စာရှုသူ အပေါင်း ချမ်းမြေ့ပါစေ

Thursday, February 23, 2012

ခိုကလေး၏အယူသီးမှု(ခင်မောင်သန်း-စိတ်ပညာ)



ကျွန်တော်၏မိတ်ဆွေတစ်ယောက်သည် ဘော်ပင်နှစ်ချောင်းကိုအမြဲဆောင်ထားလေ့ရှိသည်။ တစ်ချောင်းမှာ သာမန်ကိစ္စ
များတွင်အသုံးပြုရန်ဖြစ်ပြီး၊ ကျန်တစ်ချောင်းမှာအရေးကြီးသောကိစ္စများတွင် အသုံးပြုရန်ဖြစ်သည်။ ဥပမာ၊ အလုပ်လျှောက်လွှာရေးရန် စာမေးပွဲဖြေသည့် အခါသုံးရန်ဖြစ်သည်။ ဤဘောပင်ကိုသုံးပါက အောင်မြင်မှုရသည်ဟုသူယုံကြည်သည်။

အခြားမိတ်ဆွေတစ်ဦးကမူ မည်သည့် အခါမှမသုံးသည့်ငွေစက္ကူတစ်ရွက်ထည့်ထားသည်။ထိုငွေကနောက်ထပ်ငွေများကို သူ့
အိတ်အတွင်းသို့ဆောင်ကြဉ်းလာလိမ့်မည်ဟု သူယုံကြည်ကြောင်းပြောပြသည်။အခြားတစ်ဦးကမူ အုန်းသီးအတွင်းမှရသော အုန်းအမြုတေကိုဆောင်ထားလေ့ရှိသည်။ တောလမ်းတွင်ခရီးသွားရသည့် အခါအန္တရာယ်ကင်းစေသည်ဟု သူယုံကြည်သည်။
အစောင့်အရှောက်ရှိသည်ဟုယုံကြည်သော ကျောက်မျက်ရတနာတစ်ခုအား လက်စွပ်ကွင်း၍၀တ်ဆင်ထားသူတစ်ဦးကိုလည်း
တွေ့ ရသည်။ဘေးဒုက္ခမရောက်စေရန် အစောင့်အရှောက်များကကူညီသည်ဟု ယုံကြည်ကြောင်းပြောပြသည်။
အဆောင်တစ်ခုမဟုတ်တစ်ခု ဆောင်လေ့ရှိသူအများအပြားပင်ရှိသည်။

စိတ်ပညာရှင်တစ်ဦးသည် ခိုများနှင့်စမ်းသပ်မှုတစ်ခုလုပ်ခဲ့သည်။ အ၀ိုင်းပုံသဏ္ဍန်နှင့်တြိဂံပုံသဏ္ဍန် နှစ်ခုတွင်တြိဂံပုံ
သဏ္ဍန်ကို နှုတ်သီးနှင့်ခေါက်တတ်ရန်သင်ပေးလိုသည်။ပထမတွင်ခိုသည် ပုံနှစ်ခုမှတြိဂံပုံကိုရွေးချယ်ပြီးခေါက်ရမည်ကို မသိသေး။
တြိဂံပုံဘက်သို့ ခေါင်းလှည့်လျှင် (သို့မဟုတ်)အနီးအနားသို့ကပ်သွားလျှင် စိတ်ပညာရှင်ကခိုအားအစာကျွေးသည်။အ၀ိုင်းဘက်သို့
ခေါင်းလှည့်လျှင် သို့မဟုတ် ကပ်သွားလျှင် ခိုသည်အစာမရ။
ဤနည်းအတိုင်းခိုအားဆက်တိုက် အစာကျွေးလာသည့်အခါ ခိုသည်ပုံနှစ်ပုံအနက် တြိဂံပုံကိုရွေးချယ်ပြီးနှုတ်သီးနှင့်ခေါက်
သည့် အပြုအမူကိုတတ်မြောက်လာသည်။

