့
အမှုထမ်းရပါက ၀တ်လဲတော်ဆက်မည့်အကြောင်း မြန်မာမိတ်ဆွေတစ်ဦး၏တိုက်တွန်းချက်ကြောင့် ကတိခံခဲ့သည်။ များမကြာမီ
သူ သွားလိုသောနိုင်ငံကိုပြောင်းရွေ့ အမှုထမ်းရသည်။ သူ့ကတိအတိုင်း ၀တ်လဲတော်လာဆက်ရသည်ဟု ကြားဖူးသည်။

တိုက်ဆိုင်မှုဟုဆိုမည်လော။ မစမှုဟုဆိုမည်လော။ ဤမေးခွန်း၏အဖြေသည် သင်၏သဘောထားပေါ်မူတည်သည်။
အနောက်နိုင်ငံတွင်လည်း အယူသီးမှုရှိကြသည်။ ရေနွေးငွေ့နှင့်မောင်းနှင်သည့် သင်္ဘောမပေါ်မီက သဘောင်္သားများတွင် အယူသီး
မှုတစ်ရပ်ရှိခဲ့သည်။ သဘောင်္ပေါ်တွင် မိန်းမတစ်ဦးပါလာပါက ကံမကောင်းဟုယူဆလေ့ရှိသည်။ သင်္ဘောသားသုံးလေးဆယ်ပါသော
သင်္ဘောနှင့် ရက်ရှည်လများခရီးသွားရသည့် အခါ အမျိုးသမီးတစ်ဦးသာပါလာပါက အမှန်တကယ်ကံမကောင်းဖြစ်မှာသေချာသည်။
တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်ကြသည်အထိ ဖြစ်လာနိုင်သည်။ ဤသို့သော အယူသီးမှုတွင် လက်တွေ့ အသုံးကျသည့် သဘောပါ
သည်။
ရှမ်းပြည်တွင် စိမ့်စမ်းရေထွက်သည့်နေရာ၌ သစ်ကြီးဝါးကြီးများအုပ်ဆိုင်းနေတတ်သည်။ ထိုနေရာမှသစ်ပင်ကို ထင်းအဖြစ်
ခုတ်ယူပါက နတ်မကြိုက်။ ဒုက္ခရောက်တတ်သည်ဟု အယူရှိကြသည်။ စိမ့်စမ်းရေထွက်သည့်နေရာကန်းမသွားစေရန် တားမြစ်
သည့်သဘော ဤယုံကြည်မှုတွင်ပါမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း ကျွနိုပ်တို့၏အယူသီးမှုအားလုံးတွင် ဤသို့သော
သဘောပါမည်ဟုမဆိုနိုင်ပေ။
ခင်မောင်သန်း(စိတ်ပညာ)

Tuesday, February 21, 2012

အယူသီးမှုနှင့်စိုးရိမ်စိတ်(ခင်မောင်သန်း-စိတ်ပညာ)


"အယူသီးမှုနှင့်စိုးရိမ်စိတ်"
မရေရာသောအခြေအနေနှင့်ရင်ဆိုင်လာရသောအခါလူသားများတွင်စိုးရိမ်စိတ်များပေါ်ပေါက်လာသည်။ထိုစိုးရိမ်စိတ်များလျော့သွားစေရေးအတွက်တစ်စုံတစ်ခုသောအပြုအမူကိုပြုလုပ်သည်။ထိုအပြုအမူများသည်အများလက်ခံထားသည့်ကျိုးကြောင်းကျသောအပြုအမူမဟုတ်ပါကအယူသီးသည့်အပြုမူဟုခေါ်ကြမည်ဖြစ်သည်။ သိပ္ပံပညာထွန်းကားပြီးခေတ်မီတိုးတက်သည့်အမေရိကန်နိုင်ငံမှာပင်သဘာဝလွန်နည်းလမ်းကိုသုံးပြုပြီးမြေအောက်ရေ(သို့မဟုတ်)ဓာတ်သတ္ထုရှာသည့် လူများ၂၀ရာစုအတွင်းမှာရှိနေသေးသည်။

အင်္ဂလိပ်အက္ခရာYသဏ္ဍန်သစ်ကိုင်းခြောက်(သို့မဟုတ်)သတ္ထုနှင့်ပြုလုပ်ထားသည့်ပစ္စည်းများကိုမြေအောက်ရှာဖွေရာတွင်အသုံးပြုကြသည်။Y၏အပေါ်ပိုင်းလက်တံနှစ်ခုအားလက်နှစ်ဖက်ဖြင့်ကိုင်ကာအောက်ပိုင်းကိုရှေ့တည့်တည့်ထားပြီးလမ်းလျှောက်သွားရသည်။ရေရှိမည့်နေရာသို့ရောက်လျှင်Y၏ခြေထောက်ပိုင်းသည်မြေကြီးဆီသို့စိုက်ကျသွားသည်။ထိုနေရာတွင်ရေတွင်းတူပါကရေရရှိနိုင်မည်။သို့မဟုတ်အဖိုးတန်သတ္ထုများရရှိနိုင်မည်ဟုယုံကြည်ကြသည်။

သုတေသနတစ်ခုကတစ်နိုင်ငံလုံးတွင်ဖော်ပြပါနည်းကိုအသုံးပြုနေသူ နှစ်သောင်းခွဲခန့်ရှိမည်ဟုဆိုသည်။ဤအပြုအမူကိုအဓိပ္ပာယ်မရှိသောအပြုအမူ၊ကျိုးကြောင်းမကျသောအပြုအမူဟုခေါ်ဆိုကြမည်လော။
အယူသီးမှုဟုခေါ်ဆိုသောအချို့အပြုအမူများတွင်တစ်ခါတစ်ရံအသုံးဝင်မှုများကိုတွေ့ရသည်။ဤအတွက်ကြောင့်ပင်အချို့ သောအယူသီးမှုများသည်ဆက်လက်တည်တံ့နေခြင်းဖြစ်သည်။

ပြဿနာတစ်ခုနှင့်ရင်ဆိုင်ရသည့်အခါအဖြေရှာရသည်။အဖြေအမျိုးမျိုးဖြစ်နိုင်ရာမည်သည့်အဖြေသည်အမှန်ကန်ဆုံးဖြစ်သနည်း။မိမိ၏ဆုံးဖြတ်ချက်သည်အသင့်လျော်ဆုံးဖြစ်မဖြစ်ကိုမည်သည့်အချက်ကိုတည်မှီ၍စဉ်းစားရပါသနည်း။ မိမိအတွက်အကျိုးအများဆုံးဖြစ်ထွန်းစေသောဆုံးဖြတ်မှုသည်အမှန်ကန်ဆုံးဖြစ်မည်ဟုဆိုရပေမည်။ကျိုးကြောင်းကျကျစဉ်း စားတတ်သောလူတိုင်းသည်ဤသို့ပင်ပြဿနာ၏အဖြေကိုရှာကြမည်။

ဤအတိုင်းစဉ်းစားပါကYပုံသဏ္ဍန်ပစ္စည်းကိုအသုံးပြုပြီးမြေအောက်ရေရှာခြင်းကိုအဓိပ္ပာယ်မရှိသောလုပ်ရပ်ဟုဆိုနိုင်ဦးမည်လော။မိမိရေတွင်းတူလိုသောအရပ်ဒေသ၏ဘူမိအနေအထားကိုမသိသဖြင့်သိပ္ပံနည်းကျရှာဖွေမှုလည်းမပြုလုပ်နိုင်။မည်သည့်ဒေသကိုတူးပါက ရေရမည်ကိုအတိအကျပြောမရသည့်အခါအယူသီးသည့်လုပ်ရပ်ဟုခေါ်ဆိုနေကြသောနည်းဖြင့်ရေရှာခြင်းကိုအဓိပ္ပာယ်မရှိဟုပြောမရနိုင်ဟုအချို့ကဆိုကြသည်။မြေကြောရေကြောကိုမသိသဖြင့်ြ့ပင်ပဘူမိပညာရှင်တစ်ဦးကမှန်းဆပြီးရှာဖွေသည်ထက်ထိုဒေသအကြောင်းအတွေ့အကြုံရှိသည့် အယူသီးသူတစ်ဦးရှာဖွေသောနည်းက ပို၍အကျိုးဖြစ်ထွန်းစေ လိမ့်မည်ဟုပြောဆိုကြသည်။ အယူသီးသည့်အပြုအမူအချို့တွင်လက်တွေ့အသုံးဝင်မှုရှိနိုင်သည်ဟုကောက်ချက်ရမည့်သဖွယ်ဖြစ်နေသည်။

