Showing posts with label ကိုယ်တိုင်ရေး ဝတ္ထုတို။. Show all posts
Showing posts with label ကိုယ်တိုင်ရေး ဝတ္ထုတို။. Show all posts
Sunday, March 11, 2012
ကမ္ဘာကြီးကိုခိုးမယ့်လူ (၂၀၀၄- မြားနတ်မောင်မဂ္ဂဇင်း)
{ ၁ }
သူခိုးအားလုံးက သူ့ကို ကြောက်ကြသည်။ သူကိုယ်တိုင် သူခိုးတစ်ယောက်ဖြစ်သော်လည်း သူခိုးချင်း ပြန်ခိုးနိုင်သောကြောင့် သူခိုးများက သူ့ကို လန့်သည်။ စောရနက္ခတ် မိထားသောသူ့ မျက်လုံးများမှာ ငြိမ်သက်မှုမရှိ။ တစ်နေရာတည်းကိုသာ စိုက်ကြည့်နေသည်မဟုတ်။ မျက်လုံးများက ဝေ့၀ဲလျက် လည်နေသည်။
“မြွေမြွေချင်းတော့ ခြေမြင်ပါတယ်” ဆိုသည့်အတိုင်း သူခိုးအချင်းချင်းကတော့ သူ့အကြောင်းကို ကောင်းကောင်းကြီး သိနေကြသည်။ သူခိုးလောကတွင် သူ့ကိုမသိသော သူခိုးရယ်လို့မရှိ။ သူခိုးဈေးထဲကို သူရောက်လာတိုင်း အားလုံးက သူ့ကို ၀ိုင်းကြည့်တတ်သည်။ ခိုးရာပါပစ္စည်း ၀ယ်သောဆိုင်များကလည်း သူ့ကို ထိတ်လန့်လေးစားစွာ ဆက်ဆံကြသည်။ သူရောင်းသည့် ပစ္စည်းများကို ဈေးမနှိမ်ရဲ။ တန်ရာတန်ကြေးကို ကျေကျေနပ်နပ်ပေးပြီး ၀ယ်ကြသည်။
သူ့လက်တွေက လျှပ်စစ်ထက်မြန်သည်။ တစ်ချက်ကလေး လစ်လိုက်သည်နှင့် ဖျတ်ခနဲ့….ဖျတ်ခနဲ့ ပါသွားတတ်သည်။
တစ်ခါတစ်ရံ သူရောင်းလိုက်သည့် ပစ္စည်းကို မိနစ်ပိုင်းအတွင်း ပြန်ရအောင်ပင် ပြန်ခိုးနိုင်သည်။ သူတောင်းသည့်ဈေးကို မပေးလို့ကတော့ ခံရပြီသာ မှတ်ပေတော့။
သူခိုးအချင်းချင်း တွေ့ကြပြန်တော့လည်း ရယ်လိုက်၊ မောလိုက်၊ စကားပြောလိုက်၊ လက်ဆွဲနှုတ်ဆက်လိုက်နှင့် တစ်ခုမဟုတ် တစ်ခုတော့ ပါသွားတတ်သည်။ ထို့ကြောင့်လည်း သူခိုးများက သူ့ကိုတွေ့လျှင် ရှောင်ကြသည်။
‘ဟိုနေ့က သူနဲ့ဈေးထဲမှာတွေ့လို့ ခဏလေးရပ်ပြီး စကားပြောလိုက်တာဗျာ။ အိမ်ပြန်ရောက်မှကျုပ်ခိုးထားတဲ့ ပတ်ကားဖောင်တိန်လေး ပါသွားမှန်း သိရတယ်။ နှမြောလိုက်တာဗျာ၊ ဒီဖောင်တိန်လေးကို မရမကခိုးပြီး ကြိုက်လွန်းလို့ ပြန်မရောင်းဘဲ ထားတာ။ ဒီလူနဲ့တွေ့မှပဲ ခံရတော့တယ်။” ဆိုသည့် သူခိုးလောကမှ သူနှင့်ပတ်သက်သော သတင်းစကားများကို မကြာ မကြာ ကြားနေရသည်။ သူကတော့ “ကမ္ဘာကြီးကိုတောင် ရအောင်ခိုးမယ်”လို့ ကြွေးကြော်ထားသည်။
ပြီးတော့ သူကခေသူမဟုတ်။ ခေတ်ပညာကိုလည်း မတောက်တခေါက် တတ်သည်။ ခေတ်အမြင်လည်းရှိသည်။ စကားပြောလည်း ညက်သည်။ အာဝဇ္ဖန်းလည်းရွှင်သည်။ သူနှင့်စကားပြောရသည်မှာ ပျော်စရာကောင်းသလို ထိတ်လန့်စရာလည်း ကောင်းသည်။ ဘာပဲဖြစ်ဖြစ် သူခိုး တော်တော်များများကတော့ သူ့ကို မပစ်ပယ်ရဲ။ စိတ်ပေါင်းကိုယ်(အနည်းငယ်)ခွာပြီး လေးလေးစားစား ဆက်ဆံကြသည်။
လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ သူနှင့်တွေ့တိုင်း သူခိုးများက သူကိုကျွေးမွေးဧည့်ခံပြီး သူပြောသည့်စကားများကို စိတ်ဝင်စားစွာ နားထောင်ကြသည်။ သူကလည်း သူခိုးတရား ဟောလေ့ရှိသည်။
“ကျုပ်တို့သူခိုးလောကမှာ အဆင့်နိမ့်ဆုံး သူခိုးကို ထဘီသူခိုးလို့ ထင်နေကြတယ်။ ဘုန်းနိမ့်ခံပြီး ထဘီကအစ အလစ်သုတ်တဲ့ သူခိုးအများစုဟာ ဖိုးသမားတွေ ဘိန်းစားတွေပဲ။ ဒါပေမယ့်အဲဒီ ထဘီသူခိုးတွေကို အဆင့်နိမ့်တဲ့ သူခိုးတွေလို့ ပြောလို့ မရသေးဘူး။ တကယ်တမ်း အဆင့်နိမ့်တာက မယားခိုးတွေ (မယခိုးတွေ)…။ ထဘီတင်မကဘဲ သူများမယားပါခိုးတဲ့ မယားခိုးတွေဟာ အဆင့်နိမ့်တဲ့ သူခိုးတွေပဲ။
“ဘာပဲခိုးခိုး သူခိုးဆိုတဲ့ သတ်မှတ်ချက်နဲ့တော့ မလွတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သူခိုးဆိုပြီးတော့လည်း အားမငယ်ကြပါနဲ့။ လူတစ်ရာမှာ ကိုးဆယ်ကျော် တစ်ရာနီးပါးလောက်ဟာ သူခိုးတွေပါလို့ ကျုပ်ရဲရဲကြီး စွပ်စွဲရဲတယ်။
ဒါပေမဲ့ လူတွေက တော်တော်ခက်တယ်။ သူခိုးဆိုတဲ့ သတ်မှတ်ချက်ဟာ သူတို့နဲ့ မဆိုင်သလိုမျိုး ကိုယ့်ကိုယ်ကိုယ် မဆန်းစစ်ဘဲ “သူခိုး…သူခိုး”လို့ အော်နေကြတယ်။ တကယ်တော့ သူတို့ကိုယ်တိုင်လည်း သူခိုးဖြစ်တယ်ဆိုတာကိုတော့ နည်းနည်းလေးမှ မတွေးမိကြဘူး။ ‘သေချာစဉ်းစားကြည့်ရင် လူတစ်ယောက်ဟာ မွေးစကစပြီး အရွယ်ရောက်တဲ့အထိ တစ်ခုခုတော့ ခိုးမိတာပါပဲ။ တန်ဖိုးနည်းတာ များတာ၊ ထိခိုက်တာ မထိခိုက်တာပဲကွာမယ်။ သူများမသိအောင်ကတော့ ယူမိ ခိုးမိတာပါပဲ။ ကောင်းရောင်း ကောင်းဝယ် လုပ်စားပါတယ်ဆိုတဲ့ ဈေးသည်တွေ၊ ကုန်သည်တွေလည်း အလေးခိုးတာတွေ၊ အချိန်အတွယ် ခိုးတာတွေရှိတယ်။ စာတတ်ပေတတ် ပညာတတ်တွေထဲမှာတောင် စာကူးချတဲ့ စာသူခိုးဖြစ်ခဲ့ဖူးတဲ့ လူတွေရှိတယ်။ ပြီးတော့ ကမ္ဘာနဲ့ချီပြီး ကြည့်မယ်ဆိုရင်လည်း ဒီကမ္ဘာပေါ်မှာ သူခိုးနိုင်ငံတွေ အများကြီးပဲ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံဟာ ခိုးဖို့ဝှက်ဖို့ပဲ ချောင်းနေကြတယ်။ အခုခေတ်မှာ ဆော့ဖ်ဝဲ ခိုးတာတွေ၊ နည်းပညာ ခိုးတာတွေ၊ ဖော်မြူလာ ခိုးတာတွေ ၊သယံဇာတ ခိုးတာတွေ၊ ရေအရင်းအမြစ် ခိုးတာတွေ အများကြီးပဲ။ ဘယ်လောက်ထိ ခိုးလဲဆိုရင် ရာသီဥတုကအစ၊ မိုးကအစ ခိုးနေကြတယ်။ သိပံပညာ ထွန်းကားတဲ့ ဒီခေတ်ကြီးမှာ သူများနိုင်ငံမှာ ရွာမယ့်မိုးကို ကိုယ့်ကိုယ့်နိုင်ငံမှာ ရွာအောင် မိုးလွှဲပြီး မိုးခိုးနေကြတယ်။ တကယ်တော့ ဒီလောကကြီးဟာ သူခိုးနဲ့ မကင်းပါဘူး။ ဒါကြောင့် ခိုးရမှာကို မကြောက်ကြပါနဲ့၊ မရှက်ကြပါနဲ့။ သူခိုးဆိုတာ နေရာတိုင်းမှာ လက်ညိုးထိုး မလွဲပါပဲ။ လူတွေကတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ လက်ညိုးထိုးမှာမဟုတ်ဘူး။ ကျုပ်ကတော့ ကျုပ်ကိုယ်ကျုပ် ရဲရဲကြီး လက်ညိုးထိုးတယ်။ ’
‘ကျုပ်ဟာသူခိုး၊ သူခိုးဟာ ကျုပ်ပဲ။’ ‘ ဖြစ်နိုင်မယ် ဆိုရင် ကျုပ်က ဟော့ဒီကမ္ဘာကြီးကိုတောင် ရအောင် ခိုးလိုက်ချင်တယ်။’
သူ့စကားများကို ကြားရလေတိုင်း သူခိုးများမှာ စိတ်ဓာတ်တက်ကြွကာ ခိုးချင်စိတ်များ တဖွားဖွား ပေါ်ပေါက် လာကြသည်။ သူကလည်း သူခိုးများကို တွေ့တိုင်း ဆက်ပြီးများများခိုးဖို့ အားပေးလေ့ရှိသည်။ ခိုးပုံခိုးနည်း ဖောက်ထွင်းပုံ ဖောက်ထွင်းနည်းများနှင့် သူ့အတွေ့အကြုံများကို တတ်နိုင်သမျ ပြောပြသည်။
နေ့တွင် ခိုးသောအခါ တွေ့ရမည့်အခက်အခဲ၊ ညတွင်ခိုးသောအခါ တွေ့ရမည့် အခက်အခဲများကို မည်သို့ ရင်ဆိုင် ဖြေရှင်းရမည်။ မည်သို့ရအောင်ခိုးရမည် စသည်တို့ကို သင်တန်းပို့ချသလို အသေးစိတ် ရှင်းပြတတ်သည်။
တကယ်လို့သာ လူ့အသိုင်းအ၀ိုင်းက သူခိုးတက္ကသိုလ် တစ်ခုလောက် ဖွင့်ခွင့်ပြုလိုက်လျင် သူခိုးများက သူ့ကို ပါမောက္ခချုပ် ခန့်ဖို့ ရာနှုန်းပြည့် ထောက်ခံကြလိမ့်မည်။
{ ၂ }
တစ်နေ့…
သူ သူခိုးဈေးမှအပြန် လမ်းတွင် လူတစ်ယောက် နောက်က လိုက်လာသည်ကို သတိထားမိသည်။ မျက်စိလျင်သောသူသည် လမ်းဘေးတွင် ရပ်ထားသော ကား၏ဘက်မှန်ကို ဖျတ်ခနဲ့ လှမ်းကြည့်လိုက်ခြင်းဖြင့် နောက်က လိုက်လာသူမှာ မုတ်ဆိတ်မွေးရှည်ရှည်နှင့် လူတစ်ယောက်ဖြစ်ကြောင်းကို သိလိုက်သည်။ သူက ထိုလူကို မျက်ခြေဖြတ်ဖို့ စိတ်ကူးပြီး လမ်းဆုံတစ်ခုအရောက်တွင် တည့်တည့်လျောက်နေရာမှ ညာဖက် ကွေ့တော့မလိုလိုနှင့် ဘယ်ဘက်ကို ချိုးကွေ့လိုက်ပြီး နောက်ပြန်လှည့်ကာ တည့်တည့် လျောက်ပစ်လိုက်သည်။ သို့သော်လည်း မုတ်ဆိတ်ကြီးက သူ့နောက်မှ တကောက်ကောက်။ လျောက်နေသော သူ့ခြေလှမ်းများကို တုံ့ခနဲ့ ရပ်ပစ်လိုက်တော့ မုတ်ဆိတ်ကြီး သူ့ကို မီလာသည်။
“ရှာလိုက်ရတာဗျာ။ ခင်ဗျားကို တွေ့အောင် မနည်းရှာရတယ်”
သူနောက်လှည့်ပြီး မုတ်ဆိတ်ကြီးကို တည့်တည့်ကြည့်လျက် မေးလိုက်သည်။
“ခင်ဗျားဘယ်သူလဲ၊ ဘာဖြစ်လို့ ကျုပ်ကို ရှာတာလဲ”
မုတ်ဆိတ်ကြီးက သူ့မုတ်ဆိတ်များကို လက်နှင့် သပ်ရင်း… “လာဗျာ.. စားသောက်ဆိုင်မှာ တစ်ခုခု စားရင်း သောက်ရင်း ပြောကြတာပေါ့” တဲ့။
သူလည်း အချိန်အနည်းငယ်ကြာအောင် ရပ်စဉ်းစားပြီးမှ မုတ်ဆိတ်ကြီး၏ အလိုကို သဘောတူလိုက်သည်။ သဘောကောင်းသော မုတ်ဆိတ်ကြီးက စားသောက်ဆိုင်ထဲကိုရောက်တော့ ကြိုက်တာမှာဖို့ပြောသည်။ သူလည်း မုတ်ဆိတ်ကြီး၏ လက်ထဲမှ သားရေအိတ်ကို အကဲခတ်ပြီး ငွေစက္ကူတစ်ထပ်ကိုတွေ့မှ ၀က်စတူးတစ်ပွဲနှင့် ဘီယာတစ်လုံး မှာလိုက်သည်။ မုတ်ဆိတ်ကြီးကမူ ‘ကျုပ်က သက်သတ်လွတ် စားတာဗျလို့ ပြောရင်း အစိမ်းကြော်တစ်ပွဲ၊ အာလူးကြော်တစ်ပွဲနှင့် ဘီယာတစ်လုံးမှာလိုက်သည်။ သူက မုတ်ဆိတ်ကြီးကို အလိုမကျစွာကြည့်ရင်း ခင်ဗျားကလည်း သက်သတ်လွတ်စားတယ်ဆိုပြီး ဘီယာသောက်ရတယ်လို့ ဆိုတော့ မုတ်ဆိတ်ကြီးက တဟားဟားရယ်၍ ဘီယာလည်း သတ်သတ်လွတ်ပဲလေဗျာ တဲ့။”
