စာရှုသူ အပေါင်း ချမ်းမြေ့ပါစေ

Tuesday, March 6, 2012

ဆရာကြီးရွှေဥဒေါင်း၏ "ဒိဌေဒိဌမတ္တံကျင့်စဉ်"


ဒိဌေဒိဌမတ္တံ ဟူသော ပါဠိတော်အရမှာ မြင်ကာမတ္တ၊ ကြားကာမတ္တ၊နံကာမတ္တစသည်ဖြင့်အာရုံ၆ပါးတို့၌မိမိစိတ်ကို“ဘရိတ်အုပ်” ရမည်ဟုဆိုလိုသည်။ အနည်းငယ်ရှင်းရသော်အသံတစ်ခုကိုကြားလျှင် ဘာသံလဲဟူ၍ပင်မစဉ်းစားစေဘဲ စိတ်ကိုထိန်းရမည့် အဓိပ္ပာယ်မျိုးဖြစ်သည်။ အခြားသောဒွါရပေါက်များတွင်လည်း ဤအတိုင်းပင်ဖြစ်သည်။
ဒွါရခြောက်ပေါက်အနက်မနောဒွါရမှာအထိန်းရအခက်ဆုံးဖြစ်သည်ကို တွေ့ရသည်။ဥပမာ..လမ်းပေါ်မှအော်ဟစ်သံကြားလိုက်ရသည့်အခါ “ဘယ်သူပါလိမ့်။ ဘာကြောင့်ပါလိမ့်။ ရန်ဖြစ်ကြတာလား။ ငါ့အိမ်သားများနဲ့ရန်ဖြစ်တာလား ။ ဟိုဘက်
အိမ်ကလူများနဲ့မနေ့ကစကားများကြဖူးတယ်။ သူတို့ဟာတယ်ဆိုးတဲ့လူတွေပဲ။ အသံကတော့မိန်းမသံနဲ့တူတယ်။”
စသည်ဖြင့်ရှည်လျားစွာ စဉ်းစားမိတတ်လေတော့သည်။ ဤကားပြုနေကျစိတ်သဘာဝတည်း။

(ကြံစည်ခြင်းဖြင့်အချိန်ဖြုန်းခြင်း)

ထို့ပြင်၎င်းဝါဒအတိုင်း ကြိုးစား၍ အားထုတ်သောအခါ အာရုံတစ်ခုအကြောင်းနှင့် ပတ်သက်၍ရှည်လျားစွာလိုက်ပြီး စိတ်မကူးရ ဟုဆိုခြင်းအားဖြင့် လွန်လေပြီးသော အတိတ်ကာလအကြောင်း၊ မဖြစ်သေးသော အနာဂတ်ကာလ
အကြောင်းများကို စိတ်မကူးရဟူသော အဓိပ္ပာယ်ကိုတွေ့ ရသည်။ စိတ်သည်ပစ္စုပ္ပန်တည့်တည့်ပေါ်၌ မနေတတ်ဘဲ
ရှေ့အကြောင်း နောက်အကြောင်းများကို စဉ်းစားချင်တတ်သော သဘာဝရှိသည်။

မြင်ခြင်း၊ ကြားခြင်း၊ နံခြင်း၊ လျက်ခြင်း
ထိတွေ့ ခြင်းပဉ္စာရုံများနှင့် မကြုံကြိုက်ပြန်လျင်လည်း လွန်လေပြီးသော အဖြစ်အပျက်များ သို့မဟုတ် ရှေ့အဖို့မည်ကဲ့သို့
ပြုလုပ်မည်ဟူသောအကြံအစည် ၊ မည်ကဲ့သို့ဖြစ်လိမ့်မည်ထင်သည် ဟူသောမှန်းဆချက်၊မည်ကဲ့သို့ပြုလုပ်လျင် ကောင်းပါ
မည်နည်းဟူသော စိတ်ကူးတွေးတောချက်များဖြင့် အချိန်ကုန်လျက်ရှိသည်ကို တွေ့ရသည်။ လွန်လေပြီးသောအဖြစ်အပျက်
များနှင့်ပတ်သက်၍လည်း ဤသို့ ပြုခဲ့၍သာတော်ပေတော့သည်။ ထိုသိြု့ပုခဲ့မိပါလျင် ကိုယ်ကျိုးနည်းရချေရဲ့ ဆိုကာ ကိုယ့်
ဟာကိုယ်ကျေနပ်ခြင်း၊ ကိုယ့်ဟာကိုယ်မကျေနပ်ခြင်း စသည်များဖြင့် အချိန်ကုန်တတ်သော သဘာဝရှိသည်ကိုတွေ့ရသည်။

(နီးစပ်ရာ ကူးကျော်ပုံ)