အကယ်၍သင်သည်စိတ်ဝင်စားပါက "သင့်ချစ်သူနှင့်တွေ့ရလိမ့်မည်" "စီးပွားရေးကောင်းလိမ့်မည်။" "စာမေးပွဲအောင်လိမ့်မည်" စသောစာများရေးထားသည့်စက္ကူလိပ်ကလေးများ၊ကပ်ပြားလေးများကိုရွေးချယ်ပေးမည့်ခိုကလေးများ၊စာကလေးများဖြစ်လာအောင်သင်ကြားပေးနိုင်သည်။
ခိုကလေးများနှင့်စမ်းသပ်မှုပြုသည့် စိတ်ပညာရှင်အမည်မှာ စကင်နာဖြစ်သည်။စိတ်ပညာဝေါဟာရကို အသုံးပြုပြီး
အထက်ကဖြစ်ရပ်ကိုဖော်ပြရပါက အားဖြည့်မှု သို့မဟုတ် ဆုပေးမှုကြောင့် ခိုကလေးသည်စကင်နာပြုလုပ်စေလိုသည့် အပြုအမူကို
ပြုလုပ်လာသည်။ ထိုအပြုအမူကိုဆက်လက် အားဖြည့်ပေးခြင်းကြောင့် အပြုအမူသည်တည်မြဲလာခဲ့သည်။

စကင်နာသည်စိတ်ကူးတစ်မျိုးရလာပြန်သည် ခိုကလေးအားပုံမှန်အစာကျွေးမည်။ ခိုကလေးကမည်သို့သောအပြုအမူ
ပြုလုပ်သည်ဖြစ်စေ ၊ပုံမှန်အစာကျွေးပါက မည်သို့သောအပြုအမူပေါ်ပေါက်လာနိုင်မည်နည်း။

တစ်နေ့တွင်သူသည် ခိုလေးတစ်ကောင်အားလှောင်ချိုင့်ထဲထည့်လိုက်သည်။ ၁၅စက္ကန့်တစ်ခါ အစာကျွေးသည်။ထိုသို့ကျွေးလိမ့်မည်
ကိုခိုကလေးကသိမထားနှင့်ပေ။ အစာစားရန်ခိုကလေးသည် မည်သည့် အပြုအမူကိုမျှပြုလုပ်ရန်မလို။ ၁၅စက္ကန့်တစ်ကြိမ်နှုန်းနှင့်
ပုံမှန်အစာကျွေးလာသည့် အခါခိုကလေးတွင် ထူးဆန်းသောအပြုအမူများပေါ်ပေါက်လာသည်။
ထိုခိုကလေးသည် လက်ဝဲရစ်ပတ်ချာလှည့်နေသည့် ခိုကလေးဖြစ်လာသည်။ ဤနည်းအတိုင်း အခြားခိုကလေးများကို
အစားကျွေးရာတွင်လည်း ထူးခြားသည့်အပြုအမူများ ပေါ်ပေါက်လာသည်။ လှောင်အိမ်ထောင့်ဆီကို ဦးခေါင်းနှင့်ချိန်ရွယ်သည့်
ခိုကလေး ၊ခေါင်းကိုမြင့််ချည်နိမ့်ချည်ပြုလုပ်နေသောခိုကလေး၊ ကြမ်းပြင်ကိုတောင်ပံနှင့်ပွတ်လျှက်သွားသောခိုကလေး စသည်ဖြင့်
အပြုအမူအမျိုးမျိုးပေါ်ပေါက်လာသည်။

ခိုကလေးများက မည်သည့်အပြုအမူကိုလုပ်သည်ဖြစ်စေ စကင်နာက၁၅စက္ကန့်တစ်ကြိမ် ၊အစာကျွေးမြဲကျွေးနေသည်။
ခိုကလေးများကမူ သူတို့၏အပြုအမူကြောင့် အစာစားရဟန်ပြုလုပ်နေကြသည်။
လူသားများဆိုပါက "ငါတို့ဒီလိုလုပ်လို့ အစာစားရတယ်"ဟုပြောဆိုကြလိမ့်မည်။