သူစကားလမ်းကြောင်း ချက်ချင်းပြောင်းပြီး “ကဲ ဆိုစမ်းပါဦး၊ ခင်ဗျားဘယ်သူလဲ၊ ဘာကိစ္စရှိလို့လဲ” ဆိုတော့ မုတ်ဆိတ်ကြီးက ချက်ချင်းပြန်မဖြေ။ စားပွဲပေါ်ကို ဘီယာရောက်လာတော့မှ အမြုပ်တစီစီ တက်နေသော ဘီယာကို တဂွတ်ဂွတ် မော့ချလိုက်ပြီး ဂေ့ ဟု လေတစ်ချက်ကြို့ရင်း ပြောသည်။
ဒီလိုပါ ကျုပ်က ဂမ္ဘီရပညာကို နှစ်ပေါင်းများစွာ လေ့လာလိုက်စားနေတဲ့ လူတစ်ယောက်ပါ။ ဂမ္ဘီရပညာရဲ့ လျို့ဝှက်နက်ရှိုင်းမှုတွေကို တော်တော်လေး တွေ့ခဲ့ပါပြီ။ အခု ကျုပ်လိုချင်တာကတော့ အလွန်အဖိုးတန်တဲ့ ရှေးဟောင်း တိုင်ကပ်နာရီ တစ်လုံးပါ။ ဒီနာရီက တော်တော်လေး ရှေးကျတယ်။ ဂယ်လီလီယိုခေတ်ရဲ့ နောက်ပိုင်းလေးလောက်မှာ လုပ်ခဲ့တယ်လို့ ခန့်မှန်းရတယ်။ ဒီနာရီမှာပါတဲ့ ချိန်သီးက ရိုးရိုးချိန်သီး မဟုတ်ဘူး။ အင်မတန် အစွမ်းထက်တဲ့ ဂမ္ဘီရချိန်သီး။ အနောက်တိုင်း ဂမ္ဘီရလောကမှာတော့ ဂမ္ဘီရချိန်သီးက နာမည်ကြီးပဲ။ ဂမ္ဘီရပညာသည်တွေဟာ ကိုယ်တွင်းပိုင်းမှာဖြစ်တဲ့ ရောဂါတွေကို ဂမ္ဘီရချိန်သီးနဲ့ ရှာလေ့ရှိကြတယ်။ လူနာရဲ့ ၀မ်းဗိုက်ပေါ်မှာ ချိန်သီးကို တန်းလန်းချပြီး နှလုံးမှာလား၊ အဆုတ်မှာလား၊ အသည်းမှာလား၊ ကျောက်ကပ်မှာလားဆိုတာ အတိအကျ သိအောင်ရှာတယ်။ အဲဒီဂမ္ဘီရချိန်သီးကိုလည်း ပုံစံအမျိုးမျိုးနဲ့ လုပ်ကြတယ်။ ဂမ္ဘီရ သမိုင်းမှတ်တမ်းတွေအရ ကြည့်မယ်ဆိုရင် ဟစ်တလာဟာ မူဆိုလီနီရှိတဲ့နေရာကို အတိအကျသိရဖို့ ဂမ္ဘီရပညာရှင်တွေခေါ်ပြီး မြေပုံပေါ်မှာ ချိန်သီးချပြီး ရှာခဲ့တယ်လို့ သိရတယ်။ အနောက်တိုင်း ဂမ္ဘီရလောကမှာတော့ ဂမ္ဘီရချိန်သီးက နာမည်ကြီးပဲ။ အခုကျုပ်တွေ့ထားတဲ့ တိုင်ကပ်နာရီက ချိန်သီးဟာ ဂမ္ဘီရချိန်သီးပဲ။ ဒီနာရီကို မြို့အစွန်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ တွေ့ထားတယ်။ အဲ့ဒီဘုန်းကြီးကျောင်းမှာ ဘုန်းကြီးအိုကြီးတစ်ပါးပဲ သီတင်းသုံးတယ်။ ဘုန်းကြီးအိုကြီးက အဲဒီ ရှေးဟောင်းနာရီကြီးကို ဘယ်လောက်ပေးပေး မရောင်းဘူး ဘုရားကို လှူထားတာ၊ ဘုရားပစ္စည်းလို့ပဲ ပြောတယ်။ ပြီးတော့ ဒီနာရီကို တော်တော်လေး မျက်စိလျင်မှ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့အစွမ်းအစကို ကျုပ်သိပါတယ်။ ခင်ဗျားရဲ့ပညာကိုလည်း လေးစားတယ်။ ဒီနာရီကို ခင်ဗျားကလွဲပြီး ဘယ်သူမှ မခိုးနိုင်ဘူးဆိုတာ ကျုပ်သိပါတယ်။ ဒီတော့ ကျုပ်ကို ကူညီပါ။ ဒီနာရီကို ရအောင် ခိုးပေးပါ။ ရရင် ခင်ဗျားကို သိန်းနဲ့ချီပြီး ပေးမယ်။ ပြီးတော့ တခြားအဖိုးတန်တာတွေလည်း ပေးဦးမယ်။
မုတ်ဆိတ်ကြီး၏ စကားကို သူတော်တော်လေး စိတ်ဝင်စားသွားသည်။
သူရော မုတ်ဆိတ်ကြီးရော ဘီယာတွေ တစ်ခွက်ပြီး တစ်ခွက် သောက်နေကြသော်လည်း အရှိန်မတက်။ တစ်ဖက်က အနည်းငယ် ကျဉ်းပြီး တစ်ဖက်က အနည်းငယ်ကျယ်သော မုတ်ဆိတ်ကြီး၏ လျို့ဝှက်နက်ရှိုင်းသည့် မျက်လုံးများကို စိုက်ကြည့်ရင်း ခိုးပေးမယ်လို့ သူကတိပေးလိုက်သည်။
{ ၃ }
ညသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ အချိန်က သန်းခေါင်အလွန်။ တစ်ခြမ်းပဲ့ လ၏ ၀ိုးတ၀ါး အလင်းရောင်ထဲတွင် သူ့ခြေလှမ်းများ ပေါ့ပါး သွက်လက်နေသည်။
သို့သော်လည်း သူ့ခြေထောက်တွင် ဖိနပ်မပါ။ ဘုန်းကြီးကျောင်းအိုကြီးသည် လရောင်အောက်တွင် မည်းမည်းရှည်ရှည်ကြီး အထီးကျန်လျက်ရှိသည်။ ခြေတံရှည် တိုင်လုံးကြီးများနှင့် တည်ဆောက်ထားသော ကျောင်းအိုကြီးအနားကို ရောက်အောင် သူချဉ်းကပ်လိုက်သည်။ မျက်စိကိုဖွင့်၊ နားကိုစွင့်၊ စိတ်ကို အတည်ငြိမ်ဆုံးထား၍ တိုင်တစ်တိုင်ကို ဖက်တွယ်ပြီး အပေါ်ကို တက်လိုက်သည်။ ပြတင်းဝကိုေ ရာက်တော့ သုံးနေကြ သံချိတ်တစ်ခုနှင့် ကလော်၍ ဖွင့်လိုက်သည်။
အထဲတွင် ဘုရားစင်တစ်ခု၊ စာအုပ်ဗီရိုများနှင့် အခန်းကန့်ထားသော အိပ်ခန်းငယ်တစ်ခု။
ဘုရားစင်ပေါ်တွင် ၀ါဆိုဖယောင်းတိုင်ကြီး တစ်တိုင်ကို ထွန်းညိထားသောကြောင့် ဘုန်းကြီးအိုကြီး မကျိန်းသေးဟု ခန့်မှန်းရသည်။ ဘာပဲဖြစ်ဖြစ် အထဲကိုဝင်ပြီး နာရီရှာဖို့ ဆုံးဖြတ်ကာ ကြမ်းပြင်ပေါ်ကို ဖွဖွလေး ခုန်ချလိုက်သည်။ မျက်စိကိုပြူး ပြဲပြီး နာရီကို အသေအချာ လိုက်ရှာသည်။ သို့သော်လည်း မတွေ့။
သူ မကျေမနပ်ဖြစ်ကာ အသက်အောင့်၍ မျက်စိမှိတ်ပြီး နားစွင့်လိုက်တော့ တဂျက်ဂျက် မြည်သံကို သဲ့သဲ့လေး ကြားရသည်။ အသံကြားရာကို တိုးသွားတော့ နာရီကို သစ်သားတိုင်တစ်တိုင်တွင် ချိတ်ကပ်မထားဘဲ ထွင်းထည့်ထားသည်ကို တွေ့ရသည်။ တိုင်ကလည်း အမည်းရောင်၊ နာရီကလည်း အမည်းရောင်ဖြစ်သော်လည်း ဘယ်ညာ လှုပ်ရမ်းနေသော ချိန်သီးမှာ သတ္တုတစ်ခုဖြစ်ပြီး တ၀င်းဝင်း လက်နေသည်။ အိပ်ခန်းဆီကို အချိန်အတော်ကြာအောင် အကဲခတ်ပြီးမှ နာရီကို နှိုက်ယူလိုက်သည်။ လွယ်လွယ်ကူကူပင် သူ့လက်ထဲတွင် နာရီပါလာပြီး တဂျက်ဂျက်မြည်သံမှာ ပိုမိုကျယ်လောင်လာသည်။ နာရီလက်တံတွေက တစ်နာရီထိုးဖို့ တရွေ့ရွေ့။ နာရီကို အခုချက်ချင်း သယ်သွားလျင် နာရီထိုးသံ ဒေါင်ဒေါင်ဒင်ဒင်မြည်သံသည် နေရာရွေ့ကာ ထွက်ပေါ်လာပြီး ဘုန်းကြီးအိုကြီး သိသွားမည်စိုးသောကြောင့် နဂိုနေရာမှာပင် ရပ်လျက် နာရီကို ကိုင်ထားမိသည်။ နာရီမြည်ပြီးမှ အမြန်ပြေးဖို့ စိတ်ကူးထားသည်။
တစ်နာရီအတိကို ရောက်တော့ နာရီထိုးသံကို မကြားရဘဲ ‘ဟိတ်’ ဆိုသည့် အော်သံတစ်ခု အပေါ်မှ ထွက်ပေါ်လာ၍ မော့ကြည့်လိုက်ရာ ခေါင်မိုးထုပ်တန်းပေါ်တွင် ကိုရင်လေးတစ်ပါး ငုတ်တုတ် ထိုင်နေသည်ကို ၀ိုးတ၀ါး မြင်လိုက်ရသည်။
မုတ်ဆိတ်ကြီးပြောတော့ ဘုန်းကြီးအိုကြီး တစ်ပါးပဲရှိတယ်တဲ့။ အခုတော့ ကိုရင်လေး တစ်ပါးပါလား။ ဘုန်းကြီးအိုကြီးရော ရှိလေမလားလို့ တွေးတောရင်း အိပ်ခန်းဆီကို လှည့်ကြည့်လိုက်စဉ်မှာပင် သူ့ရှေ့တည့်တည့်ကို ထုပ်တန်းပေါ်မှ ဘုန်းခနဲ့ ပြုတ်ကျလာသောကြောင့် ပြန်လှည့်ကြည့်မိသည်။
ထုတ်တန်းပေါ်တွင် စောစောကမြင်ရသော ကိုရင်လေးမှာ အခုတော့ သူ့ရှေ့တည့်တည့်တွင် ဘုန်းကြီးအိုကြီးတစ်ပါး ဖြစ်နေသည်။ ခါးကိုင်းကိုင်း ကုန်းကုန်းနှင့်။ မျက်နှာပေါ်တွင် ပါးရေများ တွန့်လိမ် ရွတ်တွနေသည်။ ဖယောင်းတိုင်မီးရောင် တလှပ်လှပ် ဟပ်နေသော ဘုန်းကြီးအိုကြီး၏ အသွင်သဏ္ဍန်မှာ အလွန်အမင်း အိုမင်း ရင့်ရော်နေသည်။
သူ ကြည့်ရင်းကြည့်ရင်း ကျောစိမ့်ကာ ကြက်သီးများ တဖြန်းဖြန်း ထလာသောကြောင့် နာရီကို ကြမ်းပြင်ပေါ်ချ၍ ချက်ချင်း ထိုင်ကန်တော့လိုက်သည်။
“ကမ္ဘာကြီးကိုတောင် ရအောင်ခိုးမယ့် ဒကာကြီး သူခိုးပါလား”
ဘုန်းကြီးအိုကြီးက သူ့စိတ် သူ့အတွေးတွေကို ဖောက်မြင်နေသည်။
“ဒကာကြီးက ကမ္ဘာကြီးကို ခိုးချင်ပေမယ့် ကမ္ဘာကြီးက ဒကာကြီးကို ခိုးထားလိုက်ပြီ ဒကာကြီး။ သံသရာမှာ ကျင်လည်နေကြတဲ့ သတ္တ၀ါတွေဟာ ကမ္ဘာကြီး ခိုးထားတဲ့ အရာတွေပဲ။ ကမ္ဘာကြီး ခိုးတာကို ခံရလို့ ဟောဒီ ကမ္ဘာကြီးထဲမှာပဲ ဘ၀ အဆက်ဆက် ကျင်လည်ကြရတယ်။ ဒါဟာ ငါးပါးသီလ မလုံလို့၊ အကုသိုလ်တွေ ရှိနေလို့၊ ဒကာကြီးတို့လို ခိုးချင်ဝှက်ချင်စိတ်တွေ ရှိနေလို့၊ စိတ်မသန့်ရှင်းလို့ ကမ္ဘာကြီးခိုးတာ ခံရတာပဲ။ သံသရာမှာ ဒုက္ခတရားတွေနဲ့ ဆက်ပြီး ကျင်လည်နေရတာပဲ။ ဘုန်းကြီးကတော့ နောင်ဘ၀မှာ ကမ္ဘာကြီးခိုးတာ မခံရဖို့၊ သံသရာက လွတ်မြောက်ဖို့ ကျင့်ကြံနေတယ် ဒကာကြီး”
“ဒကာကြီးလည်း ကမ္ဘာကြီးခိုးတာ မခံရဖို့ ခိုးချင်စိတ်တွေ ရပ်လိုက်ပါတော့”
လက်အုပ်ချီထားသော သူ့လက်များ တဆတ်ဆတ် တုန်နေသည်။
“မှန်…မှန်လှပါအရှင်ဘုရား”
စကားတွေက အထစ်ထစ် အငေါ့ငေါ့။
“တ..တပည့်တော် မနေနိုင်လို့ ခိုးမိတာပါ။ ဒါနောက်ဆုံး ခိုးခြင်းပါပဲ။ နောက်….နောက်ကို ဘယ်တော့မှ မခိုးတော့ပါဘူး။”
“ ကောင်းလေစွ… ကောင်းလေစွ။ သာဓု..သာ…”
ဘုန်းကြီးအိုကြီး၏ စကားသံ မဆုံးသေး။ သူ ထပ်၍ လျောက်ပြန်သည်။
“ဒါ… ဒါပေမယ့် ဒီနာရီလေးကိုတော့ ဒီအတိုင်း မထားခဲ့ချင်ပါဘူး အရှင်ဘုရား။ ဒီနာရီလေးကိုတော့ နောက်ဆုံး အမှတ်တရအနေနဲ့ အပြီးတိုင် ခိုးသွားချင်ပါတယ် အရှင်ဘုရား ”တပည့်တော်က ပစ္စည်းတစ်ခုကို ခိုးပြီဆိုရင် မရရအောင် ခိုးတတ်ပါတယ်။ တပည့်တော်ရဲ့ သူခိုးရာဇ၀င်မှာ မရလို့ ထားခဲ့ရတဲ့ ပစ္စည်းရယ်လို့ မရှိပါဘူး။ ဒီနာရီလေးကိုတော့ ရအောင် ခိုးသွားချင်ပါတယ် အရှင်ဘုရား။”
ဘုန်းကြီးအိုကြီး ငြိမ်သက် တွေဝေသွားသည်။ ကံကြမ္မာကို တရိပ်ရိပ် ရှုငေးရင်း အတွင်းစိတ်၏ အသိတရားကို ရင့်ကျူးလိုက်သည်။
“ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ် ဒကာကြီး”
“အချိန်လည်း သိပ်မရှိတော့ဘူး အရှင်ဘုရား၊ မိုးမလင်းခင် အရခိုးထားမှ..”
