စာရှုသူ အပေါင်း ချမ်းမြေ့ပါစေ

Sunday, March 11, 2012

ကမ္ဘာကြီးကိုခိုးမယ့်လူ (၂၀၀၄- မြားနတ်မောင်မဂ္ဂဇင်း)



{ ၁ }

သူခိုးအားလုံးက သူ့ကို ကြောက်ကြသည်။ သူကိုယ်တိုင် သူခိုးတစ်ယောက်ဖြစ်သော်လည်း သူခိုးချင်း ပြန်ခိုးနိုင်သောကြောင့် သူခိုးများက သူ့ကို လန့်သည်။ စောရနက္ခတ် မိထားသောသူ့ မျက်လုံးများမှာ ငြိမ်သက်မှုမရှိ။ တစ်နေရာတည်းကိုသာ စိုက်ကြည့်နေသည်မဟုတ်။ မျက်လုံးများက ဝေ့၀ဲလျက် လည်နေသည်။

“မြွေမြွေချင်းတော့ ခြေမြင်ပါတယ်” ဆိုသည့်အတိုင်း သူခိုးအချင်းချင်းကတော့ သူ့အကြောင်းကို ကောင်းကောင်းကြီး သိနေကြသည်။ သူခိုးလောကတွင် သူ့ကိုမသိသော သူခိုးရယ်လို့မရှိ။ သူခိုးဈေးထဲကို သူရောက်လာတိုင်း အားလုံးက သူ့ကို ၀ိုင်းကြည့်တတ်သည်။ ခိုးရာပါပစ္စည်း ၀ယ်သောဆိုင်များကလည်း သူ့ကို ထိတ်လန့်လေးစားစွာ ဆက်ဆံကြသည်။ သူရောင်းသည့် ပစ္စည်းများကို ဈေးမနှိမ်ရဲ။ တန်ရာတန်ကြေးကို ကျေကျေနပ်နပ်ပေးပြီး ၀ယ်ကြသည်။

သူ့လက်တွေက လျှပ်စစ်ထက်မြန်သည်။ တစ်ချက်ကလေး လစ်လိုက်သည်နှင့် ဖျတ်ခနဲ့….ဖျတ်ခနဲ့ ပါသွားတတ်သည်။

တစ်ခါတစ်ရံ သူရောင်းလိုက်သည့် ပစ္စည်းကို မိနစ်ပိုင်းအတွင်း ပြန်ရအောင်ပင် ပြန်ခိုးနိုင်သည်။ သူတောင်းသည့်ဈေးကို မပေးလို့ကတော့ ခံရပြီသာ မှတ်ပေတော့။

သူခိုးအချင်းချင်း တွေ့ကြပြန်တော့လည်း ရယ်လိုက်၊ မောလိုက်၊ စကားပြောလိုက်၊ လက်ဆွဲနှုတ်ဆက်လိုက်နှင့် တစ်ခုမဟုတ် တစ်ခုတော့ ပါသွားတတ်သည်။ ထို့ကြောင့်လည်း သူခိုးများက သူ့ကိုတွေ့လျှင် ရှောင်ကြသည်။

‘ဟိုနေ့က သူနဲ့ဈေးထဲမှာတွေ့လို့ ခဏလေးရပ်ပြီး စကားပြောလိုက်တာဗျာ။ အိမ်ပြန်ရောက်မှကျုပ်ခိုးထားတဲ့ ပတ်ကားဖောင်တိန်လေး ပါသွားမှန်း သိရတယ်။ နှမြောလိုက်တာဗျာ၊ ဒီဖောင်တိန်လေးကို မရမကခိုးပြီး ကြိုက်လွန်းလို့ ပြန်မရောင်းဘဲ ထားတာ။ ဒီလူနဲ့တွေ့မှပဲ ခံရတော့တယ်။” ဆိုသည့် သူခိုးလောကမှ သူနှင့်ပတ်သက်သော သတင်းစကားများကို မကြာ မကြာ ကြားနေရသည်။ သူကတော့ “ကမ္ဘာကြီးကိုတောင် ရအောင်ခိုးမယ်”လို့ ကြွေးကြော်ထားသည်။

