စာရှုသူ အပေါင်း ချမ်းမြေ့ပါစေ

Tuesday, February 21, 2012

အယူသီးမှုနှင့်စိုးရိမ်စိတ်(ခင်မောင်သန်း-စိတ်ပညာ)


"အယူသီးမှုနှင့်စိုးရိမ်စိတ်"
မရေရာသောအခြေအနေနှင့်ရင်ဆိုင်လာရသောအခါလူသားများတွင်စိုးရိမ်စိတ်များပေါ်ပေါက်လာသည်။ထိုစိုးရိမ်စိတ်များလျော့သွားစေရေးအတွက်တစ်စုံတစ်ခုသောအပြုအမူကိုပြုလုပ်သည်။ထိုအပြုအမူများသည်အများလက်ခံထားသည့်ကျိုးကြောင်းကျသောအပြုအမူမဟုတ်ပါကအယူသီးသည့်အပြုမူဟုခေါ်ကြမည်ဖြစ်သည်။ သိပ္ပံပညာထွန်းကားပြီးခေတ်မီတိုးတက်သည့်အမေရိကန်နိုင်ငံမှာပင်သဘာဝလွန်နည်းလမ်းကိုသုံးပြုပြီးမြေအောက်ရေ(သို့မဟုတ်)ဓာတ်သတ္ထုရှာသည့် လူများ၂၀ရာစုအတွင်းမှာရှိနေသေးသည်။

အင်္ဂလိပ်အက္ခရာYသဏ္ဍန်သစ်ကိုင်းခြောက်(သို့မဟုတ်)သတ္ထုနှင့်ပြုလုပ်ထားသည့်ပစ္စည်းများကိုမြေအောက်ရှာဖွေရာတွင်အသုံးပြုကြသည်။Y၏အပေါ်ပိုင်းလက်တံနှစ်ခုအားလက်နှစ်ဖက်ဖြင့်ကိုင်ကာအောက်ပိုင်းကိုရှေ့တည့်တည့်ထားပြီးလမ်းလျှောက်သွားရသည်။ရေရှိမည့်နေရာသို့ရောက်လျှင်Y၏ခြေထောက်ပိုင်းသည်မြေကြီးဆီသို့စိုက်ကျသွားသည်။ထိုနေရာတွင်ရေတွင်းတူပါကရေရရှိနိုင်မည်။သို့မဟုတ်အဖိုးတန်သတ္ထုများရရှိနိုင်မည်ဟုယုံကြည်ကြသည်။

သုတေသနတစ်ခုကတစ်နိုင်ငံလုံးတွင်ဖော်ပြပါနည်းကိုအသုံးပြုနေသူ နှစ်သောင်းခွဲခန့်ရှိမည်ဟုဆိုသည်။ဤအပြုအမူကိုအဓိပ္ပာယ်မရှိသောအပြုအမူ၊ကျိုးကြောင်းမကျသောအပြုအမူဟုခေါ်ဆိုကြမည်လော။
အယူသီးမှုဟုခေါ်ဆိုသောအချို့အပြုအမူများတွင်တစ်ခါတစ်ရံအသုံးဝင်မှုများကိုတွေ့ရသည်။ဤအတွက်ကြောင့်ပင်အချို့ သောအယူသီးမှုများသည်ဆက်လက်တည်တံ့နေခြင်းဖြစ်သည်။

ပြဿနာတစ်ခုနှင့်ရင်ဆိုင်ရသည့်အခါအဖြေရှာရသည်။အဖြေအမျိုးမျိုးဖြစ်နိုင်ရာမည်သည့်အဖြေသည်အမှန်ကန်ဆုံးဖြစ်သနည်း။မိမိ၏ဆုံးဖြတ်ချက်သည်အသင့်လျော်ဆုံးဖြစ်မဖြစ်ကိုမည်သည့်အချက်ကိုတည်မှီ၍စဉ်းစားရပါသနည်း။ မိမိအတွက်အကျိုးအများဆုံးဖြစ်ထွန်းစေသောဆုံးဖြတ်မှုသည်အမှန်ကန်ဆုံးဖြစ်မည်ဟုဆိုရပေမည်။ကျိုးကြောင်းကျကျစဉ်း စားတတ်သောလူတိုင်းသည်ဤသို့ပင်ပြဿနာ၏အဖြေကိုရှာကြမည်။