ပြောပြောဆိုဆိုနှင့် သူနာရီကို ကြမ်းပြင်ပေါ်မှ ကောက်ယူ၍ ပွေ့ပိုက် ပြေးထွက်လာပြီး ပြတင်းဝမှ လွှားခနဲ့ ခုန်ချလိုက်သည်။ သူ့ရင်ထဲတွင် အေးခနဲ့၊ ဟာခနဲ့ဖြစ်သွားပြီး ပွေ့ပိုက်ထားသော နာရီမှာ မြေပြင်ပေါ်ကို အရင် လွတ်ကျသွားသည်။
ဘယ်အချိန်က စောင့်နေမှန်း မသိသော လူတစ်စု၏ လှံတံသည် သူ့ရင်ဝတည့်တည့်ကိုစူးခနဲ့ စိုက်ဝင်သွားသည်။ ‘အား’ ဆိုသည့် အော်သံနှင့် အတူ သူ့ရင်တစ်ခုလုံး ထုတ်ချင်းပေါက်ကာ မြေပြင်ပေါ်တွင် လဲကျသွားသည်။
လရောင်အောက်တွင် တစိမ့်စိမ့်ထွက်ကျလာသော သွေးစက်များနှင့်အတူ သူ့ဝိညဉ်သည် သူ့ခန္စာမှ အပြီးအပိုင် ထွက်ခွာသွားသည်။ တစ်ချိန်တည်းမှာပင် နာနာဘာဝ ၀ိနာဘာဝ လောကထဲတွင် တစ္တေသရဲတို့၏ အော်ဟစ်သံများ ဆူညံသွားသည်။
“သူခိုးဗျို့…. သူခိုး… သူခိုး”
ခိုင်ထူးသစ်
မြားနတ်မောင်မဂ္ဂဇင်း (အောက်တိုဘာ၂၀၀၄)
[ဥတ္တရလမင်း ခံစားသူအကြိုက် ၀တ္တုတိုများ ၂၀၀၄]
Wednesday, March 7, 2012
"လူအူသံ" (၀တ္ထုတို_မြားနတ်မောင်မဂ္ဂဇင်း၂၀၀၃)
ငိုသူများနှင့် ရင်းနှီးနေသော သူ့မျက်နှာတွင် အပြုံးအရယ်များ ပျောက်ဆုံးနေ၏။ မြို့ကလေးရဲ့ ဟို အဝေးက ရှင်းလင်းမှုမရှိသော လွင်ပြင်ကျယ်တစ်ခုတွင် နေထိုင်ရင်း အုပ်ဖွဲ့ငိုသံများကို သူ (တစ်ဝကြီး) နားဆင်နေရသည်။ ခပ်ပြဲပြဲ ခပ်ကျယ်ကျယ် ဖွင့်ငိုသံ၊ စူးစူးဝါးဝါး အော်ငိုသံ၊ ဟစ်ငိုသံ၊ ဆို့နင့်တိုးတိတ်သော ရှိုက်ငိုသံတို့ကို သူ့နားက အလိုလို ခွဲခြား၍ နားဆင်နိုင်သည်။ ပြီးတော့ ရင်ထဲထိ မြည်ဟည်းသွားသော ကြေးစည်တီး သံက သူ့ကို အမိန့်ပေးနေသည်။ အရွယ်မညီသော မြေစိုင်ခဲများပေါ်တွင် ဖိနပ်မပါသော သူ့ခြေဖ၀ါးများက သားသားနားနား ဖြစ်နေ တတ်သည်။
အရိုးနှင့်အသားကိုဖြည်းဖြည်းချင်းခွဲခြားပေးသော မြေကြီးပေါ်တွင်သူတစ်နေကုန် ပြေးလွှားနေရသည်။
“အဟင့်….အဟင့်….အဟင့်”
ဖြည်းဖြည်းချင်း ကျယ်လွင့်လာသော ပင့်ရှိုက်ငိုကြွေးသံများနှင့် သံပြိုင်ငိုသံများကို သူ ဥပက္ခာပြု ၍ မရခဲ့ပေ။ ပြီးတော့…… သူ့ဆီရောက်လာသော လူတစ်အုပ်က မငိုနိုင်သော လူတစ်ယောက်အား သူ့ဆီမှာ ထားခဲ့ပြီး ထွက်ခွာသွားသည်ကိုလည်း သူမငြင်းပယ်ခဲ့ပေ။
ညဘက်ပိုင်းကို ရောက်ရင်တော့ တိတ်တိတ်ဆိတ်ဆိတ် အေးအေးဆေးဆေး ရှိလှသည်မို့ သူပျော်သ လိုလို ဖြစ်နေမိသည်။ သို့သော်လည်း အဘက အရက်နံ့များကို သယ်ဆောင်၍ သူ့အနားလာပြီး စကားပြောသော အခါမျိုးတွင်တော့ သူ အေးအေးဆေးဆေး နေ၍ မရတော့ပေ။
ဟိုး …ရှေးရှေးတုန်းကတော့ လူတစ်ယောက်သေရင် ရေးချိုးပေး၊ သနပ်ခါးလိမ်းပေးပြီး ခေါင်ရမ်းပန်း ပန်ပေးလိုက်ရင် သူ့ဘာသာ ထလျှောက်သွားတယ်တဲ့။ အခုချိန်မှာ အဲသလိုသာ ဖြစ်လာလို့ကတော့ အဘ က ဒီလိုပင်ပန်းတဲ့ အလုပ်မျိုးကို မလုပ်တော့ဘူး။ ခေါင်ရမ်းစိုက်ပြီး ဒီမြို့ထဲ ခေါင်ရမ်းပန်း လိုက်ရောင်းမယ် လူလေးရေ။”
ပြောလိုက် မော့လိုက် လုပ်နေသော အဘကို လှမ်းကြည့်ရင်း လက်ထဲက ပေါက်တူးတစ်လက် ကို သူပစ်ချလိုက်သည်။ လရောင်အောက်က အဘ၏ မျက်နှာပြဲပြဲ ဖောဖောကြီးသည် အဆီတ၀င်းဝင်းနှင့်။ တူးလက်စ မြေကျင်းဆီကို လှမ်းကြည့်နေသည်။
“ဟ….လူလေး တူးနေတဲ့ ကျင်းက ရှည်လှချည်လား” အဘက အားပါးတရ အော်ပြောလိုက်သော်လည်း သူဘာမှ ပြန်မပြောမိ။
“အင်း…အရပ်ရှည်တဲ့လူတွေက ငါတို့ကိုတော့ ဒုက္ခပေးတယ်နော်။”
အဘ၏ စကားအဆုံးတွင် ငှက်စုန်းထိုးသံ တစ်ချက်‘ဂီး’ခနဲ့ ထွက်ပေါ်လာသည်။ တိမ်မည်းတို့ လကိုရှပ်၍ ဖြတ်သန်းသွားသည်မို့ ရိပ်ခနဲ့မှောင်သွားပြီး ဖျပ်ခနဲ့ ပြန်လင်းလာသည်။ လေက တဟူးဟူးတိုက်ခတ် နေဆဲ။ ဇရပ်ဆီက သွပ်ပြားနှင့် သစ်ကိုင်းတို့ ရိုက်ပုတ်နေသံကို သဲ့သဲ့လေး ကြားနေရသည်။
“အဘ၊ညဉ့်နက်ပြီ၊ သွားအိပ်တော့လေ” ခေါင်းငိုက်စိုက်ကျနေသော အဘသည် သူ့အနားမှာ ယိုင်တိုင်ယိုင်တိုင် ဖြစ်နေရာမှ တစ်လှမ်းချင်း လျှောက်သွားသည်။
“လေအရမ်းတိုက်တယ်၊ ဇရပ်ပေါ်မှာမအိပ်နဲ့၊ တဲထဲဝင်အိပ်”
ဖြည်းဖြည်းချင်းဝေးသွားတော့မှ မြေစိုင်ခဲများပေါ်ကပေါက်တူးကို ကောက်ကိုင်ရင်း အဘကိုလှမ်း အော်မိသည်။သူ့မျက်နှာပေါ်မှာတော့ချွေးတဒီးဒီးကျနေသည်။မြေစိုင်မြေသားများက မာကျောလွန်းသည်။ ဟိုးဝေးဝေးက အုတ်ဂူဖွေးဖွေးလေးတွေဆီမှာ ကျနေသော အရိပ်များသည် လရောင်အောက်တွင် တညီတညာတည်း ဖြစ်နေ၏။ အရိပ်မည်းမည်းကြီး ကျနေသော ဇရပ်ဆ်ီကို လှမ်းကြည့်ရင်း အဘ ခဏခဏ ပြောပြတတ်သည့် စကားများကို ကြားယောင်လာသည်။ အဘက ဇရပ်ထိပ်ကို ရောက်တိုင်း အဝေးဆီက သစ်ပင်တန်းတစ်အုပ်ကို လှမ်းငေးရင်း အတိတ်ဇာတ်ကို ပြန်ပြောနေတတ်သည်။
လူလေးကိုတွေ့ခဲ့တာ ဟိုးသစ်ပင်တန်းအဆုံးက တံတားထိပ်မှာပေါ့။ မင်းလက်ထဲမှာ နို့ဗူးလေး တစ်လုံးကလွှဲပြီး ဘာမှပါမလာဘူး။ မင်းဘေးနားတော့ ခြေရာတွေ အများကြီးရှိနေတယ်။ လူတွေက မင်းကိုတွေ့ပေမယ့်ပွေ့ချီသွားဖို့သတ္တိမရှိကြဘူး။ အဘကတော့ ‘တောက်’ တစ်ချက်ခေါက်မိပေမယ့် မင်းကိုပွေ့ချီခဲ့တယ် လူလေး။ ”
လေးတွဲ့တုန်ခါနေသောအဘ၏အသံကသူ့နှလုံးသားကိုထိုးခွင်းနေသည်။တကယ်တော့ စွန့်ပစ်သူနဲ့ စွန့်ပစ်ခံရသူရဲ့ကြားမှာ နားလည်ရခက်တဲ့ဒုက္ခတရားတွေရှိတယ်လူလေး။ စွန့်ပစ်ခံရသူက စွန့်ပစ်သူကို အပြစ်တင်ချင်ပေမယ့် စွန့်ပစ်ရတဲ့ အကြောင်းကို မသိတော့လည်း အပြစ်တင်ဖို့က ခပ်ခက်ခက်ပါလား။ တကယ်လို့သာ သူတို့ဟာသူတို့ ကိုယ်တိုင်ကိုရပ်တည်လို့ မရနိုင်တဲ့အတွက် လူလေးကို စွန့်ပစ်တယ်ဆိုရင် လူလေး သူတို့ကို အပြစ်တင်လို့မရဘူး။ သူတို့က လူလေးကိုစွန့်ပစ်တာ မဟုတ်ဘူး။ စွန့်လွတ်တာ။ တကယ်လို့များ သူတို့က သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အရှက်တရားအတွက် လူလေးကို စွန့်ပစ်တာ ဆိုရင်တော့လူလေး သူတို့ကို အပြစ်တင်သင့်တယ်။”
အုံ့မှိုင်းမှိုင်း သစ်ပင်တန်းများဆီမှ ငှက်တစ်အုပ် ပျံသန်းလာသည်။ နောက်ပြန်လှည့်ကြည့်လိုက်သော သူ့မျက်လုံးထဲတွင် အုတ်ဂူများ၊ မြေပုံမို့မို့များ၊ သစ်သားမှတ်တိုင်များ….။ နားထဲတွင်ကြေးစည်တီးသံများ တစ်ချက်ပြီးတစ်ချက် လွင့်ဝဲလာသည်။
အဝေးဆီက တရွေ့ရွေ့ ချီတက်လာသော လူတစ်အုပ်ကို အဘမြင်သွားတော့သူပုခုံးကိုခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။
“လူလေး သူတို့အပေါ်မှာတာဝန်ကျေရမယ်နော်။ဒီအထဲမှာ မင်းမိဘနှစ်ပါး ပါမလာဘူးလို့မပြောနိုင် ဘူး။တကယ်လို့သာ မင်းမိဘနှစ်ပါးကို သင်္ဂြိင်္င်္ဲုဟ်ခွင့်ရလိုက်ရင် မင်း ဒီနေရာကိုရောက်ရကျိုးနပ်ပြီ”
ကြေးစည်တီးသံကသူ့ရင်ထဲထိမြည်ဟည်းသွားသည်။ ငိုသံများနှင့်ရွာသွန်းနေသော မျက်ရည်မိုးများကို ရှုငေးနေဖို့သူ့မှာအချိန်မရှိ။ ဂူသွင်းမှာလား၊မြေချမှာလား၊ မီးရှို့မှာလား…။ ရုတ်ရုတ်သဲသဲဖြစ်နေသော လူအုပ်ထဲတွင်သူအလုပ်ရှုပ်နေတာကိုဘယ်သူကမှသတိမပြု။ အသိအမှတ်မပြုကြ။ စုတ်ပြဲညစ်ထေးနေသော သူ့အင်္ကျီကိုကြည့်၍ နှာခေါင်းရှုံ့ကြသူများက သူ့ကိုပန်းခွေတစ် ခွေလောက်ပင် တန်ဖိုးမထားနိုင်ကြပေ။
“ခြေမကိုကြိုးနဲ့ချည်ရဲ့လားဗျ။ဖြည်းဖြည်းမကြပါ။ဖြည်းဖြည်းချကြပါ။”
သူကတော့အသက်မရှိတော့သည့် လူတစ်ယောက်နာကျင်သွားမှာကိုပင် စိုးရိမ်နေမိသည်။
“ဘာရောဂါနဲ့လဲ”
အဘကရောက်လာသူတိုင်းကို သည်လိုမေးတတ်သည်။ ရောဂါ အသစ်အဆန်း၊ နာမည်ဆန်းဆန်းလေးတွေ ဆိုရင် ထပ်ပြန်တလဲလဲမေး၍ လိုက်ရွတ်နေတတ်သည်။
“ဘာရောဂါမှမဟုတ်ဘူးဗျို့၊သူ့ကိုယ်သူ စီရင်လိုက်တာ” ဆိုလို့ကတော့ အဘပါးစပ်က ‘ထွီ’ခနဲ့မြည်သွား ပြီး လှည့်၍ပင် မကြည့်တော့ပေ။
* * * * * * * * * * * * *
“လူတွေက လူတွေကိုစွန့်ပစ်ရာမှာ အသက်မရှိမှစွန့်ပစ်ကြသလို အသက်ရှိရက်နဲ့လည်းစွန့်ပစ်တတ်ကြတယ်။အဘကတော့စွန့်ပစ်ခံရတဲ့လူဆိုရင်အသက်ရှိတဲ့လူရော၊ အသက်မရှိတော့တဲ့လူရောအကုန်လုံးကိုလက်ခံထားချင်တယ်။”
အုတ်ဂူတစ်လုံးပေါ်ထိုင်နေသောအဘသည် မြို့ကလေးရှိရာ သစ်ပင်အုပ်များဆီကိုငေးမောလျှက် စကားတွေအများကြီးပြောနေတတ်သည်။ အဘ၏စကားများကို နားထောင်ရင်း သူ့လက်များကမြေစိုင်ခဲများကို ဆုပ်ခြေနေမိသည်။
“အဘသေရင်ဘယ်သူငိုမှာလဲ”
“ကျွန်တော်ငိုမှာ အဘ”
အဘသည်လိုမေးတိုင်းသူကမဆိုင်းမတွပြန်ဖြေတတ်သည်။
“မငိုပါနဲ့လူလေးရယ်၊ငိုသံတွေကိုအဘ မကြားချင်တော့ဘူး။ဘ၀တစ်လျှောက်လုံး ကြားခဲ့ရတဲ့ငို သံတွေ၊နေ့စဉ်နေ့တိုင်းကြားနေရတဲ့ငိုသံတွေကို အဘရွံမုန်းနေပြီ။အဘနဲ့ဝေးနေတဲ့ရယ်သံတွေကိုပဲ အဘကြားချင်တယ်။”
အဘကိုသူနားမလည်စွာမော့ကြည့်နေမိသည်။