ပြီးတော့ သူကခေသူမဟုတ်။ ခေတ်ပညာကိုလည်း မတောက်တခေါက် တတ်သည်။ ခေတ်အမြင်လည်းရှိသည်။ စကားပြောလည်း ညက်သည်။ အာဝဇ္ဖန်းလည်းရွှင်သည်။ သူနှင့်စကားပြောရသည်မှာ ပျော်စရာကောင်းသလို ထိတ်လန့်စရာလည်း ကောင်းသည်။ ဘာပဲဖြစ်ဖြစ် သူခိုး တော်တော်များများကတော့ သူ့ကို မပစ်ပယ်ရဲ။ စိတ်ပေါင်းကိုယ်(အနည်းငယ်)ခွာပြီး လေးလေးစားစား ဆက်ဆံကြသည်။

လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ သူနှင့်တွေ့တိုင်း သူခိုးများက သူကိုကျွေးမွေးဧည့်ခံပြီး သူပြောသည့်စကားများကို စိတ်ဝင်စားစွာ နားထောင်ကြသည်။ သူကလည်း သူခိုးတရား ဟောလေ့ရှိသည်။

“ကျုပ်တို့သူခိုးလောကမှာ အဆင့်နိမ့်ဆုံး သူခိုးကို ထဘီသူခိုးလို့ ထင်နေကြတယ်။ ဘုန်းနိမ့်ခံပြီး ထဘီကအစ အလစ်သုတ်တဲ့ သူခိုးအများစုဟာ ဖိုးသမားတွေ ဘိန်းစားတွေပဲ။ ဒါပေမယ့်အဲဒီ ထဘီသူခိုးတွေကို အဆင့်နိမ့်တဲ့ သူခိုးတွေလို့ ပြောလို့ မရသေးဘူး။ တကယ်တမ်း အဆင့်နိမ့်တာက မယားခိုးတွေ (မယခိုးတွေ)…။ ထဘီတင်မကဘဲ သူများမယားပါခိုးတဲ့ မယားခိုးတွေဟာ အဆင့်နိမ့်တဲ့ သူခိုးတွေပဲ။

“ဘာပဲခိုးခိုး သူခိုးဆိုတဲ့ သတ်မှတ်ချက်နဲ့တော့ မလွတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သူခိုးဆိုပြီးတော့လည်း အားမငယ်ကြပါနဲ့။ လူတစ်ရာမှာ ကိုးဆယ်ကျော် တစ်ရာနီးပါးလောက်ဟာ သူခိုးတွေပါလို့ ကျုပ်ရဲရဲကြီး စွပ်စွဲရဲတယ်။

ဒါပေမဲ့ လူတွေက တော်တော်ခက်တယ်။ သူခိုးဆိုတဲ့ သတ်မှတ်ချက်ဟာ သူတို့နဲ့ မဆိုင်သလိုမျိုး ကိုယ့်ကိုယ်ကိုယ် မဆန်းစစ်ဘဲ “သူခိုး…သူခိုး”လို့ အော်နေကြတယ်။ တကယ်တော့ သူတို့ကိုယ်တိုင်လည်း သူခိုးဖြစ်တယ်ဆိုတာကိုတော့ နည်းနည်းလေးမှ မတွေးမိကြဘူး။ ‘သေချာစဉ်းစားကြည့်ရင် လူတစ်ယောက်ဟာ မွေးစကစပြီး အရွယ်ရောက်တဲ့အထိ တစ်ခုခုတော့ ခိုးမိတာပါပဲ။ တန်ဖိုးနည်းတာ များတာ၊ ထိခိုက်တာ မထိခိုက်တာပဲကွာမယ်။ သူများမသိအောင်ကတော့ ယူမိ ခိုးမိတာပါပဲ။ ကောင်းရောင်း ကောင်းဝယ် လုပ်စားပါတယ်ဆိုတဲ့ ဈေးသည်တွေ၊ ကုန်သည်တွေလည်း အလေးခိုးတာတွေ၊ အချိန်အတွယ် ခိုးတာတွေရှိတယ်။ စာတတ်ပေတတ် ပညာတတ်တွေထဲမှာတောင် စာကူးချတဲ့ စာသူခိုးဖြစ်ခဲ့ဖူးတဲ့ လူတွေရှိတယ်။ ပြီးတော့ ကမ္ဘာနဲ့ချီပြီး ကြည့်မယ်ဆိုရင်လည်း ဒီကမ္ဘာပေါ်မှာ သူခိုးနိုင်ငံတွေ အများကြီးပဲ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံဟာ ခိုးဖို့ဝှက်ဖို့ပဲ ချောင်းနေကြတယ်။ အခုခေတ်မှာ ဆော့ဖ်ဝဲ ခိုးတာတွေ၊ နည်းပညာ ခိုးတာတွေ၊ ဖော်မြူလာ ခိုးတာတွေ ၊သယံဇာတ ခိုးတာတွေ၊ ရေအရင်းအမြစ် ခိုးတာတွေ အများကြီးပဲ။ ဘယ်လောက်ထိ ခိုးလဲဆိုရင် ရာသီဥတုကအစ၊ မိုးကအစ ခိုးနေကြတယ်။ သိပံပညာ ထွန်းကားတဲ့ ဒီခေတ်ကြီးမှာ သူများနိုင်ငံမှာ ရွာမယ့်မိုးကို ကိုယ့်ကိုယ့်နိုင်ငံမှာ ရွာအောင် မိုးလွှဲပြီး မိုးခိုးနေကြတယ်။ တကယ်တော့ ဒီလောကကြီးဟာ သူခိုးနဲ့ မကင်းပါဘူး။ ဒါကြောင့် ခိုးရမှာကို မကြောက်ကြပါနဲ့၊ မရှက်ကြပါနဲ့။ သူခိုးဆိုတာ နေရာတိုင်းမှာ လက်ညိုးထိုး မလွဲပါပဲ။ လူတွေကတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ လက်ညိုးထိုးမှာမဟုတ်ဘူး။ ကျုပ်ကတော့ ကျုပ်ကိုယ်ကျုပ် ရဲရဲကြီး လက်ညိုးထိုးတယ်။ ’