မနုဿဗေဒပညာရှင်တစ်ဦးကလည်းဤသို့ဖြစ်တတ်ကြောင်းတင်ပြခဲ့သည်။အယူသီးသည့်လုပ်ရပ်ဟုခေါ်ဆိုနေကြသောအချို့ နည်းလမ်းများတွင်မိမိမျှော်မှန်းထားသောအကျိုးရရှိစေနိုင်သည့် နည်းများပါရှိတတ်ကြောင်းဖော်ပြခဲ့ပေသည်။ လောဘရေဒါအရပ်မှ အမေရိကန်အင်ဒီးယန်းများသည် အမဲလိုက်၍နေထိုင်စားသောက်ကြရသည်။သားကောင်မရသည့် အခါသူတို့သည်ငတ်မွတ်ပြီးတစ်ခါတစ်ရံသေဆုံးသည်အထိဖြစ်ကြရသည်။အစားအစာနည်းလာသည့်အခါသို့မဟုတ် သားကောင်မရသောအခါ နတ်မေးသည့်အလေ့အထ သူတို့တွင်ရှိ၏။

နတ်ဆရာကသမင်၏ ပခုံးရိုးတစ်ခုကိုမီးဖိုပေါ်တင်ပြီး သားကောင်ရှိမည့်နေရာကိုညွှန်ပြတော်မူရန် “ဆိုင်ရာပိုင်ရာ”တို့အားမေး မြန်းကြသည်။မီးအပူရှိန်ကြောင့်သမင်၏ပခုံးရိုးမှာကွဲအက်လာသည်။သူတို့သည်ထိုအက်ကြောင်းများကိုမြေပုံသဖွယ်အနက်ဖော်ကြသည်။မီး၏အပူရှိန်ကြောင့်ကွဲအက်သွားသည့်အရာများမှာအတိအကျပုံသေကားကျမရှိ။အစီအစဉ်မဲ့ကွဲအက်ခြင်းဖြစ်သည်။ထို“မြေပုံ”ကိုအသုံးပြုပြီးသားကောင်လိုက်သည့်အခါ အောင်မြင်မှုရရှိကြသည်။သို့သော်အချိန်ကာလကြာမြင့်သည့်အခါထိုနေရာသို့သားကောင်များဆင်းတော့မည်မဟုတ်သဖြင့်အခက်အခဲတွေ့လာရပေသည်။သားကောင်များသည်ထိုနေရာကိုအန္တရာယ်ရှိသည်ဟုသိသွားပြီးရှောင်ရှားကြမည်။ဘေးကင်းရာအခြားနေရာသို့ပြောင်သွားကြမည်။မည်သည့်နေရာသို့ပြောင်း ရွေ့သွားသည်ကိုမည်သူမှမသိ။အတွေ့အကြုံလည်းအသုံးပြု၍မဖြစ်သဖြင့်နတ်ကိုမေးကြရခြင်းဖြစ်သည်။

သမင်၏ပခုံးရိုးပေါ်တွင်ကွဲအက်ပေါ်ပေါက်လာသောအစီအစဉ်မဲ့လမ်းကြောင်းအတိုင်းအင်ဒီးယန်းများအမဲလိုက်ကြသည်။ထိုလမ်းကြောင်းများသည်အသစ်ဖြစ်သဖြင့်ကြုံကြိုက်မှုပိုမိုရရှိလာကြသည်။သားကောင်များတွေ့လာသည်။ထိုအင်ဒီးယန်းလူမျိုးများငတ်မွတ်သေဆုံးပြီးမျိုးရိုးပျောက်ကွယ်မသွားသည်ကိုကြည့်ခြင်းအားဖြင့်ဤနည်းအတိုင်းသားကောင်လိုက်ခြင်းသည်ထိရောက်မှုရှိမည်ဟုယူဆနိုင်ကြောင်းမနုဿဗေဒပညာရှင်ကတင်ပြခဲ့သည်။

လူသားများသည်မရေရာသည့် အခြေအနေများနှင့်ကြုံကြိုက်လာသည့် အခါသူတို့တွင်အားကိုးမဲ့စိတ်အစွမ်းအစမရှိသည့်စိတ်များပေါ်ပေါက်လာသည်။အကျိုးဆက်အားဖြင့်စိုးရိမ်စိတ်၊ဖိစီးစိတ်များရှိလာမည်ဖြစ်၏။အခြေအနေမှာမည်သို့ရှိနေသည် ကိုမှန်းဆ၍မရသဖြင့်သူတို့သည်မည်သို့ပြုရမည်ကိုလည်းဆုံးဖြတ်၍မရနိုင်ဖြစ်လာသည်။ “ဒီလိုအခြေအနေဖြစ်နေတာကိုတော့မကြိုက်ဘူး။ကောင်းကောင်းဆိုးဆိုးရင်ဆိုင်တွေ့လိုက်ချင်တယ်ဟူသောသဘောထား သူတို့တွင်ရှိလာမည်ဖြစ်သည်။

အခြေအနေကောင်းမည်လား သို့မဟုတ် ပို၍ဆိုးဝါးသွားမည်လားဟူ၍မရေရာသောအခြေအနေထက် သေချာပေါက်သိနိုင် မည့်အခြေအနေတစ်ခုကိုရင်ဆိုင်လိုကြသည်။ကြုံတွေ့ ရမည့်အခြေအနေသည်အကောင်းမဟုတ်လျှင်သော်မှအရေးမကြီး၊ မရေရာသည့်အခြေအနေထက်စာလျှင်လက်ခံနိုင်ကြသေးသည်။အဆိုးနှင့်တွေ့ ရလျှင်လည်းသူတို့သည်ဆိုးသော အခြေအနေနှင့်လိုက်လျောညီထွေဖြစ်အောင်ညှိယူနေထိုင်ကြမည်။

ပြစ်မှုတစ်ခုဖြင့်အကျဉ်းချခံထားရသောထောင်သားများကိုလေ့လာရာတွင်သေချာပေါက်ထောင်ကျမည့် အကျဉ်းသားထက် လွတ်လမ်းအနည်းငယ်ရှိသူအကျဉ်းသားများသည်စိတ်ဖိစီးမှုဒဏ်ကိုပိုခံရကြောင်းတွေ့ ရသည်။အပြစ်ကျမည့် သူများသည်အ ဆိုးနှင့်ရင်ဆိုင်ရမည်ဖြစ်သော်လည်း မရေရာသည့် အခြေအနေနှင့်ကြုံတွေ့ ရမည်မဟုတ်ပေ။ လွတ်မြောက်လမ်းအနည်းငယ်ရှိသူတို့တွင် မရေရာသောအခြေအနေရှိနေမည်ဖြစ်သည်။

လူသားများသည်မရေရာသောအခြေအနေနှင့်ကြုံတွေ့ ရသည့် အခါ ကောလာဟလ များဖန်တီးထုတ်လွှင့်တတ်သောသဘော ရှိသည်။စိတ်ဖိစီးမှုဒဏ်မခံနိုင်ကြသဖြင့် အခြေအနေသည်ရေရာသည့်ဟန်ရောက်လာအောင် ကောလာဟလပြုလုပ်ကြသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံစစ်ဖြစ်သဖြင့် စစ်သုံပန်းစခန်းတွင်အကျဉ်းကျနေသူများ၏ ဘ၀သည်လည်းမရေရာသောဘ၀ဖြစ်သည်။ သူတို့အတွင်းတွင်မရေရာသောကောလာဟလ အမျိုးမျိုးပေါ်ပေါက်နေတတ်သည်။

များသောအားဖြင့်ထိုကောလာဟလများသည်မှန်ကန်မှုမရှိသော်လည်း မသေချာမရေရာသောအခြေအနေကိုရင်ဆိုင်နေရသူများအတွက် အခိုက်အတန့်အားဖြင့်စိတ်သက်သာမှုရစေနို်င်သည်ဟု စိတ်ပညာရှင်တို့ကတင်ပြခဲ့သည်။ ခင်မောင်သန်း(စိတ်ပညာ)

"အသက်တမဲ့ "









အရောင်များကွဲလွင့်နေသောပန်းချီကားတစ်ချပ်၏ ရှေ့တွင်ကျွန်တော်ရပ်လိုက်သည်။ လေမငြိမ်၍   ရွေ့နေဟန်ရှိသည့် ရေပြင်ပေါ်တွင် လှေတစ်စင်းနှင့် မိန်းမပျိုလေးတစ်ဦး ရွေ့လာသယောင်။ လှေဝမ်းထဲက အနီရောင် ခရမ်းချဉ်သီးတွေကို မိန်းမပျိုလေး ငုံ့ကြည့်နေသည်။ ခမောက်ကို ငိုက်၍ ဆောင်းထားသောကြောင့် မိန်းမပျိုကလေး၏ မျက်နှာမှာ အောက်နှုတ်ခမ်းနှင့် မေးစေ့ကိုသာ မြင်နေရသည်။

“ဒါ..မ..အင်းလေးမှာ ဆွဲခဲ့တဲ့ ပန်းချီကားလေ။ အင်းထဲက ရှမ်းမလေးကိုကြည့်ပြီး လှေပေါ်မှာ ဖြစ်သလို ဆွဲခဲ့ရတာပေါ့။ ဆေးမစုံ စုတ်မကောင်းလို့ ဆွဲရတာအားမရဘူး။” သက်ပြင်းညင်းညင်းလေးများ ရောယှက်နေသည့် မ၏စကားသံက ကျွန်တော့်နားထဲမှာ မ၀င်တစ်ချက် ၀င်တစ်ချက်။ နံရံတွင် ထောင်ထား ချိတ်ထားသည့် ပန်းချီကားများကို တစ်ချပ်ပြီး တစ်ချပ် ကျွန်တော် လိုက်ကြည့်နေမိသည်။ မ ကတော့ သူ့ပန်းချီကားလေးတွေကို ကြည့်လိုက် ကျွန်တော့်မျက်နှာကို အကဲခတ်လိုက်နှင့် စကားတွေ ဆက်ပြောနေပြန်သည်။