“အေး…အဘမသေခင်မင်းသေသွားဦးမယ်နော်။ညရေးညတာမှာ ဘယ်ကိုသွားသွားလက်နှိပ်ဓာတ် မီးယူသွား။မြွေပါးကင်းပါးသတိထား။အေး…မင်းသေလို့ကတော့အဘကငိုမှာမဟုတ်ဘူး။ အဘသေရင်လည်း မင်းမငိုနဲ့” အဘက သည်လိုပြောပြီး တ၀ါးဝါး ရယ်နေတတ်သည်။ တစ်ခါတစ်ခါမှာလည်းသူ့ခေါင်းကိုလက်နှင့်ပုတ်ပြီး ငယ်ဘ၀တွေကို ပြန်ပြောရင်း ရယ်နေတတ်ပြန်သေးသည်။
"လူလေး..မင်းကနှယ်နှယ်ရရကောင်မဟုတ်ဘူးကွ။မင်းငယ်ငယ်ကအရိုးခေါင်းတွေကို ဘောလုံးလုပ် ပြီး ကန်ခဲ့တာ။”
* * * * * * * * *
နှင်းရိုင်းများသိမ်းပိုက်ထားသည့် ဆောင်းညတစ်ညတွင် အဘ ကွယ်လွန်သွားသည်။ အေးစက်မာကျောနေသော အဘ၏ အလောင်းကို သူ ကိုယ်တိုင်ပွေ့ချီ၍မြေကျင်းထဲသို့ ဖြည်းဖြည်းချင်း ချ လိုက်သည်။ သူ့ရင်ထဲတွင် ဆို့နင့်နေ၏။ မျက်ဝန်းတစ်ခုလုံး ပူလောင်နေသည်။ မြေစိုင်ခဲများကိုကျင်းထဲတွန်းချရင်း သူအော်ငိုလိုက်ချင်သည်။
သို့သော်လည်းအဘက ငိုသံတွေကို ကြားချင်တာမဟုတ်။ သူ့ကိုမငိုဖို့ မှာသွားသည်။ ငိုသံများကို နားဆင်ရင်း ဘ၀ခရီး ဆုံးသွားသော အဘက ရယ်သံများကိုသာ ဆာလောင်ခဲ့သည်မို့ သူမငိုမိအောင် ထိန်းထားရသည်။
အဘကိုသူသိပ်ချစ်သည်။ သူသိပ်ငိုချင်သည်။ နောက်ဆုံးတော့ အဘရဲ့မြေပုံရှေ့မှာ သူ လေးဖက်ထောက်လိုက်ပြီးခွေးတစ်ကောင်လို အူပစ်လိုက် လေတော့သည်။
ခိုင်ထူးသစ်
(မြားနတ်မောင်မဂ္ဂဇင်း။၂၀၀၃ဇူလိုင်)
Sunday, February 26, 2012
"အပါယ်ဘုံဒစ်စကာဗာရီ "....ခိုင်ထူးသစ်
ဆွစ်..ဆွစ်..ဆွစ်…။
အပြေးသန် အသံစူးပြီး အမွေးအမြီးဖွားသော သူ့ကိုအများက ‘ရှဉ့်’ ဟုထင်ကြသည်။ သူ့ခြေတွေက လေထက်မြန်သည်။ သူ့လက်တွေက ရဲသည်။ မြဲသည်။ ပါးပြင်းထောင်နေသော မြွေတစ်ကောင်ကို ဖျပ်ခနဲဆွဲဆုပ်ကာ ခေါင်းကို ကိုက်ဖြဲပြီး ဦးနှောက်ဖောက်စားသည့် အလုပ်ကို သူကျွမ်း၏။ သူ့ရုပ်သွင်က ရှဉ့်နှင့်ဆင်သော်လည်း သူသည်‘ရှဉ့်’မဟုတ်။ ပွက်ပွက်ဆူနေသော ဒေါသပိုင်ရှင် မြွေတို့၏ ဦးနှောက်နွေးနွေးေ လးတွေကို ခံတွင်းတွေ့နေသည့် ‘မြွေပါ’ တစ်ကောင်ဖြစ်သည်။
အခေါင်းအပေါက်ရှိသည့် သစ်ပင်ကြီးကို သူပတ်ပြေးသည်။ ချောင်းစပ်မှ လေပြင်းတစ်ချက် ဝှေ့တိုက်လာ၍ သူ့အမွေးများ လွင့်လန်သွားသည်။ ရွှံနှင့်သဲ မသဲကွဲသည့် မြေပြင်ပေါ်ဝယ် ခြေရာတွေက တစ်ကွက်ပြီးတစ်ကွက်။ သေးသေး ကြီးကြီး။ တိမ်တိမ် နက်နက်။ ရေသောက်ဆင်းကြမည့် သမင်၊ ဒရယ်၊ နွားနောက်၊ ယုန်၊ ကြောင်တို့၏ ခြေရာများ ဖြစ်ကြသည်။ သစ်ပင်၏ကြီးမားသော အမြစ်ကြီးများက မြေပေါ်မှာ ထင်းထင်းပေါ်ကာ ချောင်းထဲကျဆင်းနေ၏။
အမြစ်ကြီးပေါ် သူခုန်တက်သည်။ ပင်ခြေမှ ချောင်းစပ်ထိ ရှည်သည့်အမြစ်သည် သူ့ပြေးလမ်းအတွက် အဖုအထစ်ဖြစ်နေသည်။
ရှေ့ကိုတစ်ချက် ဆက်အခုန် အရိုးတစ်ချောင်းပေါ် ရောက်သွား၏။ ဖွေးဖွေး မာမာချောချော။ အညှီနံ့ အသားနံ့လည်း စွဲနေသည်။ အရိုး၏ အဆစ်အဖုကို သူလှုပ်ကြည့်လိုက်စဉ်မှာပင် ဒေါက်ဒေါက် ဒုန်းဒုန်းဝုန်းဝုန်း မြည်သွား၍ လန့်ဖျပ်ကာ ခုန်လိုက်မိသည်။
သစ်ပင်ပေါ်မှာအရိုးတွေ. .အရိုးတွေ။
စပါးကြီး မြွေကြီးတစ်ကောင် သစ်ကိုင်းကိုပတ်ကာ လိမ်ကာ အောက်ဖက်သို့ ဇောက်ထိုးဆွဲလျက် ပါးစပ်ဟပြီး အရိုးတွေကို အထွေးလိုက် အခွေလိုက်အန်ချသည်။
ခြေရိုး၊ ဒူးရိုး၊ နံရိုး၊ ဦးခေါင်းခွံနှင့် ဦးချိုများ မြေပြင်ပေါ်တွင် တစ်ခုပေါ်တစ်ခု ကျကာပုံသွား၏။ သည်လောက်ကြီးသည့် မြွေကြီးကို တစ်ခါမှမမြင်ဘူး။ အကောင်ကြီးသလို ဦးနှောက်လည်း ကြီးလိမ့်မည်။ ဖောက်စားလိုက်ရလျင် တော်တော်အရသာရှိမည်ဟု တွေးရင်း သစ်ပင်ပေါ်ကို သူစောင့် မျှော်ကြည့်နေမိသည်။
မြွေကြီးသည်အသားကိုယူ၊ အရိုးကိုထုတ်၊ သွေးကိုစုပ်ပြီး သစ်ကိုင်းပေါ် မေးတင်ကာ ဇိမ်ခံရန်ငြိမ်သက်နေ၏။ သူမော့ကြည့်ရင်း ဦးနှောက် ဖောက်စားချင်လာသည်။ မြွေမျိုးစုံတို့၏ ဦးနှောက်ကို တစ်လုံးပြီးတစ်လုံး ဖောက်စားခဲ့သော်လည်း အခုလောက်ကြီးသည့် စပါးကြီးမြွေမျိုး၏ ဦးနှောက်ကိုမူ မစားဖူးသေး။ ထို့ကြောင့် သွားရည်ယိုလာကာ အပင်ပေါ်ကို ပြေးတက်လိုက်သည်။ ခုန်လိုက်၊ ကပ်လိုက်သော်လည်း အထက်ကိုမရောက်။ သူ့ခြေတစ်ဖက် နာသွား၍ကြွမလာ။ လှည့်ကြည့်လိုက်တော့ သူလိုပါးစပ် ချွန်ချွန်နှင့်‘မြွေပါ’ တစ်ကောင်သည် သူ့ခြေထောက်ကို ကိုက်ဆွဲနေသည်။ သူဒေါသထွက်၍ ထိုမြွေပါကို လက်ဖြင့် ပုတ်ရိုက်လိုက်၏။ သို့သော်လည်း မရိုက်မိ။ ထို‘မြွေပါ’သည် သူ့ခြေကို လွှတ်ချကာ သွက်သွက်လက်လက် ရှောင်တိမ်းသည်။ ထို့နောက်ခါးထောက်ကာ ရယ်ရင်း သူ့ကို ပြော၏။
“ရန်သူမဟုတ်ပါဘူး၊ တစ်ကောင်နဲ့တစ်ကောင်က မိတ်ဆွေတွေ၊ အမျိုးတွေ၊ ဆင်ခြင် စူးစမ်းကြည့်ပါဦး။ ခင်ဗျားလည်း မြွေပါပါ၊ ကျုပ်လည်း မြွေပါပါ”
“ဒါဆိုဘာလို့ ကျုပ်ကို ကိုက်တာ ဆွဲတာလဲ”
“ခင်ဗျား ဟိုစပါးကြီးမြွေကြီးရဲ့ ဦးနှောက်ကိုစားဖို့ အပင်ပေါ် တက်မလို့လား”
“ဟုတ်တယ်လေ၊ ခင်ဗျားလည်း စားချင်ရင် ကိုယ့်ဘာသာ တက်စားပေါ့။ ဘာလို့ ကျုပ်ကို ဆွဲချရတာလဲ။ လျင်သူ စားကြေးပဲလေ။”
သူအော်ဟစ်၍ ပြောလိုက်မိသည်။
“သိပ်မလောပါနဲ့။ ခင်ဗျားလို ငတ်ကြီးကျပြီး ဒီအပင်ပေါ် ပြေးတက်သွားတဲ့ မြွေပါတွေ အများကြီးပဲ။ ဒါပေမယ့် တစ်ကောင်မှ ပြန်ဆင်း မလာကြတော့ဘူး။ စပါးကြီးမြွေကြီးရဲ့ ညှို့မျက်ဝန်းထဲမှာ ဦးနှောက် စားချင်စိတ်ပျောက်သွားပြီး တစ်ကိုယ်လုံး စပါးကြီးမြွေကြီးရဲ့ ပါးစပ်ထဲ ကျွမ်းထိုး ၀င်သွားကြတယ်။ ဒီစပါးကြီးမြွေကြီးက မြွေပါ ဆယ်ကောင်ကျော်လောက်ကို မျိုပြီးပြီဗျ”
သူကြက်သီးထသွားကာ မိတ်ဆွေမြွေပါကို ပြူးပြူးပြဲပြဲ ကြည့်လိုက်မိသည်။ သူ့ထက် ကိုယ်လုံးကိုယ်ထည် တောင့်တင်းပြီး ပါးစပ်ချွန်၏။ မျက်လုံးတွေက အရောင်လက်လျက် ပြုံးစစနှင့်။ သဘောကောင်းသော မြွေပါတစ်ကောင်ပင်ဖြစ်သည်။ ထိုမိတ်ဆွေမြွေပါက သူ့ကို စကားတွေဆက်ပြောသည်။
“မြွေတွေထဲမှာတော့စပါးကြီးမြွေကဖမ်းရတာအခက်ဆုံးပဲ။သူ့မှာညှို့ဓာတ်ရှိတော့ သူ့မျက်ဝန်းနဲ့ငြိသွားရင် ကိုယ့်စိတ်က အလိုလိုညှိုးသွားပြီး သူ့ကိုကိုက်ချင်တဲ့စိတ်တွေပျောက်သွားတဲ့အပြင်ကိုယ်ကသူ့ အစာတောင်ဖြစ်သွားရတယ်။မြွေကိုစားတဲ့မြွေပါဟာ စပါးကြီးမြွေနဲ့တွေ့မှမြွေအစာဖြစ်သွားရတယ်။ ဒီတော့ ဆန္ဒမစောပါနဲ့ဗျာ၊ ကျုပ်လည်းဦးနှောက်ကိုဖောက်စားဖို့စောင့်ကြည့်နေတာလေးရက်ရှိသွားပြီ။ လွယ်လွယ်နဲ့တော့ မရဘူးဗျ ။ခေါင်းအေးအေးထားပြီး ကြံရမယ်။”
မိတ်ဆွေမြွေပါကဆက်ပြောပြန်သည်။
“အင်း. .စားရပြီဆိုရင်တော့ ဦးနှောက်ရော. .သည်းခြေရော အ၀စားရမယ်။သည်းခြေကတော့တော်တော် ခါးတယ်ပြောကြတာပဲ။ ဒါပေမယ့် ဆေးဖက်ဝင်တယ်တဲ့။”
မိတ်ဆွေမြွေပါသည် ဗဟုသုတနှင့် အတွေ့အကြုံ ရှိပုံရ၏။ ဘာပဲဖြစ်ဖြစ်သည်နေရာကို ကိုယ့်ထက် အရင်ရောက်နှင့်နေသူ၊ ကိုယ့်ထက် အကောင်ကြီးသူဖြစ်၍ သူ့ကိုကျော်မလုပ်သင့်ဟု ယူဆကာခေါင်းညိတ်ပြီး ပြုံးလိုက်၏။
“ဟုတ်တယ်ဗျာ၊ ခင်ဗျားပြောတာမှန်တယ်။ ဒီမြွေကြီးက သမင်၊ ဒရယ်လို အကောင်ကြီးတွေကိုတောင် ရအောင်မျိုထားတာ။ သူ့ပါးစပ်နဲ့သူ့ ညှို့ဓာတ်သိပ်ကြီးမယ် ဆိုတာဟောဒီ အရိုးပုံကြီးကို ကြည့်ပြီး သိနိုင်တယ်။ အဲ့ဒီတော့ သူ့ဦးနှောက်ကိုဖောက်စားဖို့ ခင်ဗျားနဲ့ကျုပ် ဘယ်လိုလုပ်ကြမလဲ”
မိတ်ဆွေမြွေပါသည် သစ်မြစ်ကြီးကိုလက်ဖြင့်ထောက်ရင်း မျက်တောင်နှစ်ချက်သုံးချက် ခတ်ပြီးဆွစ်..ဆွစ်..ဆွစ်ဟုအော်ကာ အသံစူးစူးနှင့် သူ့ကိုပြောပြသည်။ “နှစ်ကောင်ပေါင်းရင် ဘာခံနိုင်မလဲဗျာ။ ဒါပေမယ့်နည်းစနစ်တော့ လိုတာပေါ့။ ဒီစပါးကြီးမြွေကြီးကိုရင်ဆိုင်ရင် ခင်ဗျားနဲ့ကျုပ် တွဲကပ်နေလို့ မရဘူး။ရှေ့တစ်ကောင်နောက်တစ်ကောင် ခပ်ခွာခွာနေရမယ်။ သူညှို့မယ်ဆိုရင်ရှေ့ကကောင်ကိုပဲ ညှို့နိုင်မယ်။ အဲဒီကျရင်နောက်ကကောင်က ခုန်ပြီးေ ကျာ်ပြီး သူ့ခေါင်းကို ၀င်အုပ်ရမယ်။ သူ့ခေါင်းပေါ်တစ်ကောင်ရောက်တာနဲ့ ကျန်တဲ့ကောင်လည်း ၀င်လုံးလို့ ရသွားပြီပေါ့”
မိတ်ဆွေမြွေပါပြောသည့် တိုက်နည်း၊ ကိုက်နည်းကို သူသဘောပေါက်သွားသည်။ သို့သော်လည်းစောဒက တက်စရာ စဉ်းစားစရာတော့ ရှိနေသေး၏။ “ခင်ဗျားပြောတဲ့နည်းက သိပ်ကောင်းပါတယ်။ ဒါပေမယ့်ရှေ့ကနေမယ့်မြွေပါက စတေးရမှာပေါ့။ တကယ်လို့နောက်ကနေတဲ့ကောင်က အစွမ်းအစ မရှိရင်ခေါင်းပေါ်ရောက်အောင် မခုန်နိုင်ရင်ရှေ့ကကောင်ကတော့ သူ့ညှို့ဓာတ်နဲ့ သူ့ပါးစပ်ထဲရောက်သွားမှာပဲ။”
“အဲ့ဒီအတွက်မပူပါနဲ့။ ကျုပ်ကရှေ့ကနေပြီး ရင်းပါ့မယ်ဗျာ။ ခင်းဗျားနောက်ကလိုက်ခဲ့ပါ။ ဒါပေမယ့်ခပ်နီးနီးရောက်လို့ သူ့ခေါင်းပေါ် ခုန်တက်လို့ရပြီးဆိုတာနဲ့ ချက်ချင်းအားသုံးပြီး ခုန်နော်။ ပြီးရင်အသေကိုက်လိုက်။ ကျုပ်ကတော့ရှေ့ကနေတဲ့အတွက် သူ့ညှို့အားထဲမျောနေမှာပဲ။ ခင်ဗျားဦးနှောက်ဖောက်လို့ရတဲ့ အချိန်ကျမှပဲမျောနေတဲ့ ကျုပ်ကိုအော်ပြီး သတိပေးပေါ့။ ပြီးရင် ဦးနှောက် တစ်ဝက် ကျုပ်ကို ခွဲကျွေး”