‘ကျုပ်ဟာသူခိုး၊ သူခိုးဟာ ကျုပ်ပဲ။’ ‘ ဖြစ်နိုင်မယ် ဆိုရင် ကျုပ်က ဟော့ဒီကမ္ဘာကြီးကိုတောင် ရအောင် ခိုးလိုက်ချင်တယ်။’

သူ့စကားများကို ကြားရလေတိုင်း သူခိုးများမှာ စိတ်ဓာတ်တက်ကြွကာ ခိုးချင်စိတ်များ တဖွားဖွား ပေါ်ပေါက် လာကြသည်။ သူကလည်း သူခိုးများကို တွေ့တိုင်း ဆက်ပြီးများများခိုးဖို့ အားပေးလေ့ရှိသည်။ ခိုးပုံခိုးနည်း ဖောက်ထွင်းပုံ ဖောက်ထွင်းနည်းများနှင့် သူ့အတွေ့အကြုံများကို တတ်နိုင်သမျ ပြောပြသည်။

နေ့တွင် ခိုးသောအခါ တွေ့ရမည့်အခက်အခဲ၊ ညတွင်ခိုးသောအခါ တွေ့ရမည့် အခက်အခဲများကို မည်သို့ ရင်ဆိုင် ဖြေရှင်းရမည်။ မည်သို့ရအောင်ခိုးရမည် စသည်တို့ကို သင်တန်းပို့ချသလို အသေးစိတ် ရှင်းပြတတ်သည်။

တကယ်လို့သာ လူ့အသိုင်းအ၀ိုင်းက သူခိုးတက္ကသိုလ် တစ်ခုလောက် ဖွင့်ခွင့်ပြုလိုက်လျင် သူခိုးများက သူ့ကို ပါမောက္ခချုပ် ခန့်ဖို့ ရာနှုန်းပြည့် ထောက်ခံကြလိမ့်မည်။


{ ၂ }


တစ်နေ့…


သူ သူခိုးဈေးမှအပြန် လမ်းတွင် လူတစ်ယောက် နောက်က လိုက်လာသည်ကို သတိထားမိသည်။ မျက်စိလျင်သောသူသည် လမ်းဘေးတွင် ရပ်ထားသော ကား၏ဘက်မှန်ကို ဖျတ်ခနဲ့ လှမ်းကြည့်လိုက်ခြင်းဖြင့် နောက်က လိုက်လာသူမှာ မုတ်ဆိတ်မွေးရှည်ရှည်နှင့် လူတစ်ယောက်ဖြစ်ကြောင်းကို သိလိုက်သည်။ သူက ထိုလူကို မျက်ခြေဖြတ်ဖို့ စိတ်ကူးပြီး လမ်းဆုံတစ်ခုအရောက်တွင် တည့်တည့်လျောက်နေရာမှ ညာဖက် ကွေ့တော့မလိုလိုနှင့် ဘယ်ဘက်ကို ချိုးကွေ့လိုက်ပြီး နောက်ပြန်လှည့်ကာ တည့်တည့် လျောက်ပစ်လိုက်သည်။ သို့သော်လည်း မုတ်ဆိတ်ကြီးက သူ့နောက်မှ တကောက်ကောက်။ လျောက်နေသော သူ့ခြေလှမ်းများကို တုံ့ခနဲ့ ရပ်ပစ်လိုက်တော့ မုတ်ဆိတ်ကြီး သူ့ကို မီလာသည်။