မဆီက ရူပဗေဒပညာကို သင်ယူဖို့ ကျွန်တော်လာခဲ့သော်လည်း မ က ရူပဗေဒထက် အရောင်ဗေဒကို သင်ပေးနေတတ်သည်။ အလင်းရဲ့သဘော၊ အရောင်ရဲ့သဘာဝ၊ အမှောင်ရဲ့နက်ရှိုင်းမှုတွေကို မ ပြောပြ၍ ကျွန်တော် နားလည်ခဲ့ရသည်။ စုတ်တံကိုင်သော မရဲ့ လက်ချောင်းကလေးများက ပြတင်းဝဆီမှ အလင်းတန်းများရှိရာကို ညွှန်ပြရင်း စာရွက်ပေါ်က စာကြောင်းလေးတွေကို ထောက်ပြရင်း အဓိပ္ပာယ် ဖွင့်ဆိုချက်များအား တိတိကျကျ ရှင်းပြတတ်သည်။

“Light is a form of energy which stimulates our sense of vision” အလင်းဆိုသည်မှာ ကျွန်ုပ်တို့၏ အမြင်အာရုံကို လှုံဆော်သော စွမ်းအင်တစ်မျိုးဖြစ်သည် လို့ရူပဗေဒဘာသာက အဓိပ္ပာယ်ဖွင့်ထားတယ်။ အလင်းရှိလို့ မတို့ တစ်တွေဟာ တစ်ယောက်ကို တစ်ယောက် မြင်နေရတာပေါ့” ၀င်းလဲ့ထိန်ဝါသည့် မ၏ မျက်နှာလေးကို ကျွန်တော် မော့ကြည့် လိုက်ချင်သော်လည်း စာရွက်ပေါ်က စာကြောင်းလေးကို တရွေ့ရွေ့ ထောက်ပြနေသည့် မ၏ လက်ညှိုးလေးအား ကျွန်တော် အားနာနေမိသည်။

ရွစိရွစိ လှုပ်ရှားနေသည့် မလက်ဖျားထိပ်က လက်သည်းများပေါ်တွင် ခရမ်းနုရောင် လက်သည်းဆိုးဆေးတို့ ဖုံးလွှမ်းထားသည်။ လက်သည်း အရှည်ထားပြီး လက်သည်းဆိုးဆေး ဆိုးတာကို မ.. အလွန် သဘောကျပုံရသည်။ မ လက်သည်းပေါ်တွင် ခရမ်းနုရောင်၊ ပန်းနုရောင်နှင့် ချောကလက်ရောင်တို့ကို အများဆုံးတွေ့ရသည်။ တစ်ခါတစ်လေမှာလည်း မလက်ပေါ်မှာ ဆေးစက်၊ ဆေးပြောက်များ၊ မြေဖြူမှုန့်များ ပေကျံနေတတ်သည်။ ပန်းချီဆွဲရင်း စာသင်ပေးသော မ ကို ကျွန်တော် ကျေးဇူးတင်မိသလို အားတုံ့အားနာလည်း ဖြစ်မိသေးသည်။ မ လက်တွေက စုတ်တံချပြီး မြေဖြူကိုင်လိုက်၊ မြေဖြူချပြီး စုတ်တံကိုင်လိုက်နှင့် ကျွန်တော့်ရှေ့မှာ အလုပ်ရှုပ်နေတတ်သည်။

ပြတင်းဝက အခန်းဆီးကလေအသင့်မှာ တလွင့်လွင့်နှင့်။

နံရံကပ်ထားသည့် အနက်ရောင် သင်ပုန်းတစ်ချပ်နှင့် ပန်းချီကားများက က္ကနြေ္ဒရနေသည်။ စုတ်တံ၊ ထောက်စင်၊ ကင်းဘတ်နှင့် ဆေးဘူးများက ကြမ်းပြင်ပေါ်မှာ ကပိုကရို။ မ ဘာတွေ ဆွဲနေတယ်ဆိုတာကို စူးစမ်းကြည့်မိသလို မ သင်ပြပေးသည့် သင်ခန်းစာများ လွတ်မသွားအောင်လည်း ကျွန်တော် ဂရုစိုက်နေရသည်။ ကျွန်တော့်ထက် အသက် ဆယ်နှစ်မကကြီးသော မ သည် ရူပဗေဒဘွဲ့ကို ရရှိခဲ့သော်လည်း ပန်းချီဆရာမ တစ်ယောက်အဖြစ် အသက်မွေးနေရသည့်အတွက် ကျွန်တော် အစက အံ့သြခဲ့ရပါသည်။ သို့သော်လည်း စုတ်တံကိုင်သည့် မ ၏လက်ချောင်းလေးများက ကျွန်တော့် အံသြမှုများကို လျော့ပါး သွားစေသည်။ မ ၏ တစ်ဦးတည်းသော တပည့်ဖြစ်သည့် ကျွန်တော်သည်လည်း မ လက်ထဲက စုတ်တံတစ်ချောင်းလို မ ဆွဲခေါ်ရာကို အသက်တမဲ့ လိုက်ပါခဲ့ပါသည်။

အလင်းရိုက်ခြင်း၊ အလင်းယိုင်ခြင်းနှင့် အလင်းပြန်ခြင်း အကြောင်းများကို နေရောင်အောက်တွင် မှန်တစ်ချပ်၊ ဖန်ခွက်တစ်ခွက်၊ နှင်းဆီတစ်ပွင့်နှင့် မ ရှင်းပြသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။ ပြီးတော့ မက ပန်းချီကားများကို လှမ်းကြည့်ရင်း အရောင်များအကြောင်းကို ပြောပြနေပြန်သည်။

“မ က အနီရောင်ဆိုရင် သွေးလို ရဲရဲနီနေတာထက် ပန်းသီးတစ်လုံးလို စွေးစွေးနီ နေတာကို ပိုသဘောကျတယ်။” ပြောရင်းပြုံးလိုက်သော မ၏ ပါးမို့မို့ပေါ်တွင် ပန်းရောင်သန်းသွားသည်။ ကျွန်တော်ကတော့ မ ၏ ရှည်လျားနက်မှောင်သော ဆံနွယ်များကြားတွင် ထိုးစိုက်ထားသည့် အနီရောင် နှင်းဆီ တစ်ပွင့်ကိုသာ သဘောကျနေမိသည်။

ဆွဲပြီး ချိတ်ထားသော ပန်းချီကားများ၊ ဆွဲပြီး အ၀တ် အထပ်ထပ်ပတ်၍ သိမ်းထားသော ပန်းချီကားများနှင့် ဆွဲလက်စ ပန်းချီကားများက ရေနံချေး မည်းမည်းမှိုင်းမှိုင်း သုတ်ထားသည့် မ တို့၏ နှစ်ထပ် ပျဉ်ထောင်အိမ်ကြီးထဲတွင် ဂန္ထ၀င်ဆန်နေပါသည်။ ပန်းချီကား အားလုံးကို မ..ဆွဲခဲ့တာတော့ မဟုတ်ပါ။ ဧည့်ခန်းထဲတွင် ချိတ်ဆွဲထားသည့် ပန်းချီကား အများစုမှာ မ အဖေ ဆွဲခဲ့သည်က များသည်။ ပါဝါမျက်မှန် တစ်လက်နှင့် ငြိမ်သက်နေသော ပန်းချီကားကတော့ မ ဆွဲထားသည့် မအဖေ၏ ပုံတူ ပန်းချီကားပင် ဖြစ်သည်။ သည်ပန်းချီကားကို ကြည့်ပြီး မ ကို ကျွန်တော် ချီးကျူးမိသည်။

“မရဲ့လက်က ‘မိုနာလီဇာ’ ပုံဆွဲတဲ့ လီယိုနာဒိုဒါပင်ချီထက်တောင် ပိုကောင်းတယ်။ ဒီပန်းချီကားကို ..ကိုနာလီဇာလို့ နာမည်ပေးလိုက်ရင် ကောင်းမယ်” မ က ကျွန်တော့် ကျောကုန်းကို တအုံးအုံး ထုကာ ရယ်ပါလေတော့သည်။
“စုတ်တံအချွန်ထက် စုတ်တံအပြားကို ကိုင်ပြီး ဆွဲရတာ ပိုအားရတယ်။ ဒါပေမယ့် မျက်တောင် မျက်လုံးလို အနုစိတ်လေးတွေကို စုတ်တံ အချွန်နဲ့ ထိရုံတို့ရုံလေး လုပ်နေရတာလည်း သိပ်အရသာရှိတာပဲ။”