မိတ်ဆွေမြွေပါ၏ စကားကို ကြားရသည့်အခါ ‘အမြော်အမြင် ရှိလိုက်လေခြင်း’ ဟုချီးကျူးမိသည်။ ထို့နောက် ‘အိုကေ’ဟုဆိုကာ “လုပ်ကြစို့”ဟု လှုံဆော်လိုက်သည်။ မိတ်ဆွေမြွေပါသည် ကျွမ်းတစ်ပတ်လှိမ့်၍ သစ်ပင်ပေါ်ကို ကပ်တက်လိုက်သည်။ သူလည်းနောက်မှ လိုက်တက်ရ၏။
ရှေ့တစ်ကောင်. .နောက်တစ်ကောင်။မြွေပါနှစ်ကောင် သစ်ပင်ပေါ်တက်လာသည်ကို စပါးကြီးမြွေကြီးတွေ့သွားသည့် အခါအမြီးတုပ်တုပ်ကြီးကို တဗျန်းဗျန်းရမ်းကာနောက်ပြန်လှည့်ကြည့်သည်။ သစ်ကိုင်းအထက်၌ စပါးကြီးမြွေကြီးသည် ရစ်နေလိမ်နေသည့် ကိုယ်ကို လှည့်ကာရွေ့ကာဆန့်သည်။ သစ်ကိုင်းအရင်းပိုင်းကိုခေါင်းထိုးလာ၍ အမြီးက သစ်ကိုင်းအဖျားဆီ တိုးဆုပ်နေသည်။ မိတ်ဆွေမြွေပါသည် သတ္တိကောင်းကောင်းနှင့် သစ်ကိုင်း အရင်းနေရာကိုခုန်တက်သည်။ စပါးကြီးမြွေကြီး၏ မျက်စိပြူးပြူးဝိုင်းဝိုင်းကြီးသည် ရီဝေလာ၏။ မိတ်ဆွေမြွေပါကရှေ့ကို ဆက်တိုးသည်။ မျက်လုံးတွေ အရောင်လက်လာသည်။ သူ့နောက်မှ လိုက်သွား၏။ သစ်ကိုင်းက တုပ်တုပ် ရှည်ရှည်ကြီး ဖြစ်သောကြောင့်တော်တော်လျှောက်ရသည်။ ပြေးလို့တော့ မဖြစ်။ ခုန်အုပ်ရန်ဝေးသေးသောကြောင့် မိတ်ဆွေမြွေပါနောက်မှ တရွေ့ရွေ့ လိုက်နေရသည်။ စပါးကြီးမြွေကြီး၏ မျက်လုံးမျက်ဆံများကို တကယ်မြင်ရတော့ ကြည်ကြည်ရွှင်ရွှင် ၀င်းဝင်းပပ ရှိလှသည်မို့ သူ့ရင်ထဲတွင် ရန်ပြုလိုစိတ်များပျောက်ရှသွားသည်။ အရောင်တွေက စိုစိုလင်းလင်း။ မျက်ဆံနက်နက်ထဲမှ အကွင်းလိုက် ဖြန့်ထွက်လာသည့် အ၀ါရောင် ကွင်းဝိုင်းကြီးသည် အလွန်လှ၏။သေချာကြည့်လျှင် မျက်လုံးနှင့်မတူ။ သစ်ခေါင်းကြီးထဲမှ အရောင်တွေ ထွက်လာသည်နှင့် တူသည်။ ထိုသစ်ခေါင်းကြီးထဲတွင် ဘာတွေရှိလေမလဲ ဆိုသည့်သိချင်စိတ်ကလည်း ရိုးရိုးရွရွ ဖြစ်လာသည်။ ထို့ကြောင့်ရှေ့ရှိ မိတ်ဆွေမြွေပါကိုကျော်တက်ကာ ဆက်လျှောက်လိုက်သည်။
“ဒီသစ်ခေါင်းထဲကို ငါအရင်ပြေးဝင် ရမယ်ကွ” သူ့စိတ်ထဲကကြွေးကြော်သံကို မိတ်ဆွေမြွေပါ ကြားသွားမလားလို့ တွေးမိရင်းရှေ့ကို သူဆက်သွား၏ ။နောက်တွင် ကျန်ရစ်ခဲ့သော မိတ်ဆွေမြွေပါကိုပင် လှည့်မကြည့်တော့ဘဲခြေလှမ်းတွေကို အရှိန်မြှင့်နေမိသည်။ တကယ်တမ်းလျှောက်တော့လည်း သစ်ခေါင်းပေါက်ထဲရောက်ဖို့ အတော်ဝေးသေးသည်။ အရောင်တွေ ကတော့ ရှေ့မှာဖြာနေ၏။ သစ်ခေါင်းပေါက်မှာ နီးလေမြင့်လေ၊ နီးလေမြင့်လေဖြစ်နေပြီး သစ်ခေါင်းပေါက်၏အောက်မှမှောင်မှောင် မည်းမည်း မြင်ကွင်းကြီးမှာ ကျယ်လာသည်။ သူကတော့ရှေ့ကိုသာ ဆက်သွားချင်နေသည်။နောက်ကို လှည့်မကြည့်ဘဲရှေ့ကိုသာ သူဆက်သွားနေမိသည်။
“၀ုန်း..” “ဗုန်း..” “ဂီး..”
အိပ်မက်မှ လန့်နိုး သွားသလိုမျိုး။ သူ။။ ထိပ်ထိပ်ပျာပျာဖြစ်သွားပြီး တစ်ကိုယ်လုံးရှိ အမွေးများပင်ထောင်ထလာသည် ။ရှေ့တည့်တည့်ရှိ ၀ိုင်းဝိုင်းလင်းလင်းကြီးသည် သစ်ခေါင်းမဟုတ်။ စပါးကြီးမြွေကြီး၏ မျက်လုံးဖြစ်နေသည်ကို သိလိုက်ရချိန်တွင် အညှို့ခံလိုက်ရမှန်း သိသွားသည်။
“ဖလူး..ဖလူး..”
သွေးတွေခေါင်းမှပန်းထွက်ကာ သူ့ကိုလာစင်သည်။ စပါးကြီးမြွေကြီး၏ခေါင်းမှာပွင့်နေ၏။ အထက်တွင် မိတ်ဆွေမြွေပါရောက်နေသည်။ သူအညှို့ခံနေရသောကြောင့် ထိုမြွေပါခေါင်းပေါ်ရောက်နေသည်ကိုပင် မသိလိုက်ပေ။ ခဏလေး အတွင်းမှာပင် စပါးကြီးမြွေကြီးသည် သစ်ကိုင်းပေါ်မှာ ပတ်မထားနိုင်တော့ဘဲလျောကျသွားသည်။ မိတ်ဆွေမြွေပါကတော့ ဦးနှောက်တစ်ခုလုံးကို တစ်ကောင်တည်း အ၀စားလိုက်ရသည့်အတွက် အီသွားပုံရသည်။ လျောကျ အသက်ထွက်သွားသော စပါးကြီးမြွေကြီးကို တစ်ချက်ငုံ့ကြည့်ပြီးနောက် သူ့ကို ပြုံးပြသည်။
“ဆောရီးပဲဗျာ။ ဗျူဟာနည်းနည်း လွဲသွားတယ်။ ကျုပ်ကရှေ့မှာနေပေမယ့် မျက်စိမှိတ်ထားတာဗျ။ ဒီမြွေကြီးကရဲ့ မျက်လုံးကို မကြည့်ဘူး။ အဲ့ဒီတော့မြွေကြီးရဲ့ ညှို့ဓာတ်ကနောက်မှာနေတဲ့ ခင်ဗျားဆီရောက်သွားတယ်လေ။ ခင်ဗျား မျက်လုံးနဲ့ မြွေကြီးရဲ့မျက်လုံး ဆုံသွားချိန်မှာ ခင်ဗျား အညှို့ခံရတော့တာပဲ။ ကျုပ်ကိုကျော်ပြီးမြွေကြီးအနားကို ကပ်သွားတယ်လေ။ ပါးစပ်ဟပြီး စားမယ်အလုပ်မှာ ကျုပ်ခုန်အုပ်ပြီးခေါင်းကိုဖောက်လိုက်တယ်။ အဲ. .ဦးနှောက်ကိုတွေ့တဲ့ အချိန်ကျတော့ ခင်ဗျားကို ခွဲကျွေးဖို့ မေ့သွားတယ်ဗျာ။ စားကောင်ကောင်းနဲ့ စားလိုက်တာ တစ်လုံးလုံး ကုန်သွားပါရောလား”
မိတ်ဆွေမြွေပါကို ကြည့်ပြီး သူစိတ်ညစ်သွား၏။ “ဦးနှောက် မရှိတော့ပေမယ့် သည်းခြေ ရှိပါသေးတယ်ဗျ။ အဲ့ဒီသည်းခြေက ခါးပေမယ့်ဆေးဖက်ဝင်တယ်နော်”
သည်တစ်ခါတော့ သူတော်တော်ဒေါသ ထွက်သွားသည်။ “ကျုပ်ကရောဂါသည်မှ မဟုတ်တာ၊ ဘာလို့ သည်းခြေစားရမှာလဲ။ ဆိမ့်ဆိမ့် အိအိ ဦးနှောက်ပဲ စားမှာပေါ့။ ကျုပ်ကို အရူးမလုပ်ပါနဲ့”
“ဟား..ဟား။ အ သူခံ လည်သူ စားပေါ့။ ကဲ.. ကဲရေချိုးဆင်းလိုက်ဦးမယ်”
ဧရာမ သစ်ကိုင်းကြီးပေါ်ရှိမြွေပါနှစ်ကောင်အနက် တစ်ကောင်သည်နောက်ပြန် ကျွမ်းထိုးလျက် ခပ်လှမ်းလှမ်းမှချောင်းထဲ ခုန်ချလိုက်လေသည်။
“ဗွမ်း..”
မျက်ဝန်းထဲတွင် လှိုင်းဂယက် ထသွားသည်။ အကွင်းလိုက်၊ အကွက်လိုက် ။ခေါင်းပွင့်သေဆုံးနေသော စပါးကြီးမြွေကြီး၏ မျက်လုံးထဲတွင် အိပ်ငိုက်နေသည့်မြွေပါ ပုံရိပ်တစ်ခု စွဲကျန်လျက်။
“ဆွစ်..ဆွစ်..ဆွစ်..” ။ ။
ခိုင်ထူးသစ် {ပန်းအလင်္ကာမဂ္ဂဇင်း။၂၀၀၉}
Tuesday, February 21, 2012
"အသက်တမဲ့ "
အရောင်များကွဲလွင့်နေသောပန်းချီကားတစ်ချပ်၏ ရှေ့တွင်ကျွန်တော်ရပ်လိုက်သည်။ လေမငြိမ်၍ ရွေ့နေဟန်ရှိသည့် ရေပြင်ပေါ်တွင် လှေတစ်စင်းနှင့် မိန်းမပျိုလေးတစ်ဦး ရွေ့လာသယောင်။ လှေဝမ်းထဲက အနီရောင် ခရမ်းချဉ်သီးတွေကို မိန်းမပျိုလေး ငုံ့ကြည့်နေသည်။ ခမောက်ကို ငိုက်၍ ဆောင်းထားသောကြောင့် မိန်းမပျိုကလေး၏ မျက်နှာမှာ အောက်နှုတ်ခမ်းနှင့် မေးစေ့ကိုသာ မြင်နေရသည်။
“ဒါ..မ..အင်းလေးမှာ ဆွဲခဲ့တဲ့ ပန်းချီကားလေ။ အင်းထဲက ရှမ်းမလေးကိုကြည့်ပြီး လှေပေါ်မှာ ဖြစ်သလို ဆွဲခဲ့ရတာပေါ့။ ဆေးမစုံ စုတ်မကောင်းလို့ ဆွဲရတာအားမရဘူး။” သက်ပြင်းညင်းညင်းလေးများ ရောယှက်နေသည့် မ၏စကားသံက ကျွန်တော့်နားထဲမှာ မ၀င်တစ်ချက် ၀င်တစ်ချက်။ နံရံတွင် ထောင်ထား ချိတ်ထားသည့် ပန်းချီကားများကို တစ်ချပ်ပြီး တစ်ချပ် ကျွန်တော် လိုက်ကြည့်နေမိသည်။ မ ကတော့ သူ့ပန်းချီကားလေးတွေကို ကြည့်လိုက် ကျွန်တော့်မျက်နှာကို အကဲခတ်လိုက်နှင့် စကားတွေ ဆက်ပြောနေပြန်သည်။
မဆီက ရူပဗေဒပညာကို သင်ယူဖို့ ကျွန်တော်လာခဲ့သော်လည်း မ က ရူပဗေဒထက် အရောင်ဗေဒကို သင်ပေးနေတတ်သည်။ အလင်းရဲ့သဘော၊ အရောင်ရဲ့သဘာဝ၊ အမှောင်ရဲ့နက်ရှိုင်းမှုတွေကို မ ပြောပြ၍ ကျွန်တော် နားလည်ခဲ့ရသည်။ စုတ်တံကိုင်သော မရဲ့ လက်ချောင်းကလေးများက ပြတင်းဝဆီမှ အလင်းတန်းများရှိရာကို ညွှန်ပြရင်း စာရွက်ပေါ်က စာကြောင်းလေးတွေကို ထောက်ပြရင်း အဓိပ္ပာယ် ဖွင့်ဆိုချက်များအား တိတိကျကျ ရှင်းပြတတ်သည်။
“Light is a form of energy which stimulates our sense of vision” အလင်းဆိုသည်မှာ ကျွန်ုပ်တို့၏ အမြင်အာရုံကို လှုံဆော်သော စွမ်းအင်တစ်မျိုးဖြစ်သည် လို့ရူပဗေဒဘာသာက အဓိပ္ပာယ်ဖွင့်ထားတယ်။ အလင်းရှိလို့ မတို့ တစ်တွေဟာ တစ်ယောက်ကို တစ်ယောက် မြင်နေရတာပေါ့” ၀င်းလဲ့ထိန်ဝါသည့် မ၏ မျက်နှာလေးကို ကျွန်တော် မော့ကြည့် လိုက်ချင်သော်လည်း စာရွက်ပေါ်က စာကြောင်းလေးကို တရွေ့ရွေ့ ထောက်ပြနေသည့် မ၏ လက်ညှိုးလေးအား ကျွန်တော် အားနာနေမိသည်။
ရွစိရွစိ လှုပ်ရှားနေသည့် မလက်ဖျားထိပ်က လက်သည်းများပေါ်တွင် ခရမ်းနုရောင် လက်သည်းဆိုးဆေးတို့ ဖုံးလွှမ်းထားသည်။ လက်သည်း အရှည်ထားပြီး လက်သည်းဆိုးဆေး ဆိုးတာကို မ.. အလွန် သဘောကျပုံရသည်။ မ လက်သည်းပေါ်တွင် ခရမ်းနုရောင်၊ ပန်းနုရောင်နှင့် ချောကလက်ရောင်တို့ကို အများဆုံးတွေ့ရသည်။ တစ်ခါတစ်လေမှာလည်း မလက်ပေါ်မှာ ဆေးစက်၊ ဆေးပြောက်များ၊ မြေဖြူမှုန့်များ ပေကျံနေတတ်သည်။ ပန်းချီဆွဲရင်း စာသင်ပေးသော မ ကို ကျွန်တော် ကျေးဇူးတင်မိသလို အားတုံ့အားနာလည်း ဖြစ်မိသေးသည်။ မ လက်တွေက စုတ်တံချပြီး မြေဖြူကိုင်လိုက်၊ မြေဖြူချပြီး စုတ်တံကိုင်လိုက်နှင့် ကျွန်တော့်ရှေ့မှာ အလုပ်ရှုပ်နေတတ်သည်။
ပြတင်းဝက အခန်းဆီးကလေအသင့်မှာ တလွင့်လွင့်နှင့်။