“ရှာလိုက်ရတာဗျာ။ ခင်ဗျားကို တွေ့အောင် မနည်းရှာရတယ်”


သူနောက်လှည့်ပြီး မုတ်ဆိတ်ကြီးကို တည့်တည့်ကြည့်လျက် မေးလိုက်သည်။


“ခင်ဗျားဘယ်သူလဲ၊ ဘာဖြစ်လို့ ကျုပ်ကို ရှာတာလဲ”


မုတ်ဆိတ်ကြီးက သူ့မုတ်ဆိတ်များကို လက်နှင့် သပ်ရင်း… “လာဗျာ.. စားသောက်ဆိုင်မှာ တစ်ခုခု စားရင်း သောက်ရင်း ပြောကြတာပေါ့” တဲ့။


သူလည်း အချိန်အနည်းငယ်ကြာအောင် ရပ်စဉ်းစားပြီးမှ မုတ်ဆိတ်ကြီး၏ အလိုကို သဘောတူလိုက်သည်။ သဘောကောင်းသော မုတ်ဆိတ်ကြီးက စားသောက်ဆိုင်ထဲကိုရောက်တော့ ကြိုက်တာမှာဖို့ပြောသည်။ သူလည်း မုတ်ဆိတ်ကြီး၏ လက်ထဲမှ သားရေအိတ်ကို အကဲခတ်ပြီး ငွေစက္ကူတစ်ထပ်ကိုတွေ့မှ ၀က်စတူးတစ်ပွဲနှင့် ဘီယာတစ်လုံး မှာလိုက်သည်။ မုတ်ဆိတ်ကြီးကမူ ‘ကျုပ်က သက်သတ်လွတ် စားတာဗျလို့ ပြောရင်း အစိမ်းကြော်တစ်ပွဲ၊ အာလူးကြော်တစ်ပွဲနှင့် ဘီယာတစ်လုံးမှာလိုက်သည်။ သူက မုတ်ဆိတ်ကြီးကို အလိုမကျစွာကြည့်ရင်း ခင်ဗျားကလည်း သက်သတ်လွတ်စားတယ်ဆိုပြီး ဘီယာသောက်ရတယ်လို့ ဆိုတော့ မုတ်ဆိတ်ကြီးက တဟားဟားရယ်၍ ဘီယာလည်း သတ်သတ်လွတ်ပဲလေဗျာ တဲ့။”


သူစကားလမ်းကြောင်း ချက်ချင်းပြောင်းပြီး “ကဲ ဆိုစမ်းပါဦး၊ ခင်ဗျားဘယ်သူလဲ၊ ဘာကိစ္စရှိလို့လဲ” ဆိုတော့ မုတ်ဆိတ်ကြီးက ချက်ချင်းပြန်မဖြေ။ စားပွဲပေါ်ကို ဘီယာရောက်လာတော့မှ အမြုပ်တစီစီ တက်နေသော ဘီယာကို တဂွတ်ဂွတ် မော့ချလိုက်ပြီး ဂေ့ ဟု လေတစ်ချက်ကြို့ရင်း ပြောသည်။