ထိုကဲ့သို့ စူးစူးစိုက်စိုက် စဉ်းစားဆင်ခြင်ရန် ပြဿနာမရှိသောအခါတွင်လည်း စိတ်ကလေးအလုပ်လုပ်တတ်ပုံမှာ အလွန်
ဆန်းကြယ်သည်။ ဥပမာ…မိတ်ဆွေတစ်ယောက် လေယာဉ်ပျံနှင့် ဆိုက်ရောက်မည့်အကြောင်းကို ဖျတ်ခနဲ့သတိရလိုက်
သည့်အခါ “ခုတလောမှာလေယာဉ်ပျံတွေ သိပ်စိတ်မချရဘူး။ ကမ္ဘာမှာလေယာဉ်ပျံပျက်တဲ့သတင်းတွေ ခဏခဏ ကြား
ရတယ်။ မန္တလေး ၀ါးတန်းက ‘ရေချို’ ကိုအေးမောင်တစ်ယောက် ကံကောင်းလို့ပါလား၊ ဒါထက်ငါးပိရေချိုမစားရတာကြာ
တော်တော်ကြာသွားပြီ။ ငံပြာရည်ဖျော်နဲ့ချည်း ငြီးငွေ့နေပြီ။ မြိတ်ငံပြာရည်စစ်စစ်ရလျှင်တော်သေးရဲ့။ တစ်ပြည်လုံးနှံ အောင်
ရောက်ဖူးပြီဆိုပေမယ့် မြိတ်တစ်ခုတော့ ငါမရောက်ဖူးသေးဘူး။ ပင်လယ်ကူးသင်္ဘောလည်းစီးဖူးအောင် မြိတ်ကိုတော့
တစ်ခေါက်လောက်သွားလည်ဦးမှပဲ။ ဒါပေမယ့် သင်္ဘောစီးချင်းစီးရင်း ဗုဒ္ဓဇယန္တိပွဲတော်ကြီးအတွင်းမှာ အိန္ဒိယသွားလည်
လျှင်တော့တစ်ဝက်ခနှုန်းရတယ် ဆိုပဲ” စသဖြင့် တရှည်တလျားကြီး ကူးကျော်ပြေးလွှားနေတတ်သည်။

စိတ်ကလေး၏ကူးကျော်ပြေးလွှားပုံ အခြင်းအရာမှာ ငယ်စဉ်ကရဖူးသည့် လင်္ကာလေးတစ်ပုဒ်နှင့်တူလှပေသည်။
ဘုရားကျွန်တော်
တောင်ပေါ်ကျွန်းက
ဆင်တော်တစ်စီး
အမြီးငွေလိပ်
လိပ်သည့်သင်ဖြူး
ဖြူးသည့် လေညင်း
ညင်းသည့်အမည်း
မည်းသည့်မီးသွေး
သွေးသည့်နံ့သာ
သာသည့်လမင်း….စသည်ဖြင့်အတောမသတ်နိုင်အောင် အလိုရှိတိုင်း ဆက်ပေးနိုင်သည့်အလင်္ကာတစ်ပုဒ်ပေတည်း။
စိတ်သည်လည်း အထက်တွင် ဖော်ပြခဲ့သည့် ဥပမာကဲ့သို့ အခြားအရေးကြီးသော အာရုံတစ်ခုနှင့် မတိုက်မိချင်း
ရှည်လျားစွာကူးကျော် ပြေးလွှားတတ်သည်ကို တွေ့ ရသည်။

(ပစ္စုပ္ပန်တည့်တည့်)

ဤခေတ်တွင် ၀ိပဿနာတရားအားထုတ်ကြသော ပုဂ္ဂိုလ်များသည် ပစ္စုပ္ပန်တည့်တည့်ထားရမည်ဟူသော စကားကိုအသုံး
ပြုတတ်ကြသည်။ ၄င်းတို့ဆိုလိုပုံရသည်မှာ မိမိတို့အားထုတ်သောကမ္မဌာန်းအာရုံတည့်တည့် အပေါ်၌သာ စိတ်ကိုထားရ
မည်ဟု ပြောလိုဟန်တူသည်။
“ဒိဌေဒိဌမတ္တံ” ဟူသော သြ၀ါဒအရ အားထုတ်သောသူအဖို့မှာ ကမ္မဌာန်းအာရုံဟူ၍ အထူး
တလည်မရှိ။ အာရုံနှင့် အာရမ္မဏိက တိုက်ခိုက်၍ဖြစ်ပေါ်လာသည့် (၀ိညာဉ်) အသိစိတ်ကလေးဖြစ်တိုင်း ဖြစ်တိုင်း သိစေ၍
ရှေ့လျှောက်ပြီး တရှည်တလျားကြီး ကူးကျော်ပြေးလွှားခြင်းမပြုစေရန် သတိဖြင့် စောင့်ထိန်းထားရသော အလုပ်မျှသာရှိသေးသည်။ တစ်နည်းဆိုသော် ကျရောက်လေသမျှသော အာရုံတို့ကိုသိ၍ အတိတ် အနာဂတ်တို့ကို မလိုက်
စေဘဲ ပစ္စုပ္ပန်တည့်တည့်ပေါ်၌ အခါခပ်သိမ်း တည်နေစေဖို့ပင်ဖြစ်သည်။

စဉ်းစားစိတ်ကူးခြင်း၊ တွေးတောကြံဆခြင်း ဟူသမျှသည် ပစ္စုပ္ပန်တည့်တည့်ထားခြင်း မဟုတ်သောကြောင့် ပယ်ဖျောက်
ထားရာ၏။ အသံတစ်ခုကြားလိုက်ရသည့်အခါ “ဘာပါလိမ့်” ဆင်ခြင်ခြင်းသည် ပစ္စုပ္ပန်တည့်တည့် မဟုတ်တော့ချေ။
အသံသည်ကုန်ဆုံးသွားပြီဖြစ်၍ ထိုအသံအကြောင်းကို ဆင်ခြင်တွေးတောမိခြင်းသည် အတိတ်ဖြစ်သောအခြင်းအရာကို
စဉ်းစားဆင်ခြင်ခြင်းမျှသာဖြစ်သည်ဟု နားလည်ရပေမည်။ သို့မှသာလျှင် “ကြားကာမတ္တ၊မြင်ကာမတ္တ”ဟူသော သြ၀ါဒနှင့်
ကိုက်ညီပေလိမ့်မည်။

(ခုန်ချင်တိုင်းခုန်ရာမှ)