သွယ်စင်းနူးညံ့သည့် မ လက်ချောင်းကလေးများက ကိုင်ထားသော စုတ်တံကို ခါရမ်းလိုက်သည်။ အညိုနုရောင် ဆေးစက် အချို့ မ ထဘီပေါ် ပေကျံသွားသည်။ မပြီးဆုံးသေးသော ပန်းချီကားတစ်ချပ်၏ ရှေ့တွင် ကျွန်တော်နှင့်မ ၏ အသက်ရှူသံများ ကျယ်လောင်နေသည်။ ပြတင်းဝမှ တိုးဝင်လာသော လေနုအေးက ကင်းဘတ်စပေါ်ရှိ စိုပျစ်ပျစ် ဆေးရောင်များကို ဖြည်းဖြည်းချင်း ခြောက်သွေ့သွားစေသည်။ သည်ရက်ပိုင်း မ ဆွဲနေသော ပန်းချီကားများမှာ အလုံးအထည်မပါ၊ အသွင်သဏ္ဍန်တို့ ခပ်ဖွာဖွာ ဖြစ်နေသည်ကို ကျွန်တော် သတိထားမိသည်။ အရောင်ကလည်း သိပ်မစုံ။ နှစ်မျိုး သုံးမျိုးလောက်သာ ပါနေတတ်သည်။ လှည့်နေ လည်နေသော ရေ၀ဲတစ်ခုဟု ထင်ရသည်။ မလင်း မမှိုင်းသော ဆေးရောင်တစ်မျိုးကို ရစ်ဝိုက်၍ ဆွဲထားသည်။ အနီးကို ကပ်ကြည့်လိုက်တော့ မျက်လုံးထဲတွင် ပျံ့လွင့်ေ၀၀ါးနေသည်။ ဘာကိုဆွဲထားတာလဲလို့ မကို မေးကြည့်တော့ “ဒါ အဝေးက ကြည့်ရမယ့် ပန်းချီကား” တဲ့။ ကျွန်တော် တလှမ်းချင်း နောက်ဆုတ်မိသည်။ မိခင်က ကလေးငယ် ကွေးကွေးကလေးအား ပွေ့ပိုက်ထားသည့် ဟန်ကို ဖျတ်ခနဲ့ မြင်လိုက်ရသည်။

“နွေးထွေး ယုယမှုကို မ အတတ်နိုင်ဆုံး ပုံဖော်ထားတာပါ။ ဒီပန်းချီကားလေးကို မေမေ မြင်သွားရင် တော်တော်လေး ၀မ်းသာရှာမှာပဲ” တမ်းတ ရေရွတ်လိုက်သည့် မ နှုတ်ခမ်းလေး ဖြူဖတ်ဖြူရော် ဖြစ်နေသည်။

မ မျက်နှာပေါ်မှာ အရောင်တွေ ပြောင်းသွားတတ်တာကို ကျွန်တော် မကြာခဏ တွေ့မြင်ခဲ့ရသည်။ မိတ်ကပ်နှင့် သနပ်ခါးတို့ကို ဘယ်အခါမှ လိမ်းခြယ်လေ့ မရှိသော မ မျက်နှာရှင်းရှင်းလေးသည် နေရောင်ထဲတွင် ၀င်းနေ၏။ တစ်ခါတစ်ခါမှာ မ နှင့် ကျွန်တော် အပြင်ဘက် ထွက်၍ စက်ဘီးစီးကြသည်။

မက စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင် မစီးတတ်၍ ကျွန်တော့်နောက်မှာသာ ထိုင်လိုက်လေ့ရှိသည်။ လေဆန်ကို ထိုးခွင်းဖို့ ကျွန်တော့် ခြေသလုံးကြွက်သားများတွင် အားအင်အပြည့် ရှိပါသည်။ စက်ဘီးနင်းရင်းမ လက်ညှိုး ညွှန်ရာကို ကျွန်တော် အမြဲ လှည့်ကြည့်မိသည်။ နို့စို့နေသော ခွေးပေါက်စကလေးများ၊ လိုချင်တာ မရ၍ မြေကြီးပေါ်တွင် လူးလှိမ့် ငိုယိုနေသည့် ကလေးငယ်တစ်ယောက်၊ မပွင့်သေးသော ပိတောက်တစ်ပင်၊ ဓာတ်ကြိုးများနှင့် ငြိတွယ် စုတ်ပြဲသွားသည့် အနီရောင် စွန်တစ်စင်း၊ အကြော်ဖိုမှ လွင့်ဝဲလာသော မီးခိုးများ၊ သံလမ်းထိပ် သံတံခါးရှေ့တွင် ရထားအလာကို ရပ်စောင့်နေကြသည့် လူတစ်အုပ်….၊

ငေးရီနေသည့် မ မျက်နှာကို မြင်မိသည်အထိ လှည့်ကြည့်လိုက်ရင်တော့ ကျွန်တော့်ကျောကို မ လက်နှင့် ရိုက်ပုတ်ပြီး “ရှေ့မှာ.. ကား..ကား..” လို့ သတိပေးတတ်သည်။

မြို့အပြင် လယ်ကွင်းစိမ်းစိမ်းများကို မြင်ရသည်အထိ ကျွန်တော်တို့ နှစ်ယောက် ခရီးဆန့်မိသည်။ အရှေ့ အရပ်ဆီမှ မဝေးတော့သည့် ဧရာဝတီကို မ နှင့်ကျွန်တော် လှမ်းမျှော်ကြသည်။ ဖြတ်ကျော်ခဲ့သည့် သက္ကယ်တန်း ချောင်ကလေးက လွမ်းစရာ။ “စက်ဘီးနင်းရတာ သိပ်မောနေပြီလား၊ မ လက်ဖက်ရည် တိုက်ပါ့မယ်” မ နှင့်ကျွန်တော် စက်ဘီးထွက်စီးသည့် ညနေခင်းတိုင်း မြို့လယ် ပလက်ဖောင်းပေါ်တွင် ခွေးခြေပု ထိုင်ခုံလေးများ ခင်းကျင်းထားတတ်သည့် ရွက်သစ်ကဖေးဆိုင်မှာ ထိုင်၍ စကားပြောလေ့ရှိသည်။

လမ်းပေါ်က ဖြတ်သွားဖြတ်လာများကို ငေးမောရင်း မိန်းမချောလေးများအား မြင်မိတိုင်း တောက်ပသွားသည့် ကျွန်တော့်မျက်ဝန်းထဲကို မ ၏ ပွင့်လင်းလေးလံသော စကားလုံးများ ပြုတ်ကျလာတတ်သည်။ “ငမ်းရုံပဲ ငမ်းနော်၊ စိတ်နဲ့တော့ မပစ်မှားလိုက်ပါနဲ့” မ ၏ စကားလုံးများက ကျွန်တော့် အမြင်အာရုံကို ထုထည်ကြီးစွာ ပိတ်ဆို့ပစ်လိုက်သည်။ “မိန်းမတွေဟာ ယောက်ျားတွေအတွက် အလှဆုံး ကောက်ကြောင်းလေးတွေလို့ ကမ္ဘာကျော် ပန်းချီဆရာ တစ်ယောက်က ရေးခဲ့ဖူးတယ်။

တကယ်တော့ ပုထုဇဉ် ယောက်ျားတစ်ယောက်ဟာ သူ့ရဲ့ စက္ခုအာရုံထဲမှာ ၀င်ရောက် လှုပ်ရှားလာတဲ့ မိန်းမချောလေးတွေထဲက တစ်ယောက်ယောက်ကိုစိတ် နဲ့ဖြစ်စေ၊ နှုတ်နဲ့ဖြစ်စေ ပြစ်မှားတတ်ကြတယ်။ မပစ်မှားဖူတဲ့ ယောက်ျားမျိုး ရှိတယ်ဆိုရင် ကျွန်တော့် နှလုံးသွေးတွေကို မ ပန်းချီဆွဲဖို့ ဖောက်ထုတ် ပေးလိုက်မယ်။”

ရဲပွင့်ညီမျှသော ကျွန်တော့်စကားများကို မ မငြင်းပယ်ပါ။ မ ၀တ်ဆင်ထားသည့်လည်ဟိုက် အင်္ကျီပေါ်က ဇာပန်းပွင့်လေးများကိုကျွန်တော် ရေတွက်ကြည့်မိတိုင်း မ မျက်နှာ လွှဲထားတတ်သည်။ မ ဆီက ပြင်းမြန်သော ၀င်သက် ထွက်သက်များကိုကျွန်တော် အသက်တမဲ့ ထိမိ လိုက်ပါသည်။

ညှိုးရီသော ညနေခင်းထဲ ပြေးဝင်လာမည့် အမှောင်ထုကို ကျွန်တော်နှင့် မ မတိုင်ပင်ဘဲ စောင့်ဆိုင်းနေမိသည်။