ဒီလိုပါ ကျုပ်က ဂမ္ဘီရပညာကို နှစ်ပေါင်းများစွာ လေ့လာလိုက်စားနေတဲ့ လူတစ်ယောက်ပါ။ ဂမ္ဘီရပညာရဲ့ လျို့ဝှက်နက်ရှိုင်းမှုတွေကို တော်တော်လေး တွေ့ခဲ့ပါပြီ။ အခု ကျုပ်လိုချင်တာကတော့ အလွန်အဖိုးတန်တဲ့ ရှေးဟောင်း တိုင်ကပ်နာရီ တစ်လုံးပါ။ ဒီနာရီက တော်တော်လေး ရှေးကျတယ်။ ဂယ်လီလီယိုခေတ်ရဲ့ နောက်ပိုင်းလေးလောက်မှာ လုပ်ခဲ့တယ်လို့ ခန့်မှန်းရတယ်။ ဒီနာရီမှာပါတဲ့ ချိန်သီးက ရိုးရိုးချိန်သီး မဟုတ်ဘူး။ အင်မတန် အစွမ်းထက်တဲ့ ဂမ္ဘီရချိန်သီး။ အနောက်တိုင်း ဂမ္ဘီရလောကမှာတော့ ဂမ္ဘီရချိန်သီးက နာမည်ကြီးပဲ။ ဂမ္ဘီရပညာသည်တွေဟာ ကိုယ်တွင်းပိုင်းမှာဖြစ်တဲ့ ရောဂါတွေကို ဂမ္ဘီရချိန်သီးနဲ့ ရှာလေ့ရှိကြတယ်။ လူနာရဲ့ ၀မ်းဗိုက်ပေါ်မှာ ချိန်သီးကို တန်းလန်းချပြီး နှလုံးမှာလား၊ အဆုတ်မှာလား၊ အသည်းမှာလား၊ ကျောက်ကပ်မှာလားဆိုတာ အတိအကျ သိအောင်ရှာတယ်။ အဲဒီဂမ္ဘီရချိန်သီးကိုလည်း ပုံစံအမျိုးမျိုးနဲ့ လုပ်ကြတယ်။ ဂမ္ဘီရ သမိုင်းမှတ်တမ်းတွေအရ ကြည့်မယ်ဆိုရင် ဟစ်တလာဟာ မူဆိုလီနီရှိတဲ့နေရာကို အတိအကျသိရဖို့ ဂမ္ဘီရပညာရှင်တွေခေါ်ပြီး မြေပုံပေါ်မှာ ချိန်သီးချပြီး ရှာခဲ့တယ်လို့ သိရတယ်။ အနောက်တိုင်း ဂမ္ဘီရလောကမှာတော့ ဂမ္ဘီရချိန်သီးက နာမည်ကြီးပဲ။ အခုကျုပ်တွေ့ထားတဲ့ တိုင်ကပ်နာရီက ချိန်သီးဟာ ဂမ္ဘီရချိန်သီးပဲ။ ဒီနာရီကို မြို့အစွန်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ တွေ့ထားတယ်။ အဲ့ဒီဘုန်းကြီးကျောင်းမှာ ဘုန်းကြီးအိုကြီးတစ်ပါးပဲ သီတင်းသုံးတယ်။ ဘုန်းကြီးအိုကြီးက အဲဒီ ရှေးဟောင်းနာရီကြီးကို ဘယ်လောက်ပေးပေး မရောင်းဘူး ဘုရားကို လှူထားတာ၊ ဘုရားပစ္စည်းလို့ပဲ ပြောတယ်။ ပြီးတော့ ဒီနာရီကို တော်တော်လေး မျက်စိလျင်မှ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့အစွမ်းအစကို ကျုပ်သိပါတယ်။ ခင်ဗျားရဲ့ပညာကိုလည်း လေးစားတယ်။ ဒီနာရီကို ခင်ဗျားကလွဲပြီး ဘယ်သူမှ မခိုးနိုင်ဘူးဆိုတာ ကျုပ်သိပါတယ်။ ဒီတော့ ကျုပ်ကို ကူညီပါ။ ဒီနာရီကို ရအောင် ခိုးပေးပါ။ ရရင် ခင်ဗျားကို သိန်းနဲ့ချီပြီး ပေးမယ်။ ပြီးတော့ တခြားအဖိုးတန်တာတွေလည်း ပေးဦးမယ်။


မုတ်ဆိတ်ကြီး၏ စကားကို သူတော်တော်လေး စိတ်ဝင်စားသွားသည်။


သူရော မုတ်ဆိတ်ကြီးရော ဘီယာတွေ တစ်ခွက်ပြီး တစ်ခွက် သောက်နေကြသော်လည်း အရှိန်မတက်။ တစ်ဖက်က အနည်းငယ် ကျဉ်းပြီး တစ်ဖက်က အနည်းငယ်ကျယ်သော မုတ်ဆိတ်ကြီး၏ လျို့ဝှက်နက်ရှိုင်းသည့် မျက်လုံးများကို စိုက်ကြည့်ရင်း ခိုးပေးမယ်လို့ သူကတိပေးလိုက်သည်။


{ ၃ }

ညသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ အချိန်က သန်းခေါင်အလွန်။ တစ်ခြမ်းပဲ့ လ၏ ၀ိုးတ၀ါး အလင်းရောင်ထဲတွင် သူ့ခြေလှမ်းများ ပေါ့ပါး သွက်လက်နေသည်။