သတ္တ၀ါတို့၏ “စိတ်” သဘာဝမှာ ပစ္စုပ္ပန်ဟူ၍လည်း သတိမပြုမိ၊ ပစ္စုပ္ပန်တည့်တည့်အပေါ်၌လည်းမနေလို။ အာရုံနှင့်မာရမ္မဏိတ တိုက်မိ၍ (၀ိညာဉ်) အသိစိတ်ကလေးဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အတိတ်၊အနာဂတ်နှင့်
ဆက်စပ်သည့်ဆင်ခြင်စဉ်းစားမှုများသည် ချက်ချင်းပင် ၀င်လာတတ်သောကြောင့် အားထုတ်ခါစတွင် စိတ်ပျက်မိမတတ်
အခက်အခဲမှားနှင့် ရင်ဆိုင်ရတတ်ပေသည်။ သို့သော် လက်တွေ့စမ်းသပ် ကြိုးစားသည့်အခါ အားရှိဖွယ်သော “ပေါင်းကူး”
ကလေးများလည်းတွေ့ ရတတ်ပါသည်။

အားထုတ်လျှင်အားထုတ်ချင်း ပစ္စုပ္ပန်တည့်တည့်အပေါ်၌ထား၍မဖြစ်သည်မှာ လူတိုင်း၏အတွေ့အကြုံ ဖြစ်ကောင်းဖြစ်ပေမည်။ “တကူးကူး” ဟူသောအသံကို ကြားလိုက်ရလျှင် ကြားလိုက်ရချင်း “ချိုး” ဟုအသိစိတ်ဝင်လာ
ခြင်းမှာဓမ္မတာပင်ဖြစ်ပေလိမ့်မည်။ အချို့ကမူမည်သည့် သစ်ပင်ပေါ်မှ ကူလေသနည်း။ ချိုး ကူတဲ့ရာသီက စောလှချေတကား၊ ချိုးသားမစားရသည်မှာ အတန်ပင်ကြာချေပြီ စသောစိတ်ကူးများပင်ပေါ်လာပေလိမ့်မည်။

ပထမ၌ လေးငါးခြောက်ချက် ထိုကဲ့သို့ကူးကျော်ပြေးလွှားရာမှ သတိနှင့်ကြိုးစားသောသူသည် ၂ ခုန် - ၃ခုန် မျှနှင့် သတိရ၍
“ဘရိတ်အုပ် လိုက်နိုင်ပေလိမ့်မည်။ အားရှိဖွယ်သောအချက်ဟူသည်မှာ မည်မျှလောက်ခုန်၍ကူးကျော်သွားမိသည်ဖြစ်စေ၊
နောက်ဆုံးတွင် သတိရ၍ပစ္စုပ္ပန်တည့်တည့်သို့ ပြန်ခေါ်လာနိုင်ခြင်းတည်းဟူသော သတိသည်တန်ဖိုးရှိ၍ ရှေ့အဖို့ရာ၌
တိုးတက်စေဖို့ ပါရမီဖြစ်သည်ဟု နားလည်သင့်သည်။ အဘယ်ကြောင့်ဆိုသော်သတ္တ၀ါသည် တစ်သံသရာလုံးတွင် ပစ္စုပ္ပန်
တည့်တည့်ထားဖို့ ဘယ်တော့မှသတိမရဘဲ ပေါက်လွှတ်ပဲစား ခုန်ချင်တိုင်း ခုန်လာခဲ့ကြသည်ချည်း ဖြစ်ပေသောကြောင့်တည်း။

(တိုးတက်လာခဲ့ပုံ)
“တတ်စရှိလျင်တတ်ချင်ချင်” လင်္ကာလေးမှာလည်း ဤအလုပ်အတွက် အားရှိဖွယ်သော အထောက်အထားဖြစ်သည်။
သတိပြုစရှိလျှင် ကြာလေလေ သတိကောင်းလေဖြစ်လာတတ်သည်။ အသံတစ်ခုခုကြားလိုက်ရ၍ လေးငါးခြောက်ခုန်
ခုန်ပြီးမှသတိရရာမှ သုံးလေးခုန်နှင့် သတိရခြင်း၊ တစ်ခုန် နှစ်ခုန်နှင့် သတိရခြင်း စသည်ဖြင့်တိုးတက်မှု ရှိလာသည်။
ထို့နောက်တစ်ခါ တစ်ရံတွင် တစ်ခုန်မျှပင်မခုန်တော့ဘဲ ကြားကာမတ္တ၊ မြင်ကာမတ္တ ဖြင့် တစ်မိနစ် နှစ်မိနစ် စသည်ဖြင့်
နေနိုင်သော အခြေအနေသို့ ရောက်လာတော့သည်။

ကျွန်ုပ်အဖို့မှာ ထိုကဲ့သို့ ၁၅ မိနစ်ခန့်မျှနေနိုင်အောင် သုံးလေးနှစ်မျှ လေ့ကျင့်ယူရသည်ဖြစ်ရာ ယခုအခါ၌မူ တစ်နာရီခန့်
မျှ နေနိုင်သောအခြေသို့ ရောက်လျက်ရှိ၏။ ဤကဲ့သို့နေနိုင်ခြင်းအားဖြင့် မည်ကဲ့သို့သော အကျိုးအာနိသင်များကြုံတွေ့
ရပါသနည်း။