“မင်းနဲ့မ က ပေါင်းစပ်ဖို့ ခဲယဉ်းတဲ့ အရောင်နှစ်မျိုးပါ။ မင်းက လင်းလွန်းတယ်။ မ က မှောင်လွန်းတယ်။” မှိန်ဖျော့ဖျော့ လမ်းဘေး မီးရောင်အောက်တွင် စက်ဘီးလေးကို လက်ဖြင့်တွန်းရင်း အိမ်ပြန်ခဲ့ကြသည်။ အစာရှာထွက်ကြမည့် ညငှက် တစ်အုပ်က ဝေဟင်မှာ တဖျပ်ဖျပ်နှင့် အတောင်ခတ်နေသည်။ မ တို့ ပျဉ်ထောင်အိမ်မည်းကြီး ရှေ့ရောက်တော့ မ ကို‘ဂွတ်နိုက်’လို့ နှုတ်ဆက်လိုက်ပြီး ကျွန်တော် ထွက်ခွာ ခဲ့သည်။ ခြံဝင်းထဲမှ ခွေးဟောင်သံသည် ဟိန်းထွက်လာ၏။

************ 

ခွေးတစ်ကောင်ကို အဖော်ပြုရင်း ပန်းချီကားများနှင့် တိတ်ဆိတ်နေသော မသည် အိမ်ကြမ်းပြင်ပေါ်က ကျွန်တော့်ခြေသံကို နားစွင့်နေတတ်သည်။ မ ဆီကို ကျွန်တော် နေ့စဉ် ရောက်ဖြစ်သည်။ တစ်နေ့တော့ ဧည့်ခန်းထဲတွင် ပန်းချီကားတစ်ချပ်ကို ဖြုတ်ပေးဖို့ မက ကျွန်တော့်ကို ပြောသည်။ အနီးကပ် ကြည့်လျှင် ရေခဲတုံးများ စုပုံထားသည်ဟု ထင်ရသော်လည်း အဝေးကကြည့်လျှင် ခေါင်းရွက် ဗျက်ထိုး ဈေးသည်တစ်ယောက် ပါးစပ်ဟ၍ အော်နေပုံကို မြင်ရသည်။ ကျွန်တော် ခြေဖျားထောက်၍ ပန်းချီကားလေးကို ဖြုတ်ပြီး မလက်ထဲ ထည့်ပေးလိုက်သည်။ “ဒီပန်းချီကားလေးကို မ သိမ်းထားမလို့လား” ကျွန်တော့်အမေးကို မ မဖြေခင်မှာပင် ချောင်းတဟွတ်ဟွတ် ဆိုးနေသည်။ မရဲ့ချောင်းဆိုးသံတွေ တစ်နေ့တစ်ခြား ပြင်းထန်လာတာကို ကျွန်တော် သတိထားမိသည်။

“အဟွတ်.. အဟွတ်၊ မသိမ်းတော့ပါဘူးကွယ်။ ဒီပန်းချီကားလေးကို မ ရောင်းရတော့မယ်” တိုးညင်းသော မ အသံနှင့် ညှိုးမှိန်သော မ မျက်ဝန်းကလေးများက ကျွန်တော့်ကို ၀မ်းနည်းသွားစေသည်။

“ဖေဖေ အမွေပေးခဲ့တဲ့ ပန်းနာရောဂါကို ဖေဖေဆွဲခဲ့တဲ့ ပန်းချီကားလေးတွေက ကုသပေးကြတယ်ကွဲ့။ မ ရဲ့ ပန်းချီကားလေးတွေက ဖေဖေရဲ့ ပန်းချီကားလေးတွေလောက် ဈေးမရဘူး။”

ဧည့်ခန်းထဲက ပန်းချီကားလေးတွေ တစ်ချပ်ပြီးတစ်ချပ် ပြုတ်သွားသော်လည်း မ ဆီမှာ ချောင်းဆိုးသံက မတိတ်သေး။ တစ်ခါတစ်ရံတွင် ကိုင်ထားသော စုတ်တံ လွတ်ကျသွားသည်အထိ တဟွတ်ဟွတ် ဆိုးလာသည်။ မနံဘေးမှာ ကျွန်တော် အမြဲ နေချင်သော်လည်း မက နေခွင့်မပေး။ မိုးစုန်းစုန်းချုပ်သည်နှင့် မ ပါးစပ်က “ပြန်..တော့..လေ” ဆိုသည့် စကားတစ်ခွန်း လေးလံစွာ ထွက်ပေါ်လာသည်။ ချောင်းဆိုးသံများ တိတ်ဆိတ်သွားတိုင်း အရင်က ထက်ကြွ တုန်ခါနေသော မ၏ ရင်အ၀န်းဆီကို ကျွန်တော် စိုက်ကြည့်နေမိသည်။

မ ပါးစပ်က သွေးတစ်စက် ထွက်ကျလာသည့် တစ်ညနေ့မှာတော့ မရင်ဘတ်ကို ကျွန်တော့်လက်ဖ၀ါးနှင့် ခပ်တင်းတင်း ဖိထားမိသည်။မ လက်တွေက စုတ်တံကို မြဲမြံစွာ ဆုပ်ကိုင်ထားဆဲ။

“မဆွဲပါနဲ့တော့ မရယ်”

မ လက်ထဲက စုတ်တံကို ကျွန်တော်ဆွဲယူ၍ ပစ်ချလိုက်သည်။ မပြီးဆုံးသေးသော ပန်းချီကားတစ်ချပ်ဆီမှ မ မျက်နှာကို အားယူ၍ လွှဲနေသည်။ စကားကောင်းကောင်း မပြောနိုင်သေးသော မနှုတ်ခမ်းလေးတွေ တဆတ်ဆတ် တုန်နေတာကို ကျွန်တော် အနီးကပ် မြင်နေရသည်။

ပြတင်းဝမှ အလင်းရောင်သည် တရိပ်ရိပ် မှောင်ရီလာ၏။ မျက်လုံးတွေ တစ်ချက်တစ်ချက်မှာ မှိတ်မှိတ်သွား၏။ ရှိုက်ငင်ပိန်ပါးသည့် မ၏ ခန္ဓာကိုယ်လေးကို ကျွန်တော်ပွေ့ချီ၍ မွေ့ရာပေါ်ကို ဖွဖွလေး ချလိုက်သည်။

“မောင်…”

ခေါင်းနှင့် ခေါင်းအုံးအထိလိုက်တွင် တစ်ခါမှ မခေါ်ခဲ့ဖူးသော မ၏ ခေါ်သံက ကျွန်တော့်နှလုံးသားထဲထိ တိုးဝင်သွားသည်။

“ဒီညဟာ မ အတွက် နောက်ဆုံးည ဖြစ်ချင် ဖြစ်သွားနိုင်တယ်။”

အခန်းထဲတွင် အလင်းတစ်ဝက် အမှောင်တစ်ဝက် ရောယှက်နေသည်။

“ခုတင်အောက်က သံသေတ္တာထဲမှာ မ သိပ်မြင်ချင်တဲ့ အရောင် တစ်ရောင်ရှိတယ်။” ကျွန်တော် ခေါင်းငုံ့၍ သံသေတ္တာကို ဆွဲယူ ဖွင့်ကြည့်လိုက်တော့ ယောဂီရောင် အင်္ကျီ၊ ယောဂီရောင် ထဘီနှင့် ယောဂီရောင် တဘက်တစ်ထည်ကို တွေ့လိုက်ရသည်။

“ကြည့်စမ်း.. မေမေ ပေးခဲ့တဲ့ ၀တ်စုံကို မ ၀တ်ကြည့်ဖို့ မေ့နေတာ ဘယ်နှနှစ်များ ရှိသွားပြီလဲ” ကျွန်တော် ပြန်မဖြေနိုင်သလို မ ဆက်မပြောနိုင်တော့ပါ။

ပြတင်းဝတွင် တစ်ခြမ်းပဲ့နေသော လတစ်စင်း ဆိုက်ရောက်လာသည်။ ထိုးဆင်းလာသော လရောင် သဲ့သဲ့လေးထဲတွင် လဲလျောင်နေသော မနှင့် ခေါင်းငိုက်စိုက်ကျနေသော ကျွန်တော်တို့ အရိပ်များသည် အလှဆုံး ပန်းချီကား တစ်ချပ်ဖြစ်နေ၏။

ထိုညက မ အနားမှာ ကျွန်တော် အမှတ်တမဲ့ အိပ်ပျော်သွားပြီး ကျွန်တော့် အနားမှာ မ အသက်တမဲ့ အိပ်ပျော်သွားလေတော့သည်။

ခိုင်ထူးသစ်

မြားနတ်မောင်မဂ္ဂဇင်း ၊ ၂၀၀၄ ခုနှစ် ဇန်န၀ါရီ

အတုများ (၂၀၀၂ဇူလိုင်-မဟေသီ) ခိုင်ထူးသစ်














အတုများကို သူမုန်းမိသည်။ ဆံပင်အတု၊ သွားအတု၊ ခြေအတု၊ လက်အတုကအစ မုန်းသည်။ အသက်ကြီးလို့ သွားတွေ ကျိုးရင်တောင် ‘သွားတုမစိုက်ဘူး’ လို့ ဆုံးဖြတ်ထားသည်။ သူ့စိတ်အစွဲက အဲသည်လောက်ထိ ကြီးသည်။ ပစ္စည်းတစ်ခု၊ အသုံးအဆောင်တစ်ခု နာမည်ကြီးလာလျှင်၊ လူကြိုက်များလာလျှင် အတုလိုက်လာ တတ်သည်မှာ သဘာဝ။ အလွယ်လိုက်၍ အမြတ်ယူလိုသော စီးပွားရေးသမားများမှာ ခေတ်တိုင်းခေတ်တိုင်း ရှိနေလိမ့်မည်။ ဘယ်လိုပင် တားဆီးတားဆီး လုံးဝ ပျောက်သွားမည်မဟုတ်။ မိမိတို့ ၀ယ်ယူသုံးစွဲသူတွေဘက်က ရှောင်ဖို့ရှားဖို့သာ အရေးကြီးသည်။