သို့သော်လည်း သူ့ခြေထောက်တွင် ဖိနပ်မပါ။ ဘုန်းကြီးကျောင်းအိုကြီးသည် လရောင်အောက်တွင် မည်းမည်းရှည်ရှည်ကြီး အထီးကျန်လျက်ရှိသည်။ ခြေတံရှည် တိုင်လုံးကြီးများနှင့် တည်ဆောက်ထားသော ကျောင်းအိုကြီးအနားကို ရောက်အောင် သူချဉ်းကပ်လိုက်သည်။ မျက်စိကိုဖွင့်၊ နားကိုစွင့်၊ စိတ်ကို အတည်ငြိမ်ဆုံးထား၍ တိုင်တစ်တိုင်ကို ဖက်တွယ်ပြီး အပေါ်ကို တက်လိုက်သည်။ ပြတင်းဝကိုေ ရာက်တော့ သုံးနေကြ သံချိတ်တစ်ခုနှင့် ကလော်၍ ဖွင့်လိုက်သည်။


အထဲတွင် ဘုရားစင်တစ်ခု၊ စာအုပ်ဗီရိုများနှင့် အခန်းကန့်ထားသော အိပ်ခန်းငယ်တစ်ခု။


ဘုရားစင်ပေါ်တွင် ၀ါဆိုဖယောင်းတိုင်ကြီး တစ်တိုင်ကို ထွန်းညိထားသောကြောင့် ဘုန်းကြီးအိုကြီး မကျိန်းသေးဟု ခန့်မှန်းရသည်။ ဘာပဲဖြစ်ဖြစ် အထဲကိုဝင်ပြီး နာရီရှာဖို့ ဆုံးဖြတ်ကာ ကြမ်းပြင်ပေါ်ကို ဖွဖွလေး ခုန်ချလိုက်သည်။ မျက်စိကိုပြူး ပြဲပြီး နာရီကို အသေအချာ လိုက်ရှာသည်။ သို့သော်လည်း မတွေ့။


သူ မကျေမနပ်ဖြစ်ကာ အသက်အောင့်၍ မျက်စိမှိတ်ပြီး နားစွင့်လိုက်တော့ တဂျက်ဂျက် မြည်သံကို သဲ့သဲ့လေး ကြားရသည်။ အသံကြားရာကို တိုးသွားတော့ နာရီကို သစ်သားတိုင်တစ်တိုင်တွင် ချိတ်ကပ်မထားဘဲ ထွင်းထည့်ထားသည်ကို တွေ့ရသည်။ တိုင်ကလည်း အမည်းရောင်၊ နာရီကလည်း အမည်းရောင်ဖြစ်သော်လည်း ဘယ်ညာ လှုပ်ရမ်းနေသော ချိန်သီးမှာ သတ္တုတစ်ခုဖြစ်ပြီး တ၀င်းဝင်း လက်နေသည်။ အိပ်ခန်းဆီကို အချိန်အတော်ကြာအောင် အကဲခတ်ပြီးမှ နာရီကို နှိုက်ယူလိုက်သည်။ လွယ်လွယ်ကူကူပင် သူ့လက်ထဲတွင် နာရီပါလာပြီး တဂျက်ဂျက်မြည်သံမှာ ပိုမိုကျယ်လောင်လာသည်။ နာရီလက်တံတွေက တစ်နာရီထိုးဖို့ တရွေ့ရွေ့။ နာရီကို အခုချက်ချင်း သယ်သွားလျင် နာရီထိုးသံ ဒေါင်ဒေါင်ဒင်ဒင်မြည်သံသည် နေရာရွေ့ကာ ထွက်ပေါ်လာပြီး ဘုန်းကြီးအိုကြီး သိသွားမည်စိုးသောကြောင့် နဂိုနေရာမှာပင် ရပ်လျက် နာရီကို ကိုင်ထားမိသည်။ နာရီမြည်ပြီးမှ အမြန်ပြေးဖို့ စိတ်ကူးထားသည်။


တစ်နာရီအတိကို ရောက်တော့ နာရီထိုးသံကို မကြားရဘဲ ‘ဟိတ်’ ဆိုသည့် အော်သံတစ်ခု အပေါ်မှ ထွက်ပေါ်လာ၍ မော့ကြည့်လိုက်ရာ ခေါင်မိုးထုပ်တန်းပေါ်တွင် ကိုရင်လေးတစ်ပါး ငုတ်တုတ် ထိုင်နေသည်ကို ၀ိုးတ၀ါး မြင်လိုက်ရသည်။