ခိုကလေးများ၏အပြုအမူသည် လူသားတို့၏အပြုအမူနှင့်မည်မျှခြားနားပါသနည်း။လူသားများဆိုပါက သူတို့၏အပြုအမူကို
လာဘ်ကောင်းသည်ဟု ဆိုကြလိမ့်မည်။စကင်နာက ခိုကလေး၏အပြုအမူကို "အယူသီးသည့်အပြုအမူ"ဟုခေါ်ဆိုခဲ့သည်။
ခိုကလေးများတွင် အယူသီးသည့် အပြုအမူပေါ်ပေါက်လာပုံကို ဤသို့ရှင်းလင်းခဲ့၏။ စမ်းသပ်သူက ခိုကလေးအား
စတင်အစာကျွေးချိန်တွင် ခိုကလေးသည်အပြုအမူတစ်ခုခုလုပ်နေလိမ့်မည်ဟု သူကဆိုသည်။ခိုကလေးများသည် ခေါင်းကိုနှိမ့်ချည်
မြင့်ချည်လုပ်တတ်သည့် သဘာဝရှိရာ၊ ထိုအချိန်တွင်အစာအစားရပါက ထိုအပြုအမူကိုအားဖြည့်ပေးရာရောက်သည်။ အကျိုးဆက်
အားဖြင့်ခိုကလေးသည် ထိုအပြုအမူကိုဆက်လက်လုပ်ဆောင်လာမည်ဖြစ်ပေသည်။ဒုတိယအစာကျွေးမည့်အချိန်တွင်လည်း ခိုကလေး သည်ခေါင်းကိုမြင့်လိုက်နှိမ့်လိုက်လုပ်နေရန် အလားအလာများပေသည်။

တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်လာသော အားဖြည့်မှုကြောင့် ခိုကလေးတွင်အယူသီးသည့် အပြုအမူပေါ်ပေါက်လာခဲ့သည်
ဟု စကင်နာကရှင်းပြသည်။
သူတို့ပြုလုပ်သည့်အပြုအမူကြောင့် အစာစားရခြင်းမဟုတ်။အစာကို ၁၅စက္ကန့်တစ်ကြိမ် အလိုအလျောက်ကျွေးနေသည်။
အစားရမှုနှင့် အပြုအမူတို့နီးကပ်စွာပေါ်ပေါက်လာရခြင်းကြောင့် ထိုအပြုအမူကိုအစာရမှုအတွက် အကြောင်းတရားဟု ယူဆဖွယ်ရာ
ဖြစ်လာသည်။

တိုက်တိုက်ဆိုင်ဆိုင်ကြုံကြိုက်လာသည့် အားဖြည့်မှု၊သို့မဟုတ်ထီပေါက်မှု၊ စာမေးပွဲအောင်မှု၊ စီးပွားရေးကောင်းလာမှု
တို့ကြောင့်လူသားများတွင်လည်း အယူသီးသည့် အပြုအမူများပေါ်ပေါက်လာသည်။ ပေါ်ပေါက်ရန်လွယ်ကုသော်လည်း ဖျောက်ဖျက်
ရန်အလွန်ခဲယဉ်းလှသည်။
အယူသီးသည့်အပြုအမူသည် ခိုကလေးများနည်းတူ ကျွန်ုပ်တို့တွင်ပေါ်ပေါက်လာသော်လည်း ဤနည်းသည်တစ်ခု
တည်းသောနည်းမဟုတ်ချေ။ ဘိုးစဉ်ဘောင်ဆက် ယုံကြည်လက်ခံလာသည့် ယုံကြည်မှုကြောင့်လည်းကျွန်ုပ်တို့တွင် အယူသီးသည့်
အပြုအမူများ ပေါ်ပေါက်စေနိုင်သည်
ခရီးသွားသည့် အခါရက်ကောင်းကိုရွေးပြီးသွားတတ်သည့်အကျင့်မှသည် တစ်နှစ်တစ်ခေါက်တောင်ပြုံးပွဲသို့
မသွားရမနေနိုင်သည့် အပြုအမူများ ကျွနိုပ်တို့တွင်ပေါ်ပေါက်လာနိုင်သည်။ အဘယ့်ကြောင့်နည်း။
တစ်ခါမိတ်ဆွေတစ်ဦးထံမှ သတင်းစကားကြားရဖူးသည်။ နိုင်ငံခြားသံတမန်အဖွဲ့ဝင်တစ်ဦးသည် တောင်ပြုံးပွဲ
သို့မရောက်ဖူးသဖြင့် သံတမန်မိတ်ဆွေတစ်ဦးနှင့်လိုက်လာခဲ့သည်။ ကမ္ဘာ့အနောက်ခြမ်းရှိ သူသွားလိုသောနိုင်ငံတစ်ခုသို့ ပြောင်းရွေ့
အမှုထမ်းရပါက ၀တ်လဲတော်ဆက်မည့်အကြောင်း မြန်မာမိတ်ဆွေတစ်ဦး၏တိုက်တွန်းချက်ကြောင့် ကတိခံခဲ့သည်။ များမကြာမီ
သူ သွားလိုသောနိုင်ငံကိုပြောင်းရွေ့ အမှုထမ်းရသည်။ သူ့ကတိအတိုင်း ၀တ်လဲတော်လာဆက်ရသည်ဟု ကြားဖူးသည်။