နံရံကပ်ထားသည့် အနက်ရောင် သင်ပုန်းတစ်ချပ်နှင့် ပန်းချီကားများက က္ကနြေ္ဒရနေသည်။ စုတ်တံ၊ ထောက်စင်၊ ကင်းဘတ်နှင့် ဆေးဘူးများက ကြမ်းပြင်ပေါ်မှာ ကပိုကရို။ မ ဘာတွေ ဆွဲနေတယ်ဆိုတာကို စူးစမ်းကြည့်မိသလို မ သင်ပြပေးသည့် သင်ခန်းစာများ လွတ်မသွားအောင်လည်း ကျွန်တော် ဂရုစိုက်နေရသည်။ ကျွန်တော့်ထက် အသက် ဆယ်နှစ်မကကြီးသော မ သည် ရူပဗေဒဘွဲ့ကို ရရှိခဲ့သော်လည်း ပန်းချီဆရာမ တစ်ယောက်အဖြစ် အသက်မွေးနေရသည့်အတွက် ကျွန်တော် အစက အံ့သြခဲ့ရပါသည်။ သို့သော်လည်း စုတ်တံကိုင်သည့် မ ၏လက်ချောင်းလေးများက ကျွန်တော့် အံသြမှုများကို လျော့ပါး သွားစေသည်။ မ ၏ တစ်ဦးတည်းသော တပည့်ဖြစ်သည့် ကျွန်တော်သည်လည်း မ လက်ထဲက စုတ်တံတစ်ချောင်းလို မ ဆွဲခေါ်ရာကို အသက်တမဲ့ လိုက်ပါခဲ့ပါသည်။
အလင်းရိုက်ခြင်း၊ အလင်းယိုင်ခြင်းနှင့် အလင်းပြန်ခြင်း အကြောင်းများကို နေရောင်အောက်တွင် မှန်တစ်ချပ်၊ ဖန်ခွက်တစ်ခွက်၊ နှင်းဆီတစ်ပွင့်နှင့် မ ရှင်းပြသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။ ပြီးတော့ မက ပန်းချီကားများကို လှမ်းကြည့်ရင်း အရောင်များအကြောင်းကို ပြောပြနေပြန်သည်။
“မ က အနီရောင်ဆိုရင် သွေးလို ရဲရဲနီနေတာထက် ပန်းသီးတစ်လုံးလို စွေးစွေးနီ နေတာကို ပိုသဘောကျတယ်။” ပြောရင်းပြုံးလိုက်သော မ၏ ပါးမို့မို့ပေါ်တွင် ပန်းရောင်သန်းသွားသည်။ ကျွန်တော်ကတော့ မ ၏ ရှည်လျားနက်မှောင်သော ဆံနွယ်များကြားတွင် ထိုးစိုက်ထားသည့် အနီရောင် နှင်းဆီ တစ်ပွင့်ကိုသာ သဘောကျနေမိသည်။
ဆွဲပြီး ချိတ်ထားသော ပန်းချီကားများ၊ ဆွဲပြီး အ၀တ် အထပ်ထပ်ပတ်၍ သိမ်းထားသော ပန်းချီကားများနှင့် ဆွဲလက်စ ပန်းချီကားများက ရေနံချေး မည်းမည်းမှိုင်းမှိုင်း သုတ်ထားသည့် မ တို့၏ နှစ်ထပ် ပျဉ်ထောင်အိမ်ကြီးထဲတွင် ဂန္ထ၀င်ဆန်နေပါသည်။ ပန်းချီကား အားလုံးကို မ..ဆွဲခဲ့တာတော့ မဟုတ်ပါ။ ဧည့်ခန်းထဲတွင် ချိတ်ဆွဲထားသည့် ပန်းချီကား အများစုမှာ မ အဖေ ဆွဲခဲ့သည်က များသည်။ ပါဝါမျက်မှန် တစ်လက်နှင့် ငြိမ်သက်နေသော ပန်းချီကားကတော့ မ ဆွဲထားသည့် မအဖေ၏ ပုံတူ ပန်းချီကားပင် ဖြစ်သည်။ သည်ပန်းချီကားကို ကြည့်ပြီး မ ကို ကျွန်တော် ချီးကျူးမိသည်။
“မရဲ့လက်က ‘မိုနာလီဇာ’ ပုံဆွဲတဲ့ လီယိုနာဒိုဒါပင်ချီထက်တောင် ပိုကောင်းတယ်။ ဒီပန်းချီကားကို ..ကိုနာလီဇာလို့ နာမည်ပေးလိုက်ရင် ကောင်းမယ်” မ က ကျွန်တော့် ကျောကုန်းကို တအုံးအုံး ထုကာ ရယ်ပါလေတော့သည်။
“စုတ်တံအချွန်ထက် စုတ်တံအပြားကို ကိုင်ပြီး ဆွဲရတာ ပိုအားရတယ်။ ဒါပေမယ့် မျက်တောင် မျက်လုံးလို အနုစိတ်လေးတွေကို စုတ်တံ အချွန်နဲ့ ထိရုံတို့ရုံလေး လုပ်နေရတာလည်း သိပ်အရသာရှိတာပဲ။”
သွယ်စင်းနူးညံ့သည့် မ လက်ချောင်းကလေးများက ကိုင်ထားသော စုတ်တံကို ခါရမ်းလိုက်သည်။ အညိုနုရောင် ဆေးစက် အချို့ မ ထဘီပေါ် ပေကျံသွားသည်။ မပြီးဆုံးသေးသော ပန်းချီကားတစ်ချပ်၏ ရှေ့တွင် ကျွန်တော်နှင့်မ ၏ အသက်ရှူသံများ ကျယ်လောင်နေသည်။ ပြတင်းဝမှ တိုးဝင်လာသော လေနုအေးက ကင်းဘတ်စပေါ်ရှိ စိုပျစ်ပျစ် ဆေးရောင်များကို ဖြည်းဖြည်းချင်း ခြောက်သွေ့သွားစေသည်။ သည်ရက်ပိုင်း မ ဆွဲနေသော ပန်းချီကားများမှာ အလုံးအထည်မပါ၊ အသွင်သဏ္ဍန်တို့ ခပ်ဖွာဖွာ ဖြစ်နေသည်ကို ကျွန်တော် သတိထားမိသည်။ အရောင်ကလည်း သိပ်မစုံ။ နှစ်မျိုး သုံးမျိုးလောက်သာ ပါနေတတ်သည်။ လှည့်နေ လည်နေသော ရေ၀ဲတစ်ခုဟု ထင်ရသည်။ မလင်း မမှိုင်းသော ဆေးရောင်တစ်မျိုးကို ရစ်ဝိုက်၍ ဆွဲထားသည်။ အနီးကို ကပ်ကြည့်လိုက်တော့ မျက်လုံးထဲတွင် ပျံ့လွင့်ေ၀၀ါးနေသည်။ ဘာကိုဆွဲထားတာလဲလို့ မကို မေးကြည့်တော့ “ဒါ အဝေးက ကြည့်ရမယ့် ပန်းချီကား” တဲ့။ ကျွန်တော် တလှမ်းချင်း နောက်ဆုတ်မိသည်။ မိခင်က ကလေးငယ် ကွေးကွေးကလေးအား ပွေ့ပိုက်ထားသည့် ဟန်ကို ဖျတ်ခနဲ့ မြင်လိုက်ရသည်။
“နွေးထွေး ယုယမှုကို မ အတတ်နိုင်ဆုံး ပုံဖော်ထားတာပါ။ ဒီပန်းချီကားလေးကို မေမေ မြင်သွားရင် တော်တော်လေး ၀မ်းသာရှာမှာပဲ” တမ်းတ ရေရွတ်လိုက်သည့် မ နှုတ်ခမ်းလေး ဖြူဖတ်ဖြူရော် ဖြစ်နေသည်။
မ မျက်နှာပေါ်မှာ အရောင်တွေ ပြောင်းသွားတတ်တာကို ကျွန်တော် မကြာခဏ တွေ့မြင်ခဲ့ရသည်။ မိတ်ကပ်နှင့် သနပ်ခါးတို့ကို ဘယ်အခါမှ လိမ်းခြယ်လေ့ မရှိသော မ မျက်နှာရှင်းရှင်းလေးသည် နေရောင်ထဲတွင် ၀င်းနေ၏။ တစ်ခါတစ်ခါမှာ မ နှင့် ကျွန်တော် အပြင်ဘက် ထွက်၍ စက်ဘီးစီးကြသည်။
မက စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင် မစီးတတ်၍ ကျွန်တော့်နောက်မှာသာ ထိုင်လိုက်လေ့ရှိသည်။ လေဆန်ကို ထိုးခွင်းဖို့ ကျွန်တော့် ခြေသလုံးကြွက်သားများတွင် အားအင်အပြည့် ရှိပါသည်။ စက်ဘီးနင်းရင်းမ လက်ညှိုး ညွှန်ရာကို ကျွန်တော် အမြဲ လှည့်ကြည့်မိသည်။ နို့စို့နေသော ခွေးပေါက်စကလေးများ၊ လိုချင်တာ မရ၍ မြေကြီးပေါ်တွင် လူးလှိမ့် ငိုယိုနေသည့် ကလေးငယ်တစ်ယောက်၊ မပွင့်သေးသော ပိတောက်တစ်ပင်၊ ဓာတ်ကြိုးများနှင့် ငြိတွယ် စုတ်ပြဲသွားသည့် အနီရောင် စွန်တစ်စင်း၊ အကြော်ဖိုမှ လွင့်ဝဲလာသော မီးခိုးများ၊ သံလမ်းထိပ် သံတံခါးရှေ့တွင် ရထားအလာကို ရပ်စောင့်နေကြသည့် လူတစ်အုပ်….၊
ငေးရီနေသည့် မ မျက်နှာကို မြင်မိသည်အထိ လှည့်ကြည့်လိုက်ရင်တော့ ကျွန်တော့်ကျောကို မ လက်နှင့် ရိုက်ပုတ်ပြီး “ရှေ့မှာ.. ကား..ကား..” လို့ သတိပေးတတ်သည်။
မြို့အပြင် လယ်ကွင်းစိမ်းစိမ်းများကို မြင်ရသည်အထိ ကျွန်တော်တို့ နှစ်ယောက် ခရီးဆန့်မိသည်။ အရှေ့ အရပ်ဆီမှ မဝေးတော့သည့် ဧရာဝတီကို မ နှင့်ကျွန်တော် လှမ်းမျှော်ကြသည်။ ဖြတ်ကျော်ခဲ့သည့် သက္ကယ်တန်း ချောင်ကလေးက လွမ်းစရာ။ “စက်ဘီးနင်းရတာ သိပ်မောနေပြီလား၊ မ လက်ဖက်ရည် တိုက်ပါ့မယ်” မ နှင့်ကျွန်တော် စက်ဘီးထွက်စီးသည့် ညနေခင်းတိုင်း မြို့လယ် ပလက်ဖောင်းပေါ်တွင် ခွေးခြေပု ထိုင်ခုံလေးများ ခင်းကျင်းထားတတ်သည့် ရွက်သစ်ကဖေးဆိုင်မှာ ထိုင်၍ စကားပြောလေ့ရှိသည်။
လမ်းပေါ်က ဖြတ်သွားဖြတ်လာများကို ငေးမောရင်း မိန်းမချောလေးများအား မြင်မိတိုင်း တောက်ပသွားသည့် ကျွန်တော့်မျက်ဝန်းထဲကို မ ၏ ပွင့်လင်းလေးလံသော စကားလုံးများ ပြုတ်ကျလာတတ်သည်။ “ငမ်းရုံပဲ ငမ်းနော်၊ စိတ်နဲ့တော့ မပစ်မှားလိုက်ပါနဲ့” မ ၏ စကားလုံးများက ကျွန်တော့် အမြင်အာရုံကို ထုထည်ကြီးစွာ ပိတ်ဆို့ပစ်လိုက်သည်။ “မိန်းမတွေဟာ ယောက်ျားတွေအတွက် အလှဆုံး ကောက်ကြောင်းလေးတွေလို့ ကမ္ဘာကျော် ပန်းချီဆရာ တစ်ယောက်က ရေးခဲ့ဖူးတယ်။
တကယ်တော့ ပုထုဇဉ် ယောက်ျားတစ်ယောက်ဟာ သူ့ရဲ့ စက္ခုအာရုံထဲမှာ ၀င်ရောက် လှုပ်ရှားလာတဲ့ မိန်းမချောလေးတွေထဲက တစ်ယောက်ယောက်ကိုစိတ် နဲ့ဖြစ်စေ၊ နှုတ်နဲ့ဖြစ်စေ ပြစ်မှားတတ်ကြတယ်။ မပစ်မှားဖူတဲ့ ယောက်ျားမျိုး ရှိတယ်ဆိုရင် ကျွန်တော့် နှလုံးသွေးတွေကို မ ပန်းချီဆွဲဖို့ ဖောက်ထုတ် ပေးလိုက်မယ်။”
ရဲပွင့်ညီမျှသော ကျွန်တော့်စကားများကို မ မငြင်းပယ်ပါ။ မ ၀တ်ဆင်ထားသည့်လည်ဟိုက် အင်္ကျီပေါ်က ဇာပန်းပွင့်လေးများကိုကျွန်တော် ရေတွက်ကြည့်မိတိုင်း မ မျက်နှာ လွှဲထားတတ်သည်။ မ ဆီက ပြင်းမြန်သော ၀င်သက် ထွက်သက်များကိုကျွန်တော် အသက်တမဲ့ ထိမိ လိုက်ပါသည်။
ညှိုးရီသော ညနေခင်းထဲ ပြေးဝင်လာမည့် အမှောင်ထုကို ကျွန်တော်နှင့် မ မတိုင်ပင်ဘဲ စောင့်ဆိုင်းနေမိသည်။
“မင်းနဲ့မ က ပေါင်းစပ်ဖို့ ခဲယဉ်းတဲ့ အရောင်နှစ်မျိုးပါ။ မင်းက လင်းလွန်းတယ်။ မ က မှောင်လွန်းတယ်။” မှိန်ဖျော့ဖျော့ လမ်းဘေး မီးရောင်အောက်တွင် စက်ဘီးလေးကို လက်ဖြင့်တွန်းရင်း အိမ်ပြန်ခဲ့ကြသည်။ အစာရှာထွက်ကြမည့် ညငှက် တစ်အုပ်က ဝေဟင်မှာ တဖျပ်ဖျပ်နှင့် အတောင်ခတ်နေသည်။ မ တို့ ပျဉ်ထောင်အိမ်မည်းကြီး ရှေ့ရောက်တော့ မ ကို‘ဂွတ်နိုက်’လို့ နှုတ်ဆက်လိုက်ပြီး ကျွန်တော် ထွက်ခွာ ခဲ့သည်။ ခြံဝင်းထဲမှ ခွေးဟောင်သံသည် ဟိန်းထွက်လာ၏။
************
ခွေးတစ်ကောင်ကို အဖော်ပြုရင်း ပန်းချီကားများနှင့် တိတ်ဆိတ်နေသော မသည် အိမ်ကြမ်းပြင်ပေါ်က ကျွန်တော့်ခြေသံကို နားစွင့်နေတတ်သည်။ မ ဆီကို ကျွန်တော် နေ့စဉ် ရောက်ဖြစ်သည်။ တစ်နေ့တော့ ဧည့်ခန်းထဲတွင် ပန်းချီကားတစ်ချပ်ကို ဖြုတ်ပေးဖို့ မက ကျွန်တော့်ကို ပြောသည်။ အနီးကပ် ကြည့်လျှင် ရေခဲတုံးများ စုပုံထားသည်ဟု ထင်ရသော်လည်း အဝေးကကြည့်လျှင် ခေါင်းရွက် ဗျက်ထိုး ဈေးသည်တစ်ယောက် ပါးစပ်ဟ၍ အော်နေပုံကို မြင်ရသည်။ ကျွန်တော် ခြေဖျားထောက်၍ ပန်းချီကားလေးကို ဖြုတ်ပြီး မလက်ထဲ ထည့်ပေးလိုက်သည်။ “ဒီပန်းချီကားလေးကို မ သိမ်းထားမလို့လား” ကျွန်တော့်အမေးကို မ မဖြေခင်မှာပင် ချောင်းတဟွတ်ဟွတ် ဆိုးနေသည်။ မရဲ့ချောင်းဆိုးသံတွေ တစ်နေ့တစ်ခြား ပြင်းထန်လာတာကို ကျွန်တော် သတိထားမိသည်။