အတုတွေကလည်း ပေါမှပေါ။ ဘယ်ပစ္စည်းဝယ်ဝယ် ဈေးသည်ကပင် ‘အစစ်ယုမလား၊ အတုယူမလား’ လို့မေးလာတတ်သည်။ ထင်ယောင်ထင်မှား တံဆိပ်တွေနှင့် ပုံစံတွေကလည်း သေချာကြည့်မှသိရသည်။

ဟိုတစ်လောက သူ့သားလေး နာရီပူဆာ၍ လိုက်ဝယ်ပေးရာ ကောင်တာထဲတွင် RADO နာရီတစ်လုံး ကိုတွေ့လိုက်ရသည်။ နာရီဒီဇိုင်းလေးက လှမှလှ။ အိုးကလေးက အနက်ရောင်။ အထဲကစိန်ပွင့်ကလေးတွေက တလက်လက်။ လက်ပတ်ကြိုး အလယ်မှာလည်း ရွှေရောင်လိုင်းလေးတွေ ပြေးထားသည်။ နာရီကို ထုတ်ကြည့်ပြီး ဈေးမေးလိုက်တော့ ထောင့်နှစ်ရာတဲ့။ သူ အံ့သြသွားသည်။

‘ဟ..ဟုတ်ရဲ့လားကွ၊ ဒီလို ဆွစ်မိတ်နာရီက ထောင့်နှစ်ရာပဲရှိသလား၊ ဈေးများ မှားနေသလား’ ဆိုတော့ ဆိုင်ရှင်ကောင်မလေးက တခစ်ခစ် ရယ်လေသည်။ ပြီးမှ ‘မဟုတ်ဘူး ဦးရဲ့၊ ဒါက RADO အတုကြီး၊ ဆွစ်မိတ်မဟုတ်ဘူး၊ ချိုင်းနားမိတ်’

လက်ထဲတွင် ကိုင်ထားသော နာရီကို ချက်ချင်း ပြန်ချမိသည်။ သူ့သားလေးကတော့ ထိုနာရီကို သဘောကျသွားပြီး ‘ဖေဖေ ဒီနာရီပဲ လိုချင်တယ်၊ ဒီနာရီပဲဝယ်ပေး’ လို့ တဆာဆာ တောင်းဆိုနေသည်။ ဘယ်လို ပြောပြောမရ။ သူကလည်း အစစ်ကို ၀ယ်မပေးနိုင်။ အတုကျ တော့လည်း မသတီ။ သို့သော်လည်း သားလေးကြိုက်နေသောကြောင့် အောင့်သက်သက်နှင့် ၀ယ်ခဲ့ရသည်။ သားလေးလက်ထဲက RADO နာရီကိုကြည့်မိတိုင်း သူ့စိတ်ထဲတွင် အားမလိုအားမရ ဖြစ်မိသည်။

‘ထီပေါက်လို့ကတော့ ဒီနာရီကို ပေါက်ခွဲပြီး အစစ်တစ်လုံး ၀ယ်ပေးမည်’ ဟုစိတ်ကူးမိသည်။ မသိနားမလည်သော သားလေးကတော့ ပျော်နေရှာသည်။

သို့သော်လည်း သားလေးကြာကြာ မပျော်နိုင်ပေ။ တစ်လလောက် ကြာတော့ လက်ထဲက နာရီမှာ ရွှေရောင်တွေ ကျွတ်လာသည်။ အထဲက စိန်ပွင့်ကလေး တွေကလည်း အရောင် သိပ်မလက်တော့ပေ။ လက်ပတ်ကြိုးမှာလည်း ခပ်မည်းမည်း ခပ်မွဲမွဲနှင့် အကြည့်ရ ဆိုးလာသည်။ ပြုံးပျော်နေသော သားလေး၏ မျက်နှာမှာလည်း နာရီကြည့်မိတိုင်း ရှုံ့မဲ့မဲ့ ဖြစ်သွားလေသည်။

‘တောက်…အတုတွေကတော့ အကုန်လုံး မီးရှို့ပစ်ဖို့ကောင်းတယ်၊ အတု လိုက်လုပ်တဲ့ ကောင်တွေကိုလည်း အရေးယူရမယ်။ ’သူ့စကားကြောင့် မိန်းမ၏ မျက်နှာမှာ တွန့်လိမ် သွားသည်။

“အိုတော်..ကျုပ်တို့လိုလူလတ်တန်းစား တွေအတွက်တော့အတုရှိမှပေါ့၊ရတဲ့ငွေကလေးနဲ့ အစစ်ကိုဘယ်ဝယ်နိုင်ပါ့မလဲ၊တချို့အတုတွေကျတော့ လည်းအစစ်နီးပါးကောင်းပါတယ်။ဒါနဲ့ နေပါဦး၊ အစစ်ကို ၀ယ်ရအောင် တော်ကရောငွေ ဘယ်လောက် ရှာပေးနိုင်လို့လဲ”

မိန်းမစကားကြောင့် သူငြိမ်သွားသည်။ ခေါင်းကိုကုပ်၍ မကြားချင်ယောင်ဆောင်ကာ အိမ်အ ပြင် ထွက်လာခဲ့သည်။ ရက်ဆိုင်သို့ ဦးတည်နေသော သူ့ခြေလှမ်းများကို ငုံ့ကြည့်ရင်း ထပ်၍ ဒေါသထွက်မိပြန်သည်။ ခြေလှမ်းတိုင်း… ခြေလှမ်းတိုင်း သူ့ခြေထောက်တွင် စီးထားသော ဖိနပ်မှာ ကျွတ်ချင်သလိုလို ကွာချင်သလို လိုဖြစ်လာသည်။ တကယ်တော့ သည်ဖိနပ်က အစစ်မဟုတ်။ ‘အော်’ ကိုတု၍ ချုပ်ထားသော မိတ် ‘အင်’ ဒီတွင် သာဖြစ်သည်။ ထို့ကြောင့်လည်း တာရှည်မခံ။ ချုပ်ကြောင်းရာတွေ ကွာလိုက်လာသည်။ ဖိန်ပိုမပြတ်အောင် ထိန်းစီးရင်း တောက် တခေါက်ခေါက်ဖြင့် အတုများကို ဆဲရေးနေမိသည်။ အရက်ဆိုင်ထဲ ရောက်သွားတဲ့အထိ တဖျစ်တောက်တောက်နှင့်။

“ဟ..ဆရာခိုင်၊ မျက်နှာကြီးကလည်း စူပုပ်နေတာပဲ၊ မိန်းမနဲ့ ရန်ဖြစ်လာတာလား၊ လာပါဦးဗျ”

လျှပ်စစ်ပစ္စည်း ရောင်းသော ခင်မောင်ဝင်းက အရက်ခွက်ထဲ ရေငှဲ့ရင်း သူ့ကိုလှမ်းခေါ်သည်။ သူလည်း ခင်မောင်ဝင်းတို့ ၀ိုင်းမှာပဲ ၀င်ထိုင်လိုက်သည်။

ဟေ့…၀ီစကီနှစ်ပက်ပေးကွာ’ သူ့အမှာကြောင့် ခင်မောင်ဝင်း အနည်းငယ် အံ့အားသင့်သွားသည်။ ဆရာခိုင်၊ အရင်က ရမ်ပဲသောက်တာနော်၊ အခုဝီစကီ ပြောင်းသောက်နေပြီလား’ ‘အေးကွ၊ ရမ်ကအတုပေါလို့ ၀ီစကီပြောင်း သောက်နေတာ၊ ဟိုတစ်လောက လှတောရွာဘက်မှာ ရမ်အတုသောက်မိလို့ လူသုံးယောက် ဆေးရုံတက်ရတာ မင်းလည်းကြားမှာပါ၊ အတုသမားတွေ တော်တော်ဆိုးတယ်ကွာ၊ ပစ္စည်းအတုလုပ်တာက တော်သေးတယ်၊ အစားအသောက်အတု၊ ဆေးဝါးအတု လုပ်တာကတော့ ဆိုးဝါးလွန်းပါတယ်၊ အဆိုးဆုံးကတော့ အရက်အတုကွအရက်အတု၊ ငါတို့ကို ထိခိုက်တယ်၊ ပိုက်ဆံသာ ရှိလို့ကတော့ ဂျော်နှီဝါကာတွေ၊ ဘလက်လေဗယ်တွေပဲ သောက်မယ်မောင်ရေ၊’ သူ့စကားကြောင့် အရက်ခွက်ကိုမော့ရန် ဟန်ပြင်နေသော ခင်မောင်ဝင်းမှာ တုံ့ဆိုင်းသွားသည်။