(ဘာဝနာသတ္တိ)
ပထမအချက်၌ စိတ်၏အနိစ္စသဘောတရားကို သဘောပေါက်လာတော့သည်ဖြစ်ရာ ဥပမာဆောင်၍ ပြပါဦးမည်။
မီးရထားဖြင့် ခရီးသွားသောသူသည် အဝေး၌ရှိသော တောင်တန်းများကို မျှော်ကြည့်နေခဲ့သောအခါ မီးရထား၏
လျင်မြန်စွာခုတ်မောင်းနေသောအဖြစ်ကို မြင်ဖို့ခဲယဉ်း၏။ ထိုထက်အနီးရှိ သစ်ပင်များကိုလှမ်းကြည့်သည့်အခါ ရွေ့လျားမှု
သည်သာ၍ထင်ရှားပြန်၏။ ထို့ထက် မီးရထားအနီ၌ ကပ်လျက်ရှိသော မြေကြီး၊ ကျောက်ခဲ၊ မြက်ပင် စသောအရာဝတ္ထုများ
ကိုစိုက်ကြည့်သည့်အခါ ရွေ့လျားမှုသည် သာ၍ထင်ရှားပြန်၏။ ကြာရှည်စွာ စိုက်ကြည့်သည့်အခါ မူးသလိုလိုပင်ဖြစ်လာတတ်သည်ကို ကြုံဖူးပေလိမ့်မည်။

ထိုနည်းအတူ အတိတ်အကြောင်း၊ အနာဂတ်အကြောင်း စသည်ဖြင့် တွေးတောနေသောသူသည် စိတ်၏ရွေ့လျားမှုကို
မြင်နိုင်ခွင့် မရှိ။ ကြားကာမတ္တ၊ မြင်ကာမတ္တ၊ နံကာမတ္တ စသည်ဖြင့် အသိအမှတ်ပြု၍ ရှုမှတ်သောအခါ အသိစိတ်တွေ
ခဏချင်း…ခဏချင်း ပြောင်းလဲလျက်ရှိခြင်းကို မြင်လာတော့သည်။ မီးရထားပေါ်မှ လမ်းဘေးရှိကျောက်ခဲကလေးများကို
ကြာရှည်စွာကြည့်နေ၍ တရိပ်ရိပ်ဖြစ်ပြီး “မူး” လာတတ်ခြင်းကဲ့သို့သော သဘောမျိုး ခပ်ဆင်ဆင် ဖြစ်လာခြင်းကိုပင်ကြုံရဖူး
သည်။ သို့သော် တကယ် မူး လာသည်ဟူ၍ နားလည်ကြရန် မဟုတ်ပါ။ အကြိမ်ကြိမ် အထပ်ထပ်(ဘာဝနာ) လေ့ကျင့်ခြင်း
၏ သတ္တိကိုဖော်ပြခြင်းမျှသာ ဖြစ်ပါသည်။

(မနော ၀ိညာဉ်စိတ်)
ဒုတိယအချက်၌ အတွင်းနှင့်အပြင်တိုက်ခတ်မှုကြောင့် (အာယတနသဘော) ဖြစ်ပေါ်လာသည့် အသိစိတ်လေးမျှသာ ဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း သိမြင်လာတော့သည်။ ယခင်ကထင်မှတ်ခဲ့သည်မှာကား
(အသိ) စိတ်သည်မိမိ၏ ကိုယ်တွင်း၌ အခါခပ်သိမ်းအမြဲတစေ တည်လျက်ရှိသည်ဟု ထင်ခဲ့၏။ ယခုသော် တိုက်ခတ်မှုဖြစ်
ပေါ်သော (၀ိညာဉ်) အသိစိတ်ကလေးတွေ တစ်ခုပြီးတစ်ခု ဖြစ်ချည်၊ ပျက်ချည် နေကြသည်ဟု မြင်ကာ၊ သိတတ်သော
“မနောဓာတ်” သည် ကိုယ်အတွင်း၌ ရှိနေခြင်းကာမှန်ပါ၏။

သို့သော် အာရုံနှင့်တိုက်ခတ်သောအခါမှ (အကြောင်းဆုံစည်း၍)
ဖြစ်ပေါ်လာသော အသိစိတ်ကလေးဟူ၍ ဆိုလိုခြင်းဖြစ်သည်။ စာထဲ၌ဖော်ပြထားသော နားလည်ခြင်းနှင့် ကိုယ်တိုင်စောင့်
ကြည့်၍သဘောပေါက်လာခြင်း တို့သည် ကြီးစွာသောခြားနားခြင်းရှိပါသည်။ ထိုအခါမှ မနောနှင့် (၀ိညာဉ်) အသိစိတ်၏
ခြားနားခြင်းကို ပိုင်းပိုင်းခြားခြားကြီး သဘောပေါက်လာပါတော့သည်။

(သဘောပေါက်ပုံတစ်မျိုး)

ထိုကဲ့သို့ သဘောပေါက်လာခြင်းအတွက်ကြောင့် မည်ကဲ့သို့ထူးခြားလာခြင်းကို ဥပမာဆောင်၍ဖော်ပြပါဦးမည်။
ယခင်က ထင်မှတ်ခဲ့ပုံမှာ “ငါ့၌ မယားရှိ၏။ သားသမီးရှိ၏။ ဤ ပစ္စည်း ထို ပစ္စည်းရှိ၏။ ၄င်းတို့မသေဆုံးမီကာလပတ်
လုံး၊ သို့မဟုတ် မပျောက်ပျက်သမျှ ကာလပတ်လုံး ငါ့အဖို့အမြဲတစေရှိ၏။” ဟူ၍မှတ်ထင်ခဲ့မိသည်။

ယခုသော်ကား ငါ၏ မနောဓာတ်၌ အာရုံအဖြစ်နှင့် ထင်လာခိုက်သာလျှင် ၄င်းတို့ခေတ္တခဏ ရှိလိုက်ကြသည်။ပြီးနောက်
ချုပ်ပျောက်သွားကြသည်ဟု သဘောပေါက်လာသည်။ ဆိုလိုရင်းမှာ ဓာတ်ပုံရိုက်ကူးထားသော အရုပ်၏ရှိခြင်း မျိုးမဟုတ်။
မှန်ပေါ်တွင် အကြောင်းတိုက်ဆိုင်၍ ထင်ပေါ်လာသည့် “အရိပ်” ၏ရှိခြင်းမျိုးမျှသာ ဖြစ်သည်ဟု သဘောပေါက်လာသည်
ဟူလို။