ဤအတိုင်းစဉ်းစားပါကYပုံသဏ္ဍန်ပစ္စည်းကိုအသုံးပြုပြီးမြေအောက်ရေရှာခြင်းကိုအဓိပ္ပာယ်မရှိသောလုပ်ရပ်ဟုဆိုနိုင်ဦးမည်လော။မိမိရေတွင်းတူလိုသောအရပ်ဒေသ၏ဘူမိအနေအထားကိုမသိသဖြင့်သိပ္ပံနည်းကျရှာဖွေမှုလည်းမပြုလုပ်နိုင်။မည်သည့်ဒေသကိုတူးပါက ရေရမည်ကိုအတိအကျပြောမရသည့်အခါအယူသီးသည့်လုပ်ရပ်ဟုခေါ်ဆိုနေကြသောနည်းဖြင့်ရေရှာခြင်းကိုအဓိပ္ပာယ်မရှိဟုပြောမရနိုင်ဟုအချို့ကဆိုကြသည်။မြေကြောရေကြောကိုမသိသဖြင့်ြ့ပင်ပဘူမိပညာရှင်တစ်ဦးကမှန်းဆပြီးရှာဖွေသည်ထက်ထိုဒေသအကြောင်းအတွေ့အကြုံရှိသည့် အယူသီးသူတစ်ဦးရှာဖွေသောနည်းက ပို၍အကျိုးဖြစ်ထွန်းစေ လိမ့်မည်ဟုပြောဆိုကြသည်။ အယူသီးသည့်အပြုအမူအချို့တွင်လက်တွေ့အသုံးဝင်မှုရှိနိုင်သည်ဟုကောက်ချက်ရမည့်သဖွယ်ဖြစ်နေသည်။

မနုဿဗေဒပညာရှင်တစ်ဦးကလည်းဤသို့ဖြစ်တတ်ကြောင်းတင်ပြခဲ့သည်။အယူသီးသည့်လုပ်ရပ်ဟုခေါ်ဆိုနေကြသောအချို့ နည်းလမ်းများတွင်မိမိမျှော်မှန်းထားသောအကျိုးရရှိစေနိုင်သည့် နည်းများပါရှိတတ်ကြောင်းဖော်ပြခဲ့ပေသည်။ လောဘရေဒါအရပ်မှ အမေရိကန်အင်ဒီးယန်းများသည် အမဲလိုက်၍နေထိုင်စားသောက်ကြရသည်။သားကောင်မရသည့် အခါသူတို့သည်ငတ်မွတ်ပြီးတစ်ခါတစ်ရံသေဆုံးသည်အထိဖြစ်ကြရသည်။အစားအစာနည်းလာသည့်အခါသို့မဟုတ် သားကောင်မရသောအခါ နတ်မေးသည့်အလေ့အထ သူတို့တွင်ရှိ၏။

နတ်ဆရာကသမင်၏ ပခုံးရိုးတစ်ခုကိုမီးဖိုပေါ်တင်ပြီး သားကောင်ရှိမည့်နေရာကိုညွှန်ပြတော်မူရန် “ဆိုင်ရာပိုင်ရာ”တို့အားမေး မြန်းကြသည်။မီးအပူရှိန်ကြောင့်သမင်၏ပခုံးရိုးမှာကွဲအက်လာသည်။သူတို့သည်ထိုအက်ကြောင်းများကိုမြေပုံသဖွယ်အနက်ဖော်ကြသည်။မီး၏အပူရှိန်ကြောင့်ကွဲအက်သွားသည့်အရာများမှာအတိအကျပုံသေကားကျမရှိ။အစီအစဉ်မဲ့ကွဲအက်ခြင်းဖြစ်သည်။ထို“မြေပုံ”ကိုအသုံးပြုပြီးသားကောင်လိုက်သည့်အခါ အောင်မြင်မှုရရှိကြသည်။သို့သော်အချိန်ကာလကြာမြင့်သည့်အခါထိုနေရာသို့သားကောင်များဆင်းတော့မည်မဟုတ်သဖြင့်အခက်အခဲတွေ့လာရပေသည်။သားကောင်များသည်ထိုနေရာကိုအန္တရာယ်ရှိသည်ဟုသိသွားပြီးရှောင်ရှားကြမည်။ဘေးကင်းရာအခြားနေရာသို့ပြောင်သွားကြမည်။မည်သည့်နေရာသို့ပြောင်း ရွေ့သွားသည်ကိုမည်သူမှမသိ။အတွေ့အကြုံလည်းအသုံးပြု၍မဖြစ်သဖြင့်နတ်ကိုမေးကြရခြင်းဖြစ်သည်။

သမင်၏ပခုံးရိုးပေါ်တွင်ကွဲအက်ပေါ်ပေါက်လာသောအစီအစဉ်မဲ့လမ်းကြောင်းအတိုင်းအင်ဒီးယန်းများအမဲလိုက်ကြသည်။ထိုလမ်းကြောင်းများသည်အသစ်ဖြစ်သဖြင့်ကြုံကြိုက်မှုပိုမိုရရှိလာကြသည်။သားကောင်များတွေ့လာသည်။ထိုအင်ဒီးယန်းလူမျိုးများငတ်မွတ်သေဆုံးပြီးမျိုးရိုးပျောက်ကွယ်မသွားသည်ကိုကြည့်ခြင်းအားဖြင့်ဤနည်းအတိုင်းသားကောင်လိုက်ခြင်းသည်ထိရောက်မှုရှိမည်ဟုယူဆနိုင်ကြောင်းမနုဿဗေဒပညာရှင်ကတင်ပြခဲ့သည်။