‘မထင်နဲ့ ဆရာခိုင်ရေ့၊ အဲ့ဒီဂျော်နီဝါကားတွေ၊ ဘလက်လေဗယ်တွေက ပိုပြီးအတုပေါတယ်။ ခင်မောင်ဝင်းက အရက်ခွက်ကို မော့ချလိုက်ပြီး အမြည်းခွက်ကို နှိုက်ရင်း ဆက်ပြောပြန်သည်။‘ တန်ဖိုးကြီးတော့ ပိုပြီး အတုလုပ်တာပေါ့ဗျာ၊ ပုလင်းအဖုံးကို ဆေးထိုးအပ်စိုက်လိုက်တယ်၊ ပြီးတော့ ပုလင်းကို မှောက် ဆေးထိုးအပ်ကိုဆွဲပြီး အထဲက အရက်အစစ်ကို နည်းနည်းချင်းဆွဲထုတ်တယ်။ ပြီးမှ အရက်အတုကို ဆေးထိုးအပ်နဲ့ ပြန်ထည့်ပြီး အဖုံးပေါ်က အပ်စိုက်ရာကို ပြန်ဖုံးတယ်၊ တကယ်ပိရိတယ်ဗျာ၊ နောက်ထုတ်ထားတဲ့ အစစ်ကိုဆိုင်မှာ ပက်ချင့်ရောင်းပြီး အတုကို တခြားပြန်သွင်းတယ်၊ ကိုယ့်ဆိုင်လာသောက်တဲ့ သူကတော့ အစစ်သောက်ရတာပေါ့ဗျာ၊ တရုတ်နယ်စပ်မှာ ဒီလိုလုပ်နေတဲ့ သူတွေအများကြီးပဲ’

ခင်မောင်ဝင်း ပြောတာတွေက စိတ်ဝင်စားစရာ ကောင်းလှသည်။ ပြီးတော့ ဈေးရောင်းနေသူဖြစ်သောကြောင့် အတုတွေနှင့်ပိုပြီး ရင်းနှီးသည်။ ထို့ကြောင့် သူလည်း ခင်မောင်ဝင်းနှင့် စကားကောင်းနေမိသည်။

‘မင်းတို့ လျှပ်စစ်ပစ္စည်း လောကမှာလည်း အတုပေါမှာပေါ့’ ‘ပေါတာပေါ့ ဆရာခိုင်ရယ်၊ လျှပ်စစ်ပစ္စည်း လောကမှာလည်း အတုတွေ၊ ပုံမှားရိုက်တာတွေ အများကြီးပဲ၊ ကျွန်တော်ဆိုရင် ဆိုင်မဖွင့်ခင်က ခဏခဏခံရတယ်၊ အဲ့ဒီတုန်းက တီဗွီအင်တင်နာဝယ်တာ အမျိုးအစားက TOSHIBUဗျ။ ကျွန်တော်လည်း တိုရှီဘာက ဈေးချောင်လှချည်လားဆိုပြီး၊ ၀ယ်လာတာ အိမ်ရောက်မှ တိုရှီဘာမဟုတ်ဘဲ တိုရှီဘူ ဖြစ်နေမှန်းသိရတယ်။ တိုအိုအက်စ်အိတ်(ခ်ျ)အိုင်ဘီအေ (TOSHIBA) ကိုမသိမသာနဲ့ တိုအိုအက်စ်အိတ်(ခ်ျ)ဗွီယူ (TOSHIBU) လို့လုပ်ထားတယ်။ ‘A’နဲ့ ‘U’ ကို မသိမသာ ပုံမှားလုပ်ထားတယ်။ သေချာ ကြည့်မှ တိုရှီဘူမှန်း သိရတယ်’

ခင်မောင်ဝင်းက ပြောပြီး တ၀ါးဝါးရယ်လေသည်။ သူလည်းမနေနိုင်တော့ ဘဲခွက်ထိုးခွက်လန် ရယ်လေတော့သည်။ အရက်ဆိုင် တစ်ဆိုင်လုံးမှာ ရယ်သံများ ဆူညံသွားသည်။

‘ဟ..ရယ်လှချည်လား၊ ဘာတွေများ သဘောကျနေကြတာလဲ’

‘အသံကြား၍ နောက်လှည့်ကြည့်လိုက်တော့ ပိန်ပိန်ရှည်ရှည်နှင့် လူတစ်ယောက်။ ထိုလူက ပြုံးဖြီးဖြီးနှင့် သူ့ပခုံးကို ကိုင်လျှက်။ ‘ဆရာ….ကျွန်တော့်ကို မှတ်မိလား’တဲ့။ သူလည်း စားပွဲခုံပေါ်က အရက်ခွက် ဘေးရှိမျက်မှန်ကို ကောက်တပ်၍ ကြည့်လိုက်သည်။ သို့သော်လည်း အရက်ရှိန်ကြောင့် ၀ါးတားတား။

‘ဆရာ့တပည့် သဘောင်္သား ဖိုးထောင်လေ’ ‘ဟ..ဖိုးထောင်ကြီးပါလား။ ပိန်ပြီးအသားတွေ ဖြူလို့ မှတ်တောင် မမှတ်မိဘူးကွာ၊ မင်းဘယ်တုန်းက ပြန်ရောက်တာလဲ’ ‘ရောက်တာ ကြာပြီဆရာ၊ ဆရာနဲ့ မတွေ့ဖြစ်လို့၊ လကုန်ရင်ပြန်ထွက်မှာပါ”

ဖိုးထောင်က ထိုင်လက်စ ၀ိုင်းက သောက်လက်စ အရက်ခွက်ကိုသွားယူပြီး သူတို့ ၀ိုင်းထဲပြောင်းလာသည်။ ခင်မောင်ဝင်းကလည်း ခုံကိုချဲ့၍ နေရာပေးသည်။ ကျွန်တော်ဒီမှာ တစ်ယောက်တည်း ထိုင်နေတာကြာပြီ၊ ရယ်သံတွေကြားလို့ ကြည့်လိုက်မှ ဆရာတို့မှန်းသိရတယ်၊ ဘာတွေများ သဘောကျ ပြီးရယ်နေကြတာလဲ’

‘သြော်…ဒီခေတ်ကြီးထဲ အတုတွေပေါတဲ့ အကြောင်းပြောရင်းရယ်မိတာပါကွာ၊ ဒါနဲ့မင်းတို့နိုင်ငံခြား သဘောင်္လောကမှာရော အတုတွေ မပေါဘူးလား’ ဖိုးထောင်က ချက်ချင်းပြန်မဖြေ။ စီးကရက်တစ်လိပ်ကို ကောက်ယူ၍ မီးညှိလိုက်သည်။ ပြီးမှရှိုက်ထားသော မီးခိုးများကို ဖွာထုတ်ရင်းပြောသည်။

‘ဘယ်လိုပြောလိုက်တာလဲ ဆရာရယ်၊ ကျွန်တော်တို့ နိုင်ငံခြားသင်္ဘောလောက၊ ရှိုးဂျော့ လောကတွေမှာ အတုတွေ အများကြီးပဲ၊ အလုပ်ခန့်စာအတု၊ စပွန်ဆာအတု၊ ပတ်(စ်)ပို့အတု၊ ဟောကျွန်တော်တို့ နိုင်ငံခြားသင်္ဘောတွေပေါ်မှာ မိန်းမအတု’

‘ဘယ်လိုဘယ်လို၊ မိန်းမအတုဟုတ်လား’

ဖိုးထောင်စကားပင် မဆုံးသေး၊ သူနှင့်ခင်မောင်ဝင် အံသြစွာဝင်ပြောလိုက်သည်။ ‘ဟုတ်တယ်ဗျ။ သင်္ဘောပေါ်မှာ မိန်းမအတုတွေရှိတယ် ’ဟာကွာ..မင်းကလည်း အတုတပ်ထားတဲ့ မိန်းမနေမှာပါ၊ မိန်းမအတုတော့မဟုတ်ပါဘူး’ နားမလည်သော ခင်မောင်ဝင်းက ၀င်ပြောတော့ ဖိုးထောင်ကရယ်သည်။

‘အတုတပ်ထားတာမဟုတ်ဘူး၊ တစ်ကိုယ်လုံးအတု ဖြစ်နေတဲ့ လေထိုးထားတဲ့ မိန်းမပုံ ရာဘာရုပ်ကြီးတွေကိုပြောတာ’ ထိုအခါကျမှ တ၀ါးဝါး ရယ်လေသည်။ ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲသွားရင် သင်္ဘောပေါ်မှာ မိန်းမအတုတွေပဲရှိတယ်ဗျ၊ ကျွန်တော် ကတော့ အတုကို အစစ်ထက် ပိုပြီးကြိုက်တယ်’ သည်တစ်ခါတော့ သူရော ခင်မောင်ဝင်းရော ခေါင်းခါမိသည်။