“အဟွတ်.. အဟွတ်၊ မသိမ်းတော့ပါဘူးကွယ်။ ဒီပန်းချီကားလေးကို မ ရောင်းရတော့မယ်” တိုးညင်းသော မ အသံနှင့် ညှိုးမှိန်သော မ မျက်ဝန်းကလေးများက ကျွန်တော့်ကို ၀မ်းနည်းသွားစေသည်။
“ဖေဖေ အမွေပေးခဲ့တဲ့ ပန်းနာရောဂါကို ဖေဖေဆွဲခဲ့တဲ့ ပန်းချီကားလေးတွေက ကုသပေးကြတယ်ကွဲ့။ မ ရဲ့ ပန်းချီကားလေးတွေက ဖေဖေရဲ့ ပန်းချီကားလေးတွေလောက် ဈေးမရဘူး။”
ဧည့်ခန်းထဲက ပန်းချီကားလေးတွေ တစ်ချပ်ပြီးတစ်ချပ် ပြုတ်သွားသော်လည်း မ ဆီမှာ ချောင်းဆိုးသံက မတိတ်သေး။ တစ်ခါတစ်ရံတွင် ကိုင်ထားသော စုတ်တံ လွတ်ကျသွားသည်အထိ တဟွတ်ဟွတ် ဆိုးလာသည်။ မနံဘေးမှာ ကျွန်တော် အမြဲ နေချင်သော်လည်း မက နေခွင့်မပေး။ မိုးစုန်းစုန်းချုပ်သည်နှင့် မ ပါးစပ်က “ပြန်..တော့..လေ” ဆိုသည့် စကားတစ်ခွန်း လေးလံစွာ ထွက်ပေါ်လာသည်။ ချောင်းဆိုးသံများ တိတ်ဆိတ်သွားတိုင်း အရင်က ထက်ကြွ တုန်ခါနေသော မ၏ ရင်အ၀န်းဆီကို ကျွန်တော် စိုက်ကြည့်နေမိသည်။
မ ပါးစပ်က သွေးတစ်စက် ထွက်ကျလာသည့် တစ်ညနေ့မှာတော့ မရင်ဘတ်ကို ကျွန်တော့်လက်ဖ၀ါးနှင့် ခပ်တင်းတင်း ဖိထားမိသည်။မ လက်တွေက စုတ်တံကို မြဲမြံစွာ ဆုပ်ကိုင်ထားဆဲ။
“မဆွဲပါနဲ့တော့ မရယ်”
မ လက်ထဲက စုတ်တံကို ကျွန်တော်ဆွဲယူ၍ ပစ်ချလိုက်သည်။ မပြီးဆုံးသေးသော ပန်းချီကားတစ်ချပ်ဆီမှ မ မျက်နှာကို အားယူ၍ လွှဲနေသည်။ စကားကောင်းကောင်း မပြောနိုင်သေးသော မနှုတ်ခမ်းလေးတွေ တဆတ်ဆတ် တုန်နေတာကို ကျွန်တော် အနီးကပ် မြင်နေရသည်။
ပြတင်းဝမှ အလင်းရောင်သည် တရိပ်ရိပ် မှောင်ရီလာ၏။ မျက်လုံးတွေ တစ်ချက်တစ်ချက်မှာ မှိတ်မှိတ်သွား၏။ ရှိုက်ငင်ပိန်ပါးသည့် မ၏ ခန္ဓာကိုယ်လေးကို ကျွန်တော်ပွေ့ချီ၍ မွေ့ရာပေါ်ကို ဖွဖွလေး ချလိုက်သည်။
“မောင်…”
ခေါင်းနှင့် ခေါင်းအုံးအထိလိုက်တွင် တစ်ခါမှ မခေါ်ခဲ့ဖူးသော မ၏ ခေါ်သံက ကျွန်တော့်နှလုံးသားထဲထိ တိုးဝင်သွားသည်။
“ဒီညဟာ မ အတွက် နောက်ဆုံးည ဖြစ်ချင် ဖြစ်သွားနိုင်တယ်။”
အခန်းထဲတွင် အလင်းတစ်ဝက် အမှောင်တစ်ဝက် ရောယှက်နေသည်။
“ခုတင်အောက်က သံသေတ္တာထဲမှာ မ သိပ်မြင်ချင်တဲ့ အရောင် တစ်ရောင်ရှိတယ်။” ကျွန်တော် ခေါင်းငုံ့၍ သံသေတ္တာကို ဆွဲယူ ဖွင့်ကြည့်လိုက်တော့ ယောဂီရောင် အင်္ကျီ၊ ယောဂီရောင် ထဘီနှင့် ယောဂီရောင် တဘက်တစ်ထည်ကို တွေ့လိုက်ရသည်။
“ကြည့်စမ်း.. မေမေ ပေးခဲ့တဲ့ ၀တ်စုံကို မ ၀တ်ကြည့်ဖို့ မေ့နေတာ ဘယ်နှနှစ်များ ရှိသွားပြီလဲ” ကျွန်တော် ပြန်မဖြေနိုင်သလို မ ဆက်မပြောနိုင်တော့ပါ။
ပြတင်းဝတွင် တစ်ခြမ်းပဲ့နေသော လတစ်စင်း ဆိုက်ရောက်လာသည်။ ထိုးဆင်းလာသော လရောင် သဲ့သဲ့လေးထဲတွင် လဲလျောင်နေသော မနှင့် ခေါင်းငိုက်စိုက်ကျနေသော ကျွန်တော်တို့ အရိပ်များသည် အလှဆုံး ပန်းချီကား တစ်ချပ်ဖြစ်နေ၏။
ထိုညက မ အနားမှာ ကျွန်တော် အမှတ်တမဲ့ အိပ်ပျော်သွားပြီး ကျွန်တော့် အနားမှာ မ အသက်တမဲ့ အိပ်ပျော်သွားလေတော့သည်။
ခိုင်ထူးသစ်
မြားနတ်မောင်မဂ္ဂဇင်း ၊ ၂၀၀၄ ခုနှစ် ဇန်န၀ါရီ
အတုများ (၂၀၀၂ဇူလိုင်-မဟေသီ) ခိုင်ထူးသစ်

အတုများကို သူမုန်းမိသည်။ ဆံပင်အတု၊ သွားအတု၊ ခြေအတု၊ လက်အတုကအစ မုန်းသည်။ အသက်ကြီးလို့ သွားတွေ ကျိုးရင်တောင် ‘သွားတုမစိုက်ဘူး’ လို့ ဆုံးဖြတ်ထားသည်။ သူ့စိတ်အစွဲက အဲသည်လောက်ထိ ကြီးသည်။ ပစ္စည်းတစ်ခု၊ အသုံးအဆောင်တစ်ခု နာမည်ကြီးလာလျှင်၊ လူကြိုက်များလာလျှင် အတုလိုက်လာ တတ်သည်မှာ သဘာဝ။ အလွယ်လိုက်၍ အမြတ်ယူလိုသော စီးပွားရေးသမားများမှာ ခေတ်တိုင်းခေတ်တိုင်း ရှိနေလိမ့်မည်။ ဘယ်လိုပင် တားဆီးတားဆီး လုံးဝ ပျောက်သွားမည်မဟုတ်။ မိမိတို့ ၀ယ်ယူသုံးစွဲသူတွေဘက်က ရှောင်ဖို့ရှားဖို့သာ အရေးကြီးသည်။
အတုတွေကလည်း ပေါမှပေါ။ ဘယ်ပစ္စည်းဝယ်ဝယ် ဈေးသည်ကပင် ‘အစစ်ယုမလား၊ အတုယူမလား’ လို့မေးလာတတ်သည်။ ထင်ယောင်ထင်မှား တံဆိပ်တွေနှင့် ပုံစံတွေကလည်း သေချာကြည့်မှသိရသည်။
ဟိုတစ်လောက သူ့သားလေး နာရီပူဆာ၍ လိုက်ဝယ်ပေးရာ ကောင်တာထဲတွင် RADO နာရီတစ်လုံး ကိုတွေ့လိုက်ရသည်။ နာရီဒီဇိုင်းလေးက လှမှလှ။ အိုးကလေးက အနက်ရောင်။ အထဲကစိန်ပွင့်ကလေးတွေက တလက်လက်။ လက်ပတ်ကြိုး အလယ်မှာလည်း ရွှေရောင်လိုင်းလေးတွေ ပြေးထားသည်။ နာရီကို ထုတ်ကြည့်ပြီး ဈေးမေးလိုက်တော့ ထောင့်နှစ်ရာတဲ့။ သူ အံ့သြသွားသည်။
‘ဟ..ဟုတ်ရဲ့လားကွ၊ ဒီလို ဆွစ်မိတ်နာရီက ထောင့်နှစ်ရာပဲရှိသလား၊ ဈေးများ မှားနေသလား’ ဆိုတော့ ဆိုင်ရှင်ကောင်မလေးက တခစ်ခစ် ရယ်လေသည်။ ပြီးမှ ‘မဟုတ်ဘူး ဦးရဲ့၊ ဒါက RADO အတုကြီး၊ ဆွစ်မိတ်မဟုတ်ဘူး၊ ချိုင်းနားမိတ်’
လက်ထဲတွင် ကိုင်ထားသော နာရီကို ချက်ချင်း ပြန်ချမိသည်။ သူ့သားလေးကတော့ ထိုနာရီကို သဘောကျသွားပြီး ‘ဖေဖေ ဒီနာရီပဲ လိုချင်တယ်၊ ဒီနာရီပဲဝယ်ပေး’ လို့ တဆာဆာ တောင်းဆိုနေသည်။ ဘယ်လို ပြောပြောမရ။ သူကလည်း အစစ်ကို ၀ယ်မပေးနိုင်။ အတုကျ တော့လည်း မသတီ။ သို့သော်လည်း သားလေးကြိုက်နေသောကြောင့် အောင့်သက်သက်နှင့် ၀ယ်ခဲ့ရသည်။ သားလေးလက်ထဲက RADO နာရီကိုကြည့်မိတိုင်း သူ့စိတ်ထဲတွင် အားမလိုအားမရ ဖြစ်မိသည်။
‘ထီပေါက်လို့ကတော့ ဒီနာရီကို ပေါက်ခွဲပြီး အစစ်တစ်လုံး ၀ယ်ပေးမည်’ ဟုစိတ်ကူးမိသည်။ မသိနားမလည်သော သားလေးကတော့ ပျော်နေရှာသည်။
သို့သော်လည်း သားလေးကြာကြာ မပျော်နိုင်ပေ။ တစ်လလောက် ကြာတော့ လက်ထဲက နာရီမှာ ရွှေရောင်တွေ ကျွတ်လာသည်။ အထဲက စိန်ပွင့်ကလေး တွေကလည်း အရောင် သိပ်မလက်တော့ပေ။ လက်ပတ်ကြိုးမှာလည်း ခပ်မည်းမည်း ခပ်မွဲမွဲနှင့် အကြည့်ရ ဆိုးလာသည်။ ပြုံးပျော်နေသော သားလေး၏ မျက်နှာမှာလည်း နာရီကြည့်မိတိုင်း ရှုံ့မဲ့မဲ့ ဖြစ်သွားလေသည်။
‘တောက်…အတုတွေကတော့ အကုန်လုံး မီးရှို့ပစ်ဖို့ကောင်းတယ်၊ အတု လိုက်လုပ်တဲ့ ကောင်တွေကိုလည်း အရေးယူရမယ်။ ’သူ့စကားကြောင့် မိန်းမ၏ မျက်နှာမှာ တွန့်လိမ် သွားသည်။
“အိုတော်..ကျုပ်တို့လိုလူလတ်တန်းစား တွေအတွက်တော့အတုရှိမှပေါ့၊ရတဲ့ငွေကလေးနဲ့ အစစ်ကိုဘယ်ဝယ်နိုင်ပါ့မလဲ၊တချို့အတုတွေကျတော့ လည်းအစစ်နီးပါးကောင်းပါတယ်။ဒါနဲ့ နေပါဦး၊ အစစ်ကို ၀ယ်ရအောင် တော်ကရောငွေ ဘယ်လောက် ရှာပေးနိုင်လို့လဲ”
မိန်းမစကားကြောင့် သူငြိမ်သွားသည်။ ခေါင်းကိုကုပ်၍ မကြားချင်ယောင်ဆောင်ကာ အိမ်အ ပြင် ထွက်လာခဲ့သည်။ အရက်ဆိုင်သို့ ဦးတည်နေသော သူ့ခြေလှမ်းများကို ငုံ့ကြည့်ရင်း ထပ်၍ ဒေါသထွက်မိပြန်သည်။ ခြေလှမ်းတိုင်း… ခြေလှမ်းတိုင်း သူ့ခြေထောက်တွင် စီးထားသော ဖိနပ်မှာ ကျွတ်ချင်သလိုလို ကွာချင်သလို လိုဖြစ်လာသည်။ တကယ်တော့ သည်ဖိနပ်က အစစ်မဟုတ်။ ‘အော်’ ကိုတု၍ ချုပ်ထားသော မိတ် ‘အင်’ ဒီတွင် သာဖြစ်သည်။ ထို့ကြောင့်လည်း တာရှည်မခံ။ ချုပ်ကြောင်းရာတွေ ကွာလိုက်လာသည်။ ဖိန်ပိုမပြတ်အောင် ထိန်းစီးရင်း တောက် တခေါက်ခေါက်ဖြင့် အတုများကို ဆဲရေးနေမိသည်။ အရက်ဆိုင်ထဲ ရောက်သွားတဲ့အထိ တဖျစ်တောက်တောက်နှင့်။
“ဟ..ဆရာခိုင်၊ မျက်နှာကြီးကလည်း စူပုပ်နေတာပဲ၊ မိန်းမနဲ့ ရန်ဖြစ်လာတာလား၊ လာပါဦးဗျ”
လျှပ်စစ်ပစ္စည်း ရောင်းသော ခင်မောင်ဝင်းက အရက်ခွက်ထဲ ရေငှဲ့ရင်း သူ့ကိုလှမ်းခေါ်သည်။ သူလည်း ခင်မောင်ဝင်းတို့ ၀ိုင်းမှာပဲ ၀င်ထိုင်လိုက်သည်။
ဟေ့…၀ီစကီနှစ်ပက်ပေးကွာ’ သူ့အမှာကြောင့် ခင်မောင်ဝင်း အနည်းငယ် အံ့အားသင့်သွားသည်။ ဆရာခိုင်၊ အရင်က ရမ်ပဲသောက်တာနော်၊ အခုဝီစကီ ပြောင်းသောက်နေပြီလား’ ‘အေးကွ၊ ရမ်ကအတုပေါလို့ ၀ီစကီပြောင်း သောက်နေတာ၊ ဟိုတစ်လောက လှတောရွာဘက်မှာ ရမ်အတုသောက်မိလို့ လူသုံးယောက် ဆေးရုံတက်ရတာ မင်းလည်းကြားမှာပါ၊ အတုသမားတွေ တော်တော်ဆိုးတယ်ကွာ၊ ပစ္စည်းအတုလုပ်တာက တော်သေးတယ်၊ အစားအသောက်အတု၊ ဆေးဝါးအတု လုပ်တာကတော့ ဆိုးဝါးလွန်းပါတယ်၊ အဆိုးဆုံးကတော့ အရက်အတုကွအရက်အတု၊ ငါတို့ကို ထိခိုက်တယ်၊ ပိုက်ဆံသာ ရှိလို့ကတော့ ဂျော်နှီဝါကာတွေ၊ ဘလက်လေဗယ်တွေပဲ သောက်မယ်မောင်ရေ၊’ သူ့စကားကြောင့် အရက်ခွက်ကိုမော့ရန် ဟန်ပြင်နေသော ခင်မောင်ဝင်းမှာ တုံ့ဆိုင်းသွားသည်။
‘မထင်နဲ့ ဆရာခိုင်ရေ့၊ အဲ့ဒီဂျော်နီဝါကားတွေ၊ ဘလက်လေဗယ်တွေက ပိုပြီးအတုပေါတယ်။ ခင်မောင်ဝင်းက အရက်ခွက်ကို မော့ချလိုက်ပြီး အမြည်းခွက်ကို နှိုက်ရင်း ဆက်ပြောပြန်သည်။‘ တန်ဖိုးကြီးတော့ ပိုပြီး အတုလုပ်တာပေါ့ဗျာ၊ ပုလင်းအဖုံးကို ဆေးထိုးအပ်စိုက်လိုက်တယ်၊ ပြီးတော့ ပုလင်းကို မှောက် ဆေးထိုးအပ်ကိုဆွဲပြီး အထဲက အရက်အစစ်ကို နည်းနည်းချင်းဆွဲထုတ်တယ်။ ပြီးမှ အရက်အတုကို ဆေးထိုးအပ်နဲ့ ပြန်ထည့်ပြီး အဖုံးပေါ်က အပ်စိုက်ရာကို ပြန်ဖုံးတယ်၊ တကယ်ပိရိတယ်ဗျာ၊ နောက်ထုတ်ထားတဲ့ အစစ်ကိုဆိုင်မှာ ပက်ချင့်ရောင်းပြီး အတုကို တခြားပြန်သွင်းတယ်၊ ကိုယ့်ဆိုင်လာသောက်တဲ့ သူကတော့ အစစ်သောက်ရတာပေါ့ဗျာ၊ တရုတ်နယ်စပ်မှာ ဒီလိုလုပ်နေတဲ့ သူတွေအများကြီးပဲ’