လူသားများသည်မရေရာသည့် အခြေအနေများနှင့်ကြုံကြိုက်လာသည့် အခါသူတို့တွင်အားကိုးမဲ့စိတ်အစွမ်းအစမရှိသည့်စိတ်များပေါ်ပေါက်လာသည်။အကျိုးဆက်အားဖြင့်စိုးရိမ်စိတ်၊ဖိစီးစိတ်များရှိလာမည်ဖြစ်၏။အခြေအနေမှာမည်သို့ရှိနေသည် ကိုမှန်းဆ၍မရသဖြင့်သူတို့သည်မည်သို့ပြုရမည်ကိုလည်းဆုံးဖြတ်၍မရနိုင်ဖြစ်လာသည်။ “ဒီလိုအခြေအနေဖြစ်နေတာကိုတော့မကြိုက်ဘူး။ကောင်းကောင်းဆိုးဆိုးရင်ဆိုင်တွေ့လိုက်ချင်တယ်ဟူသောသဘောထား သူတို့တွင်ရှိလာမည်ဖြစ်သည်။

အခြေအနေကောင်းမည်လား သို့မဟုတ် ပို၍ဆိုးဝါးသွားမည်လားဟူ၍မရေရာသောအခြေအနေထက် သေချာပေါက်သိနိုင် မည့်အခြေအနေတစ်ခုကိုရင်ဆိုင်လိုကြသည်။ကြုံတွေ့ ရမည့်အခြေအနေသည်အကောင်းမဟုတ်လျှင်သော်မှအရေးမကြီး၊ မရေရာသည့်အခြေအနေထက်စာလျှင်လက်ခံနိုင်ကြသေးသည်။အဆိုးနှင့်တွေ့ ရလျှင်လည်းသူတို့သည်ဆိုးသော အခြေအနေနှင့်လိုက်လျောညီထွေဖြစ်အောင်ညှိယူနေထိုင်ကြမည်။

ပြစ်မှုတစ်ခုဖြင့်အကျဉ်းချခံထားရသောထောင်သားများကိုလေ့လာရာတွင်သေချာပေါက်ထောင်ကျမည့် အကျဉ်းသားထက် လွတ်လမ်းအနည်းငယ်ရှိသူအကျဉ်းသားများသည်စိတ်ဖိစီးမှုဒဏ်ကိုပိုခံရကြောင်းတွေ့ ရသည်။အပြစ်ကျမည့် သူများသည်အ ဆိုးနှင့်ရင်ဆိုင်ရမည်ဖြစ်သော်လည်း မရေရာသည့် အခြေအနေနှင့်ကြုံတွေ့ ရမည်မဟုတ်ပေ။ လွတ်မြောက်လမ်းအနည်းငယ်ရှိသူတို့တွင် မရေရာသောအခြေအနေရှိနေမည်ဖြစ်သည်။

လူသားများသည်မရေရာသောအခြေအနေနှင့်ကြုံတွေ့ ရသည့် အခါ ကောလာဟလ များဖန်တီးထုတ်လွှင့်တတ်သောသဘော ရှိသည်။စိတ်ဖိစီးမှုဒဏ်မခံနိုင်ကြသဖြင့် အခြေအနေသည်ရေရာသည့်ဟန်ရောက်လာအောင် ကောလာဟလပြုလုပ်ကြသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံစစ်ဖြစ်သဖြင့် စစ်သုံပန်းစခန်းတွင်အကျဉ်းကျနေသူများ၏ ဘ၀သည်လည်းမရေရာသောဘ၀ဖြစ်သည်။ သူတို့အတွင်းတွင်မရေရာသောကောလာဟလ အမျိုးမျိုးပေါ်ပေါက်နေတတ်သည်။

များသောအားဖြင့်ထိုကောလာဟလများသည်မှန်ကန်မှုမရှိသော်လည်း မသေချာမရေရာသောအခြေအနေကိုရင်ဆိုင်နေရသူများအတွက် အခိုက်အတန့်အားဖြင့်စိတ်သက်သာမှုရစေနို်င်သည်ဟု စိတ်ပညာရှင်တို့ကတင်ပြခဲ့သည်။ ခင်မောင်သန်း(စိတ်ပညာ)

3 comments:

khinehtoothit said...

အယူသီးမှု၊နတ်ကိုးကွယ်မှုနှင့်စိတ်ပညာရှုထောင့်စာအုပ်
ဟာမန္တလေးကဆရာကြီးခင်မောင်သန်းရဲ့ နာမည်ကြီးစာအုပ်တစ်အုပ်ပါပဲ။

ကိုပခန်း said...

စာအုပ်တစ်အုပ်လုံးဖတ်ချင်ပါ့ဗျာ။

သိင်္ဂါကျော် said...

စိတ်ဝင်စားစရာ စာအုပ်တစ်အုပ်ပါပဲ...