ထိုအချိန်မှစ၍ ကျွန်ုပ်ပိုင်ဆိုင်သည်ဆိုသော ပစ္စည်းဟူသမျှအပေါ်တွင် တွယ်တာမှုအပုံကြီးလျော့ကျသွားခဲ့လေပြီ။ တွယ်တာမှု ဖြစ်ပေါ်လာမိလျှင်လည်း အထက်ပါအခြင်းအရာကို ဆင်ခြင် သုံးသပ်
လိုက်သည်နှင့်တစ်ပြိုင်နက် “ရေ” ဖြစ်၍လျှောဆင်းသွားလေတော့သည်။

(အာရုံပြုမှရှိခြင်း)

ရှင်းပါဦးအံ့။ လူတစ်ယောက်သည် ငွေထုပ်ကို မြုပ်နှံထားရာ မြုပ်နှံထားမိသည့်အဖြစ်ကို လုံးဝသတိမေ့နေမိသည် ဆိုအံ့။
ငွေထုပ်သည် မြုပ်နှံထားသောနေရာ၌ ရှိနေသော်လည်း ထိုသူအဖို့၌ ငွေထုပ်မရှိတော့ချေ။
တဖန် ထိုသူမြုပ်နှံထားသော ငွေထုပ်ကို တစ်စုံတစ်ယောက် သောသူက တိတ်တဆိတ် တူးဖော်၍ယူသွားရာ၊ ထိုသူက
ထိုအကြောင်းကိုမသိသောကြောင့် သူ့မှာငွေထုပ်ရှိသည်ဟူ၌ ပင် ထင်မှတ်လျက်ရှိနေ၏။

ဤနေရာ၌ ရှိနေပါလျက်နှင့် မရှိပုံ၊ မရှိပါဘဲလျက်နှင့် ရှိသည်ထင်မှတ်ပုံမှာ ထင်ရှားရှိလေပြီ။ ဆိုလိုရင်းမှာ အကယ်ရှိခြင်း၊ မရှိခြင်းသည် အကြောင်းမဟုတ်လှ။ စိတ်ထဲက ရှိနေသည်ထင်လျှင် ရှိဘိသကဲ့သို့ ကြောင့်ကြဖြစ်နေ၍
လုံးဝသတိမရလျှင် မရှိသကဲ့သို့ကြောင့်ကြမှု ကင်းလျက်ရှိသည်။ စင်စစ်သော် ငွေထုပ်ကို သတိရခြင်းဟူသည်မှာ
ထိုသူ၏ မနော (အကြည်) ဓာတ်တွင် အရိပ်ထင်လာခြင်းမျှဖြစ်ရာ ထိုအတွက် ကြောင့်ကြမှု ၀င်လာ၏။ ၄င်းအခိုက်အတန့်
တွင်သာ ထိုလူ၌ငွေထုပ်ရှိနေ၏။ ခြေထောက်၌ ပုရွက်ဆိတ်ကိုက်၍ကုန်းကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် အာရုံပြောင်း
သွား၍ငွေထုပ်မရှိတော့ချေ။

ဤသည်ကာ ကျွန်ုပ်တွေ့ရသော စိတ်သဘာဝတစ်ခုပေတည်း။ ကျွန်ုပ်၏ပစ္စည်းများသည် ကျွနိုပ်အဖို့ တစ်ပြိုင်တည်း
အပြွတ်လိုက်ရှိနေကြသည် မဟုတ်။ သတိရသော ၀တ္ထုပစ္စည်းသည်သာလျှင် အခိုက်အတန့်အရ တစ်လှည့်စီ ရှိနေကြခြင်း
ဖြစ်လေမည်။ ငါ့ပစ္စည်းတွေပေါများလှသည်ဟု ဘာများကြွားစရာ ရှိပါသနည်း။ မနောဓာတ်၌ အရိပ်ထင်လာခိုက်တွင်သာ
ရှိသည်ဟု ထင်မှတ်မိခြင်း မဟုတ်ပါလော။

(ရင့်ကျက်လာခြင်း)
တတိယအချက်၌ (ဒိဌေဒိဌမတ္တံ) ကြားကာမတ္တ၊ မြင်ကာမတ္တထားခြင်းအလုပ်၌ အလေ့အကျင့်ရ၍ ရင့်ကျက်လာသောအခါ
သဘောပေါက်လာပြန်သည်မှာကား ကြားခြင်း၊မြင်ခြင်း၊နံခြင်း စသည်တို့သည်သာလျှင် တကယ်လက်တွေ့ (actuality)
ဖြစ်သည်။ အသံတစ်ခုကြားပြီးနောက် “ငါ့ကိုဆဲရေးခြင်းဖြစ်သည်။ တယ်မိုက်တဲ့လူပဲ” စသည်ဖြင့်လိုက်၍ စဉ်းစားခြင်းသည်
စိတ်ကူးသက်သက်မျှသာဖြစ်သည်။ ကြားကာမတ္တ၊ မြင်ကာမတ္တဖြင့်သာနေခြင်းသည် စွဲလမ်းခြင်း၊ တပ်မက်ခြင်း၊ တုန်လှုပ်ချောက်ချားခြင်းကင်း၍ အလွန်တရာငြိမ်းချမ်းပေသည်တကား ဟူ၍သဘောပေါက်လာတော့သည်။

ဤတွင် ဒွါရနှင့် တိုက်ခိုက်ခြင်းသည်သာလျှင် မလွှဲမရှောင်နိုင်သော အခြင်းအရာဖြစ်၍ ဆက်လက်ပြီးအရှည်ကြီးစဉ်းစားခြင်း
သည် စိတ်ကူးခြင်း (အိပ်မက်သဖွယ်) ရှိပါဘိတော့သည်ဟု ထင်မြင်လာတော့သည်။