ခင်မောင်ဝင်း ပြောတာတွေက စိတ်ဝင်စားစရာ ကောင်းလှသည်။ ပြီးတော့ ဈေးရောင်းနေသူဖြစ်သောကြောင့် အတုတွေနှင့်ပိုပြီး ရင်းနှီးသည်။ ထို့ကြောင့် သူလည်း ခင်မောင်ဝင်းနှင့် စကားကောင်းနေမိသည်။
‘မင်းတို့ လျှပ်စစ်ပစ္စည်း လောကမှာလည်း အတုပေါမှာပေါ့’ ‘ပေါတာပေါ့ ဆရာခိုင်ရယ်၊ လျှပ်စစ်ပစ္စည်း လောကမှာလည်း အတုတွေ၊ ပုံမှားရိုက်တာတွေ အများကြီးပဲ၊ ကျွန်တော်ဆိုရင် ဆိုင်မဖွင့်ခင်က ခဏခဏခံရတယ်၊ အဲ့ဒီတုန်းက တီဗွီအင်တင်နာဝယ်တာ အမျိုးအစားက TOSHIBUဗျ။ ကျွန်တော်လည်း တိုရှီဘာက ဈေးချောင်လှချည်လားဆိုပြီး၊ ၀ယ်လာတာ အိမ်ရောက်မှ တိုရှီဘာမဟုတ်ဘဲ တိုရှီဘူ ဖြစ်နေမှန်းသိရတယ်။ တိုအိုအက်စ်အိတ်(ခ်ျ)အိုင်ဘီအေ (TOSHIBA) ကိုမသိမသာနဲ့ တိုအိုအက်စ်အိတ်(ခ်ျ)ဗွီယူ (TOSHIBU) လို့လုပ်ထားတယ်။ ‘A’နဲ့ ‘U’ ကို မသိမသာ ပုံမှားလုပ်ထားတယ်။ သေချာ ကြည့်မှ တိုရှီဘူမှန်း သိရတယ်’
ခင်မောင်ဝင်းက ပြောပြီး တ၀ါးဝါးရယ်လေသည်။ သူလည်းမနေနိုင်တော့ ဘဲခွက်ထိုးခွက်လန် ရယ်လေတော့သည်။ အရက်ဆိုင် တစ်ဆိုင်လုံးမှာ ရယ်သံများ ဆူညံသွားသည်။
‘ဟ..ရယ်လှချည်လား၊ ဘာတွေများ သဘောကျနေကြတာလဲ’
‘အသံကြား၍ နောက်လှည့်ကြည့်လိုက်တော့ ပိန်ပိန်ရှည်ရှည်နှင့် လူတစ်ယောက်။ ထိုလူက ပြုံးဖြီးဖြီးနှင့် သူ့ပခုံးကို ကိုင်လျှက်။ ‘ဆရာ….ကျွန်တော့်ကို မှတ်မိလား’တဲ့။ သူလည်း စားပွဲခုံပေါ်က အရက်ခွက် ဘေးရှိမျက်မှန်ကို ကောက်တပ်၍ ကြည့်လိုက်သည်။ သို့သော်လည်း အရက်ရှိန်ကြောင့် ၀ါးတားတား။
‘ဆရာ့တပည့် သဘောင်္သား ဖိုးထောင်လေ’ ‘ဟ..ဖိုးထောင်ကြီးပါလား။ ပိန်ပြီးအသားတွေ ဖြူလို့ မှတ်တောင် မမှတ်မိဘူးကွာ၊ မင်းဘယ်တုန်းက ပြန်ရောက်တာလဲ’ ‘ရောက်တာ ကြာပြီဆရာ၊ ဆရာနဲ့ မတွေ့ဖြစ်လို့၊ လကုန်ရင်ပြန်ထွက်မှာပါ”
ဖိုးထောင်က ထိုင်လက်စ ၀ိုင်းက သောက်လက်စ အရက်ခွက်ကိုသွားယူပြီး သူတို့ ၀ိုင်းထဲပြောင်းလာသည်။ ခင်မောင်ဝင်းကလည်း ခုံကိုချဲ့၍ နေရာပေးသည်။ ကျွန်တော်ဒီမှာ တစ်ယောက်တည်း ထိုင်နေတာကြာပြီ၊ ရယ်သံတွေကြားလို့ ကြည့်လိုက်မှ ဆရာတို့မှန်းသိရတယ်၊ ဘာတွေများ သဘောကျ ပြီးရယ်နေကြတာလဲ’
‘သြော်…ဒီခေတ်ကြီးထဲ အတုတွေပေါတဲ့ အကြောင်းပြောရင်းရယ်မိတာပါကွာ၊ ဒါနဲ့မင်းတို့နိုင်ငံခြား သဘောင်္လောကမှာရော အတုတွေ မပေါဘူးလား’ ဖိုးထောင်က ချက်ချင်းပြန်မဖြေ။ စီးကရက်တစ်လိပ်ကို ကောက်ယူ၍ မီးညှိလိုက်သည်။ ပြီးမှရှိုက်ထားသော မီးခိုးများကို ဖွာထုတ်ရင်းပြောသည်။
‘ဘယ်လိုပြောလိုက်တာလဲ ဆရာရယ်၊ ကျွန်တော်တို့ နိုင်ငံခြားသင်္ဘောလောက၊ ရှိုးဂျော့ လောကတွေမှာ အတုတွေ အများကြီးပဲ၊ အလုပ်ခန့်စာအတု၊ စပွန်ဆာအတု၊ ပတ်(စ်)ပို့အတု၊ ဟောကျွန်တော်တို့ နိုင်ငံခြားသင်္ဘောတွေပေါ်မှာ မိန်းမအတု’
‘ဘယ်လိုဘယ်လို၊ မိန်းမအတုဟုတ်လား’
ဖိုးထောင်စကားပင် မဆုံးသေး၊ သူနှင့်ခင်မောင်ဝင် အံသြစွာဝင်ပြောလိုက်သည်။ ‘ဟုတ်တယ်ဗျ။ သင်္ဘောပေါ်မှာ မိန်းမအတုတွေရှိတယ် ’ဟာကွာ..မင်းကလည်း အတုတပ်ထားတဲ့ မိန်းမနေမှာပါ၊ မိန်းမအတုတော့မဟုတ်ပါဘူး’ နားမလည်သော ခင်မောင်ဝင်းက ၀င်ပြောတော့ ဖိုးထောင်ကရယ်သည်။
‘အတုတပ်ထားတာမဟုတ်ဘူး၊ တစ်ကိုယ်လုံးအတု ဖြစ်နေတဲ့ လေထိုးထားတဲ့ မိန်းမပုံ ရာဘာရုပ်ကြီးတွေကိုပြောတာ’ ထိုအခါကျမှ တ၀ါးဝါး ရယ်လေသည်။ ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲသွားရင် သင်္ဘောပေါ်မှာ မိန်းမအတုတွေပဲရှိတယ်ဗျ၊ ကျွန်တော် ကတော့ အတုကို အစစ်ထက် ပိုပြီးကြိုက်တယ်’ သည်တစ်ခါတော့ သူရော ခင်မောင်ဝင်းရော ခေါင်းခါမိသည်။
‘မင်းကလည်းကွာ အစစ်ကို ဘယ်မီပါ့မလဲ၊ မင်းရူးများ ရူးနေလား’ ဖိုးထောင်ကတော့ သူတို့ကိုကြည့်၍ လေးနက်တည်ငြိမ်စွာ ပြုံးသည်။ ‘ဆရာတို့ တကယ်မကြုံသေးလို့ အတုရဲ့တန်ဖိုးကို မသိကြတာပါ’ သူလည်း အတော်လေးမူးနေသော ဖိုးထောင်နှင့် ဆက်၍ အတိုက်အခံ မပြောလိုသောကြောင့် စကားလမ်းကြောင်း လွှဲလိုက်သည်။ မတွေ့ရတာ ကြာပြီ ဖြစ်သောကြောင့် စကားတွေက မဆုံးနိုင်။ တောင်ရောက် မြောက်ရောက်နှင့် ပြောလိုက်ကြသည်မှာ ညမိုးချုပ်သည်အထိ။ သူရော၊ ခင်မောင်ဝင်းရော၊ ဖိုးထောင်ရော စကားတွေ လေးလံလာပြီး ခေါင်းငိုက်စိုက်ပင် ကျလာသည်။
* * * * * * * * * * * * * *
အရက်ဆိုင်မသွားဖြစ်တာလည်း အတော်ကြာသွားပြီ။ မိန်းမက သူအပြင်ထွက်သည်ကို မကြိုက်သောကြောင့် ညနေရောက်တိုင်း အိမ်ထဲမှာပဲ တစ်ယောက်တည်း သောက်ဖြစ်သည်။ ဖိုးထောင်လည်း ပြန်ထွက်သွားပြီဟုကြားရသည်။ အရက်ဆိုင်တွင် ကြုံခဲ့သော ညက ဖိုးထောင် ပြောခဲ့သော အကြိုက်ကတော့ တွေးမိတိုင်း အံ့သြ၍ မဆုံးနိုင်။ တော်တော်ထူးတဲ့ ကောင်၊ အတုမှ ကြိုက်ရတယ်လို့’ ဟု ဆိုညဉ်းမိသည်။
သူကတော့ အရက်မူးတိုင်း အိမ်ထဲရှိ အတုမှန်သမျှကို ရိုက်ခွဲပစ်ချင်သည်။ သို့သော်လည်း မိန်းမက သူ့ကိုရိုက်ခွဲမည် စိုးသောကြောင့် အသာငြိမ်နေမိသည်။ တစ်နေ့တော့ သူ့အိမ်ကို လူတစ်ယောက် ကပျာကယာနှင့် ပြေးလာသည်။
‘ဆရာ..ဆရာ…၊ ဆုံးခါနီးလူနာတစ်ယောက်က ဆရာနဲ့ တွေ့ချင်တယ်ဆိုလို့၊ အမြန်လိုက်ခဲ့ပါဆရာ၊’ သူ ရုတ်တရက် အံ့အားသင့်သွားသည်။
“ဗျာ..ဘယ်သူများလဲ’
‘ဟိုရောက်မှ တွေ့လိမ့်မယ်ဆရာ၊ လူနာကဆရာ့ကို အရမ်းတွေ့ချင်နေတယ်၊ အခုလိုက်ခဲ့ပါ၊’
သူလည်း နားမလည်နိုင်ဘဲ ထိုလူလာခေါ်သော ကားလေးနှင့် လိုက်သွားလေသည်။ ခြေတံတိုအိမ်လေးတစ်လုံး ရှေ့ရောက်မှ ‘ကျွိ’ခနဲ့ ရပ်သွားသည်။ သူလည်း သိလိုစိတ်ဖြင့် အိမ်ပေါ်ပြေးတက်သွားတော့ ခုတင်ပေါ်တွင် မျက်တွင်းဟောက်ပက်ပက်နှင့် လူတစ်ယောက်။ ကိုယ်အနှံ့မှာ အနာစိုများနှင့်။ ဆရာ…ဆရာ၊ ကျွန်တော်ဖိုးထောင်ပါ’
ကြက်သီးများပင် တဖြန်းဖြန်းထသွားသည်။
‘ဟင်…ဖိုးထောင်၊ မင်းပြန်ထွက်သွားပြီဆို’ ‘ဟုတ်တယ်ဆရာ၊ ကျွန်တော်လူတွေကို ပြန်ထွက်သွားပြီလို့ လိမ်ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ဘယ်လိုမှ ပြန်ထွက်လို့ မရတော့ဘူး။ ကျွန်တော့်မှာ AIDSရှိနေတာကြာပြီ။ ရှက်လို့ ထွက်ဟန်ဆောင်ပြီး ဒီမှာ တိတ်တိတ်ကလေး နေခဲ့တာ၊ ကျွန်တော့်အဖြစ်က ဆိုးလွန်းပါတယ် ဆရာရယ်။’
ပြောရင်း..ပြောရင်း မျက်ရည်များပင် လိမ့်ဆင်းလာသည်။ ‘အစစ်ကြောင့်ဆရာ၊ အစစ်ကြောင့် ကျွန်တော်ဒီလိုဖြစ်ရတာ၊ သင်္ဘောပေါ်မှာ မိန်းမအတုတွေနဲ့ပဲ ကျေနပ်ခဲ့မယ်ဆိုရင် ဒီလိုဖြစ်မှာမဟုတ်ဘူး၊ အခုတော့ သင်္ဘောဆိပ်ကမ်းမှာ ကပ်တိုင်း အစစ်တွေနဲ့ တွေ့ခဲ့ လို့ ဒီလိုဖြစ်ရတာပါ၊ ဒါကြောင့်မို့ အတုတွေက တန်ဖိုးရှိတယ်လို့ ကျွန်တော်ပြောခဲ့တာပေါ့ ဆရာရယ်၊’
စကားပြောရင်း ဖိုးထောင်မောလာသည်။ ‘စကားတွေ သိပ်မပြောပါနဲ့ ဖိုးထောင်ရယ်’ ဖိုးထောင်ကို ဖြေသိမ့်ရင်း အားပေးစကားတွေ ပြောခဲ့ရသည်။ သို့သော်လည်း ဖိုးထောင်၏ နောက်ဆုံးထွက်သက်ကို မကြားလိုသောကြောင့် ဖိုးထောင်ကို နာနာကျင်ကျင် နှုတ်ဆက်၍ အိမ်ပြန်လာခဲ့သည်။ အိမ်အပြန်သူ့ခြေလှမ်းများမှာ လေးလံပြီး သူ့စိတ်မှာ ထိုင်းမှိုင်းနေ၏။
* * * * * * * * * *
ထိုညက တစ်ညလုံး အိပ်မပျော်ပေ။ ခြင်ထောင် မျက်နှာကြက်ကို မော့ကြည့်ရင်း တွေဝေနေသည်။ ညဉ့်နက်သည်အထိ သူ့စိတ်မှာ ချောက်ချားနေသည်။ လူ့လောက၏ အဖြစ်အပျက်တရားများကို စဉ်းစားရင်း ထိတ်လန့်နေမိသည်။ သူ့ကိုယ်မှာ ခုတင်ပေါ်တွင် ပက်လက်လန်လျှက်။ ဘေးမှာတော့ အအိပ်ကြီး၍ အအိပ်ကြမ်းသော သူ့ မိန်းမက တခေါခေါအိပ်နေရာမှ သူ့ဘက်လိမ့်လာသည်။ ခြေထောက်က သူ့ပေါင်ပေါ်လာခွပြီး လက်က သူ့ရင်ဘတ်ပေါ် လာတင်သည်။ သူ ချွေးများပြန်လာပြီး ခြေထောက်နှင့် လက်ကို သူ့ကိုယ်ပေါ်မှ အလျှင်အမြန်ဖယ်ချလိုက်သည်။
‘အစစ်ကြောင့်ဆရာ.. အစစ်ကြောင့်’ ဆိုသည့်ဖိုးထောင်၏ စကားများကို ကြားယောင်လာသည်။ ထိတ်ထိတ်လန့်လန့် ဖြစ်လာပြီး အိပ်ရာမှ ‘ငေါက်’ ခနဲ့ ထထိုင်လိုက်သည်။
“မဖြစ်ဘူး..မဖြစ်ဘူး၊ ဒီညကစပြီး ဒီမိန်းမနဲ့ ခွဲအိပ်ရတော့မယ်’ ခြင်ထောင်ထဲမှ ထွက်လိုက်ပြီး စောင်တစ်ထည်ကို ဆွဲယူကာ ဧည့်ခန်းထဲ ထွက်လာခဲ့သည်။ ပြီးတော့ သူ့စိတ်ထဲတွင် စိတ်ကူးတစ်ခု ပေါ်လာသည်။ ‘အင်း….ဖိုးထောင်ပြောတဲ့ အတုတစ်ခုလောက်တော့ ရှာဝယ်ရဦးမယ်’
ခိုင်ထူးသစ်
( မဟေသီမဂ္ဂဇင်း ၂၀၀၂ ဇူလိုင်လ )
Subscribe to:
Posts (Atom)