မုတ်ဆိတ်ကြီးပြောတော့ ဘုန်းကြီးအိုကြီး တစ်ပါးပဲရှိတယ်တဲ့။ အခုတော့ ကိုရင်လေး တစ်ပါးပါလား။ ဘုန်းကြီးအိုကြီးရော ရှိလေမလားလို့ တွေးတောရင်း အိပ်ခန်းဆီကို လှည့်ကြည့်လိုက်စဉ်မှာပင် သူ့ရှေ့တည့်တည့်ကို ထုပ်တန်းပေါ်မှ ဘုန်းခနဲ့ ပြုတ်ကျလာသောကြောင့် ပြန်လှည့်ကြည့်မိသည်။


ထုတ်တန်းပေါ်တွင် စောစောကမြင်ရသော ကိုရင်လေးမှာ အခုတော့ သူ့ရှေ့တည့်တည့်တွင် ဘုန်းကြီးအိုကြီးတစ်ပါး ဖြစ်နေသည်။ ခါးကိုင်းကိုင်း ကုန်းကုန်းနှင့်။ မျက်နှာပေါ်တွင် ပါးရေများ တွန့်လိမ် ရွတ်တွနေသည်။ ဖယောင်းတိုင်မီးရောင် တလှပ်လှပ် ဟပ်နေသော ဘုန်းကြီးအိုကြီး၏ အသွင်သဏ္ဍန်မှာ အလွန်အမင်း အိုမင်း ရင့်ရော်နေသည်။


သူ ကြည့်ရင်းကြည့်ရင်း ကျောစိမ့်ကာ ကြက်သီးများ တဖြန်းဖြန်း ထလာသောကြောင့် နာရီကို ကြမ်းပြင်ပေါ်ချ၍ ချက်ချင်း ထိုင်ကန်တော့လိုက်သည်။


“ကမ္ဘာကြီးကိုတောင် ရအောင်ခိုးမယ့် ဒကာကြီး သူခိုးပါလား”


ဘုန်းကြီးအိုကြီးက သူ့စိတ် သူ့အတွေးတွေကို ဖောက်မြင်နေသည်။


“ဒကာကြီးက ကမ္ဘာကြီးကို ခိုးချင်ပေမယ့် ကမ္ဘာကြီးက ဒကာကြီးကို ခိုးထားလိုက်ပြီ ဒကာကြီး။ သံသရာမှာ ကျင်လည်နေကြတဲ့ သတ္တ၀ါတွေဟာ ကမ္ဘာကြီး ခိုးထားတဲ့ အရာတွေပဲ။ ကမ္ဘာကြီး ခိုးတာကို ခံရလို့ ဟောဒီ ကမ္ဘာကြီးထဲမှာပဲ ဘ၀ အဆက်ဆက် ကျင်လည်ကြရတယ်။ ဒါဟာ ငါးပါးသီလ မလုံလို့၊ အကုသိုလ်တွေ ရှိနေလို့၊ ဒကာကြီးတို့လို ခိုးချင်ဝှက်ချင်စိတ်တွေ ရှိနေလို့၊ စိတ်မသန့်ရှင်းလို့ ကမ္ဘာကြီးခိုးတာ ခံရတာပဲ။ သံသရာမှာ ဒုက္ခတရားတွေနဲ့ ဆက်ပြီး ကျင်လည်နေရတာပဲ။ ဘုန်းကြီးကတော့ နောင်ဘ၀မှာ ကမ္ဘာကြီးခိုးတာ မခံရဖို့၊ သံသရာက လွတ်မြောက်ဖို့ ကျင့်ကြံနေတယ် ဒကာကြီး”


“ဒကာကြီးလည်း ကမ္ဘာကြီးခိုးတာ မခံရဖို့ ခိုးချင်စိတ်တွေ ရပ်လိုက်ပါတော့”


လက်အုပ်ချီထားသော သူ့လက်များ တဆတ်ဆတ် တုန်နေသည်။


“မှန်…မှန်လှပါအရှင်ဘုရား”


စကားတွေက အထစ်ထစ် အငေါ့ငေါ့။


“တ..တပည့်တော် မနေနိုင်လို့ ခိုးမိတာပါ။ ဒါနောက်ဆုံး ခိုးခြင်းပါပဲ။ နောက်….နောက်ကို ဘယ်တော့မှ မခိုးတော့ပါဘူး။”


“ ကောင်းလေစွ… ကောင်းလေစွ။ သာဓု..သာ…”