လူတစ်ယောက်ကမိမိအား ဆဲရေးနေသော်လည်း “အသံ” ဟုသိခြင်းအဖြစ်၌သာ ရပ်တန့်ထားနိုင်ပါမူ၊ နာတတ်သောစိတ်
ဖြစ်ပေါ်လာမည် မဟုတ်ချေ။ သို့သော် တစ်လောကလုံးသည် အရှည်ကြီးလိုက်၍ စဉ်းစားမူ (အိပ်မက်မပ်မှု) ကြောင့်
ချစ်ခြင်း၊မုန်းခြင်း စသောအခြင်းအရာများ ဖြစ်ပေါ်လျက်ရှိသည်ဟု သိမြင်လာတော့သည်။ ထိုအခါ ကြားကာမတ္တ၊
မြင်ကာမတ္တဖြင့် အချိန်အတန်ကြာအောင် နေနိုင်သောအဖြစ်သို့ ရောက်လာခဲ့လေပြီ။

(သတိနှင့်သမ္မာသတိ)

ဤနေရာ၌သတိနှင့်သမ္မာသတိခြားနားပုံကို ရှင်းပြလို၏။
လမ်းသွားရာ၌ ခါးပိုက်နှိုက်မခံရအောင်၊ ခလုတ်မတိုက်မိအောင်၊ ကားမတိုက်မိအောင် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခြင်း
သည် “သတိ” မည်၏။.

သို့သော်၎င်းသတိသည်မဂ္ဂင်ရှစ်ပါးထဲမှသတိမဟုတ်ချေ။မဂ္ဂင်ထိုက်သောသမ္မာသတိဟူသည်ကားမိမိ၏နာမ်ရုပ်ကို စောင့်၍ကြည့်သော သတ္တိမျိုးဖြစ်၏။ (ဤနေရာ၌ ကြားကာမတ္တ၊ မြင်ကာမတ္တဖြင့်သာ နေနိုင်အောင် စောင့်ထိန်းထားသောသတိကိုဆိုလိုသည်) အလေ့အကျင့်ရ၍ နိုင်နင်းလာသောအခါ မိမိ၏စိတ်ကိုအလိုမရှိအပ်သောအာရုံမျိုးတို့၌ သာ ထားနိုင်လောက်အောင် ပိုင်ပိုင်နိုင်နိုင် ဖြစ်လာသည်။ ထို့နောက်တွင်ကား ကြားကာမတ္တ၊ မြင်ကာမတ္တဖြင့်သာနေနိုင်အောင် အထူးတလည်ကြိုါ်စားမနေရတော့ဘဲ ထိုကဲ့သို့နေရခြင်းအဖြစ်သာလျှင်ငြိမ်းချမ်းသည်ဟုကြာလေသဘောကျလေဖြစ်လာတော့သည်။ ထိုအခါစိတ်သည် မြင်ရုံ ကြားရုံ ကလေးများအပေါ်တွင်သာ တည်ငြိမ်လျှက်ရှိရာ ထိုအခြင်းအရာကို “သမ္မာသမာဓိ” ဟူ၍ ကျွန်ုပ်နားလည်သည်။

(စိတ်ကဖန်ဆင်းခြင်း)

၎င်းအခြေအနေသို့ ရောက်သောအခါ၌ ပြင်ပသို့မလိုက်တော့ဘဲ အတွင်းသို့သာ လှည့်ကာအာရုံပြုတတ်သော အလေ့အကျင့် ဖြစ်ပေါ်လာ၏။ ဥပမာ အသံတစ်ခုကြားရသောအခါ ဘယ်ဆီကလာသော အသံဟူ၍ ဂရုမပြု တော့ဘဲ မိမိအတွင်း၌ (သောတ၀ိညာဉ်) ကြားစိတ်လေးဖြစ်ပေါ်လာသည်ဟူ၍ အမှတ်ပြုလိုက်တော့သည်။
တိုး၍ရင့်ကျက်လာပြန်သောအခါ လောကဟူသည်အခြား၌ရှိခြင်းမဟုတ်၊ မိမိအတွင်း၌သာဖြစ်ချည်ပျက်ချည်လုပ်နေခြင်းဖြစ်သည်ဟု ထင်မြင်လာတော့သည်။
သဘောကျပုံမှာဤသို့တည်း။

အခန်းတစ်ခန်းထဲ၌ လူ လေးငါးယောက်ထိုင်လျက်ရှိကြသည် ဆိုပါစို့။ စကားမပြောဘဲတိတ်ဆိတ်စွာ
ငြိမ်နေခိုက်တွင် တစ်ယောက်သည် သားလေးသေဆုံးမှုကို စဉ်းစားမိ၍ ပူလောင်လျက်ရှိ၏။
ဒုတိယတစ်ယောက်သည် ထီပေါက်၍ ၀ယ်ဖို့ခြမ်းဖို့ စိတ်ကူးနှင့် ပျော်လျက်ရှိ၏။
တတိယတစ်ယောက်သည်ကြွေးပူ၍ စိတ်ညစ်လျက်ရှိ၏။
စတုတ္ထတစ်ယောက်သည် သားတစ်ယောက် ဘီအေ အောင်၍ ၀မ်းသာလျက်ရှိ၏။