‘မင်းကလည်းကွာ အစစ်ကို ဘယ်မီပါ့မလဲ၊ မင်းရူးများ ရူးနေလား’ ဖိုးထောင်ကတော့ သူတို့ကိုကြည့်၍ လေးနက်တည်ငြိမ်စွာ ပြုံးသည်။ ‘ဆရာတို့ တကယ်မကြုံသေးလို့ အတုရဲ့တန်ဖိုးကို မသိကြတာပါ’ သူလည်း အတော်လေးမူးနေသော ဖိုးထောင်နှင့် ဆက်၍ အတိုက်အခံ မပြောလိုသောကြောင့် စကားလမ်းကြောင်း လွှဲလိုက်သည်။ မတွေ့ရတာ ကြာပြီ ဖြစ်သောကြောင့် စကားတွေက မဆုံးနိုင်။ တောင်ရောက် မြောက်ရောက်နှင့် ပြောလိုက်ကြသည်မှာ ညမိုးချုပ်သည်အထိ။ သူရော၊ ခင်မောင်ဝင်းရော၊ ဖိုးထောင်ရော စကားတွေ လေးလံလာပြီး ခေါင်းငိုက်စိုက်ပင် ကျလာသည်။

* * * * * * * * * * * * * *

အရက်ဆိုင်မသွားဖြစ်တာလည်း အတော်ကြာသွားပြီ။ မိန်းမက သူအပြင်ထွက်သည်ကို မကြိုက်သောကြောင့် ညနေရောက်တိုင်း အိမ်ထဲမှာပဲ တစ်ယောက်တည်း သောက်ဖြစ်သည်။ ဖိုးထောင်လည်း ပြန်ထွက်သွားပြီဟုကြားရသည်။ အရက်ဆိုင်တွင် ကြုံခဲ့သော ညက ဖိုးထောင် ပြောခဲ့သော အကြိုက်ကတော့ တွေးမိတိုင်း အံ့သြ၍ မဆုံးနိုင်။ တော်တော်ထူးတဲ့ ကောင်၊ အတုမှ ကြိုက်ရတယ်လို့’ ဟု ဆိုညဉ်းမိသည်။

သူကတော့ အရက်မူးတိုင်း အိမ်ထဲရှိ အတုမှန်သမျှကို ရိုက်ခွဲပစ်ချင်သည်။ သို့သော်လည်း မိန်းမက သူ့ကိုရိုက်ခွဲမည် စိုးသောကြောင့် အသာငြိမ်နေမိသည်။ တစ်နေ့တော့ သူ့အိမ်ကို လူတစ်ယောက် ကပျာကယာနှင့် ပြေးလာသည်။

‘ဆရာ..ဆရာ…၊ ဆုံးခါနီးလူနာတစ်ယောက်က ဆရာနဲ့ တွေ့ချင်တယ်ဆိုလို့၊ အမြန်လိုက်ခဲ့ပါဆရာ၊’ သူ ရုတ်တရက် အံ့အားသင့်သွားသည်။

“ဗျာ..ဘယ်သူများလဲ’

‘ဟိုရောက်မှ တွေ့လိမ့်မယ်ဆရာ၊ လူနာကဆရာ့ကို အရမ်းတွေ့ချင်နေတယ်၊ အခုလိုက်ခဲ့ပါ၊’

သူလည်း နားမလည်နိုင်ဘဲ ထိုလူလာခေါ်သော ကားလေးနှင့် လိုက်သွားလေသည်။ ခြေတံတိုအိမ်လေးတစ်လုံး ရှေ့ရောက်မှ ‘ကျွိ’ခနဲ့ ရပ်သွားသည်။ သူလည်း သိလိုစိတ်ဖြင့် အိမ်ပေါ်ပြေးတက်သွားတော့ ခုတင်ပေါ်တွင် မျက်တွင်းဟောက်ပက်ပက်နှင့် လူတစ်ယောက်။ ကိုယ်အနှံ့မှာ အနာစိုများနှင့်။ ဆရာ…ဆရာ၊ ကျွန်တော်ဖိုးထောင်ပါ’

ကြက်သီးများပင် တဖြန်းဖြန်းထသွားသည်။

‘ဟင်…ဖိုးထောင်၊ မင်းပြန်ထွက်သွားပြီဆို’ ‘ဟုတ်တယ်ဆရာ၊ ကျွန်တော်လူတွေကို ပြန်ထွက်သွားပြီလို့ လိမ်ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ဘယ်လိုမှ ပြန်ထွက်လို့ မရတော့ဘူး။ ကျွန်တော့်မှာ AIDSရှိနေတာကြာပြီ။ ရှက်လို့ ထွက်ဟန်ဆောင်ပြီး ဒီမှာ တိတ်တိတ်ကလေး နေခဲ့တာ၊ ကျွန်တော့်အဖြစ်က ဆိုးလွန်းပါတယ် ဆရာရယ်။’

ပြောရင်း..ပြောရင်း မျက်ရည်များပင် လိမ့်ဆင်းလာသည်။ ‘အစစ်ကြောင့်ဆရာ၊ အစစ်ကြောင့် ကျွန်တော်ဒီလိုဖြစ်ရတာ၊ သင်္ဘောပေါ်မှာ မိန်းမအတုတွေနဲ့ပဲ ကျေနပ်ခဲ့မယ်ဆိုရင် ဒီလိုဖြစ်မှာမဟုတ်ဘူး၊ အခုတော့ သင်္ဘောဆိပ်ကမ်းမှာ ကပ်တိုင်း အစစ်တွေနဲ့ တွေ့ခဲ့ လို့ ဒီလိုဖြစ်ရတာပါ၊ ဒါကြောင့်မို့ အတုတွေက တန်ဖိုးရှိတယ်လို့ ကျွန်တော်ပြောခဲ့တာပေါ့ ဆရာရယ်၊’

စကားပြောရင်း ဖိုးထောင်မောလာသည်။ ‘စကားတွေ သိပ်မပြောပါနဲ့ ဖိုးထောင်ရယ်’ ဖိုးထောင်ကို ဖြေသိမ့်ရင်း အားပေးစကားတွေ ပြောခဲ့ရသည်။ သို့သော်လည်း ဖိုးထောင်၏ နောက်ဆုံးထွက်သက်ကို မကြားလိုသောကြောင့် ဖိုးထောင်ကို နာနာကျင်ကျင် နှုတ်ဆက်၍ အိမ်ပြန်လာခဲ့သည်။ အိမ်အပြန်သူ့ခြေလှမ်းများမှာ လေးလံပြီး သူ့စိတ်မှာ ထိုင်းမှိုင်းနေ၏။

* * * * * * * * * *

ထိုညက တစ်ညလုံး အိပ်မပျော်ပေ။ ခြင်ထောင် မျက်နှာကြက်ကို မော့ကြည့်ရင်း တွေဝေနေသည်။ ညဉ့်နက်သည်အထိ သူ့စိတ်မှာ ချောက်ချားနေသည်။ လူ့လောက၏ အဖြစ်အပျက်တရားများကို စဉ်းစားရင်း ထိတ်လန့်နေမိသည်။ သူ့ကိုယ်မှာ ခုတင်ပေါ်တွင် ပက်လက်လန်လျှက်။ ဘေးမှာတော့ အအိပ်ကြီး၍ အအိပ်ကြမ်းသော သူ့ မိန်းမက တခေါခေါအိပ်နေရာမှ သူ့ဘက်လိမ့်လာသည်။ ခြေထောက်က သူ့ပေါင်ပေါ်လာခွပြီး လက်က သူ့ရင်ဘတ်ပေါ် လာတင်သည်။ သူ ချွေးများပြန်လာပြီး ခြေထောက်နှင့် လက်ကို သူ့ကိုယ်ပေါ်မှ အလျှင်အမြန်ဖယ်ချလိုက်သည်။

‘အစစ်ကြောင့်ဆရာ.. အစစ်ကြောင့်’ ဆိုသည့်ဖိုးထောင်၏ စကားများကို ကြားယောင်လာသည်။ ထိတ်ထိတ်လန့်လန့် ဖြစ်လာပြီး အိပ်ရာမှ ‘ငေါက်’ ခနဲ့ ထထိုင်လိုက်သည်။

“မဖြစ်ဘူး..မဖြစ်ဘူး၊ ဒီညကစပြီး ဒီမိန်းမနဲ့ ခွဲအိပ်ရတော့မယ်’ ခြင်ထောင်ထဲမှ ထွက်လိုက်ပြီး စောင်တစ်ထည်ကို ဆွဲယူကာ ဧည့်ခန်းထဲ ထွက်လာခဲ့သည်။ ပြီးတော့ သူ့စိတ်ထဲတွင် စိတ်ကူးတစ်ခု ပေါ်လာသည်။ ‘အင်း….ဖိုးထောင်ပြောတဲ့ အတုတစ်ခုလောက်တော့ ရှာဝယ်ရဦးမယ်

ခိုင်ထူးသစ်

( မဟေသီမဂ္ဂဇင်း ၂၀၀၂ ဇူလိုင်လ )