တိုက်ဆိုင်မှုဟုဆိုမည်လော။ မစမှုဟုဆိုမည်လော။ ဤမေးခွန်း၏အဖြေသည် သင်၏သဘောထားပေါ်မူတည်သည်။
အနောက်နိုင်ငံတွင်လည်း အယူသီးမှုရှိကြသည်။ ရေနွေးငွေ့နှင့်မောင်းနှင်သည့် သင်္ဘောမပေါ်မီက သဘောင်္သားများတွင် အယူသီး
မှုတစ်ရပ်ရှိခဲ့သည်။ သဘောင်္ပေါ်တွင် မိန်းမတစ်ဦးပါလာပါက ကံမကောင်းဟုယူဆလေ့ရှိသည်။ သင်္ဘောသားသုံးလေးဆယ်ပါသော
သင်္ဘောနှင့် ရက်ရှည်လများခရီးသွားရသည့် အခါ အမျိုးသမီးတစ်ဦးသာပါလာပါက အမှန်တကယ်ကံမကောင်းဖြစ်မှာသေချာသည်။
တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်ကြသည်အထိ ဖြစ်လာနိုင်သည်။ ဤသို့သော အယူသီးမှုတွင် လက်တွေ့ အသုံးကျသည့် သဘောပါ
သည်။
ရှမ်းပြည်တွင် စိမ့်စမ်းရေထွက်သည့်နေရာ၌ သစ်ကြီးဝါးကြီးများအုပ်ဆိုင်းနေတတ်သည်။ ထိုနေရာမှသစ်ပင်ကို ထင်းအဖြစ်
ခုတ်ယူပါက နတ်မကြိုက်။ ဒုက္ခရောက်တတ်သည်ဟု အယူရှိကြသည်။ စိမ့်စမ်းရေထွက်သည့်နေရာကန်းမသွားစေရန် တားမြစ်
သည့်သဘော ဤယုံကြည်မှုတွင်ပါမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း ကျွနိုပ်တို့၏အယူသီးမှုအားလုံးတွင် ဤသို့သော
သဘောပါမည်ဟုမဆိုနိုင်ပေ။
ခင်မောင်သန်း(စိတ်ပညာ)

1 comment:

သိင်္ဂါကျော် said...

ခိုကလေး တွေမှာတောင် အယူသီးမှု ရှိတယ်နော်..
တစ်ချို့ ဒေသတွေက အယူသီးမှုတွေကတော့ တစ်ခါ တိုက်ဆိုင်ရုံ မဟုတ်ပဲ အခါခါ တိုက်ဆိုင်နေတာမျိုး ဖြစ်လာတဲ့အခါ သူတို့ ယုံကြည်ကြတာလည်း မပြောသာဘူးပေါ့...။