ဤလူလေးယောက်တို့သည် ကိုယ့်လောကကို ကိုယ်ဖန်ဆင်းလျက်ရှိကြသည် မဟုတ်လော။ အမှန်မှာထိုလူလေးယောက်လုံးသည် တစ်ချိန်တည်းတွင် တစ်ခန်းတည်း အတူထိုင်လျက်ကြသောကြောင့် အခန်းတွင်းရှိ စားပွဲ ကုလားထိုင်စသော အိမ်ထောင်မှုပစ္စည်းများကို အတူတူပင်မြင်နိုင်ကြ၏။

လမ်ပေါ်မှကားမောင်းသံကိုလည်းအတူတူပင်ကြားကြ၏။အကြော်ဆိုင်မှ ညော်နံ့ကိုလည်းအတူတူပင်နံကြ၏။ သောက်နေကြသောလက်ဖက်ရည်ကိုလည်း အတူတူပင်ချိုကြ၏။ထိုင်ကြသောဆိုဖာ၏ နူးညံ့မှုကိုလည်း အတူတူပင်ခံစားကြ၏။

သို့ပါလျက် စိတ်ကူးတစ်မျိုးစီရှိကြသည့်အတွက်ကြောင့် ပူသူကပူ၊ ၀မ်းသာသူက ၀မ်းသာ၊ စိတ်ညစ်သူက
ညစ်၊ ပျော်သူကပျော် ဖြစ်ကြရခြင်းမှာ ကိုယ့်လောကကို ကိုယ့်စိတ်က ဖန်ဆင်းခြင်းပင်မဟုတ်လော။

အကယ်၍ ထိုလူလေးယောက်တို့သည် မြင်မှု ကြားမှုများနှင့် ပတ်သက်၍ ပစ္စုပ္ပန်တည့်တည့်ကိုသာ အာရုံပြုကာ ရှုကြည့်နေကြမည်ဆိုပါက စိတ်ကူးလောကထဲတွင်မနေဘဲ လက်တွေ့လောကထဲတွင် အတူတူရှိနေ
ကြမည်မဟုတ်ပါလော။ “ဒိဌေဒိဌမတ္တံ” ကျင့်စဉ်၏တန်ဖိုးမှာ စိတ်ကူး (အိပ်မက်) လောကသို့ မရောက်စေဘဲ
လက်တွေ့လောကထဲ၌သာ စိတ်ကိုထားစေခြင်းအားဖြင့် တစ်ချိန်တွင် အဟုတ်ရှိ အမှန်ရှိ ပရမတ္တသဘောတရား
ကို ထိုးထွင်းသိမြင်စေရန်ဖြစ်လေသည်။

(ဥာဏ်အမြင်ရင့်လာပုံ)
ပြင်ပသို့အာရုံမပြုဘဲ အတွင်းဘက်သို့ချည်း လှည့်ထားသည့် အလေ့အကျင့် ရင့်သန်လာသောအခါ ဖြစ်ပေါ်လာလေသမျှသော မြင်မှု၊ ကြားမှုမှစ၍ စိတ်ကူးစိတ်သန်းဟူသမျှသည် မိမိအတွင်း၌သာ အကြောင်းအား
လျော်စွာ ဖြစ်လာကြ၍ ဖြစ်ပြီးသောအခါပျောက်ပျက်သွားကြသည်။
နေအိမ်ကို သတိရသောအခါ မိမိ၏မနောတွင်( မှန်ပေါ်၌ အရိပ်ထင်ခြင်းကဲ့သို့) ထင်လာသောအရိပ်မျှသာဖြစ်သည်။

အရိပ်တစ်ခုပြီး တစ်ခုထင်လာခြင်းတကယ့်ဟာတွေ တကယ့်အဖြစ်အပျက်တွေဟူ၍ မှတ်ထင်ရခြင်း ဖြစ်သည်။ မိမိက အဟုတ်ကြီး ထင်မှတ်နေသော အရာခပ်သိမ်းသည် မနောတွင် ခဏကလေးမျှပင် အရိပ်ထင်၍ဖြစ်ပြီး ပျောက်ပျက်သွားကြသည်ချည်းဖြစ်သည်။
အဟုတ်ရှိ၊ တကယ်ရှိမဟုတ်၊ အကြောင်းတိုက်ဆိုင်၍ အခိုက်အတန့်အားဖြင့် တစ်ခုပြီးတစ်ခု ဖြစ်နေ
ကြခြင်းသာ ဖြစ်သည်ဟူသော ဥာဏ်အမြင် ပေါ်ပေါက်လာပါတော့သည်။

(ငြိမ်းချမ်းမှု ရခြင်း)
ထိုသို့သော ဥာဏ်အမြင်သို့ ရောက်သည့်အခါ မနောအကြည်ဓာတ်ပေါ်တွင် ခဏချင်း..ခဏချင်း အကြောင်းတိုက်ဆိုင်၍ သူ့ဘာသာအရိပ်ထင်လာသော “အာရုံ” များအတွက် မိမိက ဘာကြောင့်ကြစရာ၊ ဂရုစိုက်စရာရှိသနည်း။ မိမိနှင့် ဘာဆိုင်သနည်း။ တာတွယ်စရာလည်းမဟုတ်၊ စိုးရိမ်စရာလည်း မဟုတ်။ ဖြစ်လာသမျှသောအခြင်းအရာများသည်ခဏတဖြုတ်ကလေးဖြစ်ပြီး ပျောက်ပျက်သွားသည်ချည်းဖြစ်သည်ဟု ထင်မြင်လာသည်
တွင် အကြီးအကျယ် စိတ်ငြိမ်းချမ်းမှု ရရှိပါသည်။

(တကယ်ရှိသောသဘောတရား)

ထို့နောက်တဖန် မနောအကြည်ဓာတ် အပေါ်၌အကြောင်းတိုက်ဆိုင်၍ အခိုက်အတန့်အားလျော်စွာ ခဏတဖြုတ်ဖြစ်ပေါ်လာသော အခြင်းအရာများ (အရိပ်များ) သာဖြစ်သည်ဟု နေ့ရက်အတန်ကြာရှည်စွာ ဆင်ခြင်သုံးသပ်ခဲ့ရာမှ
တစ်နေ့သ၌ “ ကောင်းပ်ါပြီ မနော၌ဖြစ်ပေါ်သောအခြင်းအရာအားလုံးသည် ဖြစ်ရုံကလေးဖြစ်ပြီး ပျောက်ပျက်သွားသည်ချည်း ဖြစ်သောကြောင့် အဟုတ်ရှိတကယ်ရှိ မဟုတ်နိုင်ခြင်းကာမှန်ပါပြီ။သို့သော် အဟုတ်ရှိတကယ်ရှိ သဘောတရားမျိုးကော မရှိနိုင်ပါသလော၊ ရှိနိုင်လျှင်ဘယ်မှာရှိပါသနည်း။” ဟူသောမေးခွန်းသည် စိတ်ထဲတွင်
ပေါ်လာပါတော့သည်။

နောက်တစ်ခဏ၌ အာရုံတစ်ခု ဘွားခနဲ့ပေါ်လာပါသည်။ “ဟုတ်လိုက်လေခြင်း၊ ဒါမှတကယ်ရှိတဲ့သဘောတရားပဲ။ကြည့်စမ်းပါဦး။ အနားတွင်ကပ်နေပြီး နှစ်ပေါင်းများစွာ မမြင်ဘဲလျှံနေမိတာ အံ့သြပါရဲ့” စသည်များဖြင့်ဆင်ခြင်သုံးသပ်မိပါသည်။
ဥပမာဆောင်ရသော် ဒင်္ဂါးတစ်ပြားကို “ပန်းဘက်” ချည်းကြည့်ခဲမိရာမှ လှန်ကြည့်လိုက်သောအခါ “ခေါင်းဘက်” ကိုမြင်ရခြင်းကဲ့သို့ နီးလျက်နှင့် ဝေးနေသည်ဟု သဘောပေါက်ခြင်းကြောင့်အံ့သြမိခြင်းမျိုးနှင့် တူပါတော့သည်။

တကယ်အဟုတ်ရှိသောအနေဖြင့်မြင်လိုက်ရသောသဘောတရားမှာ“အာရုံ”မျှသာဖြစ်၍ပုံသဏ္ဍန်အသွေးအရောင်အားဖြင့် ဖော်ထုတ်ပြောပြနိုင်သော အခြင်းအရာမျိုးကာမဟုတ်ပါ။ ထိုအခြင်းအရာမျိုးကို စာတတ်သူများခေါ်ချင်ရာခေါ်ကြစေ။ ကျွန်ုပ်စိတ်ထဲ၌ကား “ဖြစ်” နေသောအခြင်းအရာမဟုတ်။ အခါခပ်သိမ်း အမြဲတမ်းရှိနေသော သဘောတရားဟူ၍သာ သိမြင်ထားခြင်းဖြစ်ပါသည်။

(ကျွန်ုပ်၏ရည်ရွယ်ချက်)

ကျွန်ုပ်သည် ဤအခြင်းအရာကို ချောင်ချောင်နှင့် တွေ့ရခြင်းမဟုတ်။ နှစ်ပေါင်း၃၀ ကျော်အနက်ပြတ်တောင်းပြတ်တောင်းနှင့် ကြိုးစားအားထုတ်ခဲ့သောနှစ်ပေါင်း ၂၀ကျော်မျှလည်းကောင်း၊ ခပ်ပြင်းပြင်းအားထုတ်သော
နှစ်ပေါင်း လေးငါးနှစ်မျှလည်းကောင်း၊ တစ်ကြိမ်လျှင် ရက်သတ္တတစ်ပတ်မျှ ပြင်းပြင်းထန်ထန်ကြီးအားထုတ်သည့် ရက်သတ္တပတ်ပေါင်း ၂၀မျှလည်းကောင်း ကြာရှိခဲ့ပြီးမှ တွေ့ရသော“စိတ်သဘာဝ” ဖြစ်ပါသည်။
ဤအကြောင်းကိုရေးသားဖော်ပြရခြင်းမှာ ကြွားဝါလိုခြင်း၊ အသားယူလိုခြင်းကြောင့်
မဟုတ်ပါ။
ပါရမီရင့်သန်၍အထုံဝါသနာပါရှိသူများဖတ်မိကြလျှင်စိတ်အားတက်ကြွ၍သဒ္ဓါတရားတိုးတက်စေလိုသောရည်ရွယ်ချက် စေတနာဖြင့်တင်ပြလိုက်ခြင်း ဖြစ်ပါသည်။

(ပြဌာန်းချက်)
ကျွန်ုပ်အဖို့အရာ၌ အာသဝေါကင်းသောအဖြစ်သို့မရောက်မချင်း (ဤတစ်ဘ၀အတွင်း) ဆက်လက်အားထုတ်ဖို့
အားခဲလျက်ပင်ရှိရာ ပရိယေန၀မ်းစာအတွက် လုံလောက်စွာရှိသော တစ်နေ့တွင် မျှော်မှန်းသည့်ပန်းတိုင်သို့
မရောက်မနေဆိုကာ အချိန်ရှိသမျှ တစ်စဉ်တစ်တန်းတည်း ဆက်တိုက်အားထုတ်ဖို့ ပြဌာန်းပြီးဖြစ်ပါသတည်း။

1 comment:

သိင်္ဂါကျော် said...

ဒီဆောင်းပါးလေး တကယ်ကောင်းတယ်..
စိတ်ကလေး တစ်ခု ကို ထိန်းရတာက တော်တော်ကို ခက်တာ..