ဘုန်းကြီးအိုကြီး၏ စကားသံ မဆုံးသေး။ သူ ထပ်၍ လျောက်ပြန်သည်။


“ဒါ… ဒါပေမယ့် ဒီနာရီလေးကိုတော့ ဒီအတိုင်း မထားခဲ့ချင်ပါဘူး အရှင်ဘုရား။ ဒီနာရီလေးကိုတော့ နောက်ဆုံး အမှတ်တရအနေနဲ့ အပြီးတိုင် ခိုးသွားချင်ပါတယ် အရှင်ဘုရား ”တပည့်တော်က ပစ္စည်းတစ်ခုကို ခိုးပြီဆိုရင် မရရအောင် ခိုးတတ်ပါတယ်။ တပည့်တော်ရဲ့ သူခိုးရာဇ၀င်မှာ မရလို့ ထားခဲ့ရတဲ့ ပစ္စည်းရယ်လို့ မရှိပါဘူး။ ဒီနာရီလေးကိုတော့ ရအောင် ခိုးသွားချင်ပါတယ် အရှင်ဘုရား။”


ဘုန်းကြီးအိုကြီး ငြိမ်သက် တွေဝေသွားသည်။ ကံကြမ္မာကို တရိပ်ရိပ် ရှုငေးရင်း အတွင်းစိတ်၏ အသိတရားကို ရင့်ကျူးလိုက်သည်။


“ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ် ဒကာကြီး”


“အချိန်လည်း သိပ်မရှိတော့ဘူး အရှင်ဘုရား၊ မိုးမလင်းခင် အရခိုးထားမှ..”


ပြောပြောဆိုဆိုနှင့် သူနာရီကို ကြမ်းပြင်ပေါ်မှ ကောက်ယူ၍ ပွေ့ပိုက် ပြေးထွက်လာပြီး ပြတင်းဝမှ လွှားခနဲ့ ခုန်ချလိုက်သည်။ သူ့ရင်ထဲတွင် အေးခနဲ့၊ ဟာခနဲ့ဖြစ်သွားပြီး ပွေ့ပိုက်ထားသော နာရီမှာ မြေပြင်ပေါ်ကို အရင် လွတ်ကျသွားသည်။


ဘယ်အချိန်က စောင့်နေမှန်း မသိသော လူတစ်စု၏ လှံတံသည် သူ့ရင်ဝတည့်တည့်ကိုစူးခနဲ့ စိုက်ဝင်သွားသည်။ ‘အား’ ဆိုသည့် အော်သံနှင့် အတူ သူ့ရင်တစ်ခုလုံး ထုတ်ချင်းပေါက်ကာ မြေပြင်ပေါ်တွင် လဲကျသွားသည်။


လရောင်အောက်တွင် တစိမ့်စိမ့်ထွက်ကျလာသော သွေးစက်များနှင့်အတူ သူ့ဝိညဉ်သည် သူ့ခန္စာမှ အပြီးအပိုင် ထွက်ခွာသွားသည်။ တစ်ချိန်တည်းမှာပင် နာနာဘာဝ ၀ိနာဘာဝ လောကထဲတွင် တစ္တေသရဲတို့၏ အော်ဟစ်သံများ ဆူညံသွားသည်။

“သူခိုးဗျို့…. သူခိုး… သူခိုး”

ခိုင်ထူးသစ်

မြားနတ်မောင်မဂ္ဂဇင်း (အောက်တိုဘာ၂၀၀၄)

[ဥတ္တရလမင်း ခံစားသူအကြိုက် ၀တ္တုတိုများ ၂၀၀၄]

Saturday, March 10, 2012

ခင်ပွန်းကြီးဆယ်ပါးပြဿနာ(မောင်လှိုင်မွှေး)

(၁)
စာပေဗိမာန်ကထုတ်သော စာအုပ်တစ်အုပ်တွင် "ခင်ပွန်းကြီးဆယ်ပါးအားရှိခိုးပါ၏" ဟုရေးထားသည်ကိုတွေ့ လိုက်ရာ ကျွန်တော်ဤဆောင်းပါးကို မရေးဘဲမနေနိုင်တော့ပေ။

(၂)
ခင်ပွန်းကြီးဆယ်ပါးဟူသည် အဘယ်နည်း။
ခင်ပွန်းကြီးဆယ်ပါးကို အစောဆုံးရေတွက်ပြသည့် တောင်တွင်းမင်းကျောင်းဆရာတော်၏ ကန်တော်မင်းကျောင်းမေတ္တာစာ
အဖြေကျမ်းတွင် မပြစ်မှားရာသောခင်ပွန်းတို့ကာ...
(၁)ဘုရား
(၂)ပစ္စေကဗုဒ္ဓါ
(၃)ရဟန္တာ
(၄)အဂ္ဂသာဝက
(၅)အမိ
(၆)အဖ
(၇)ဆရာ
(၈)အသက်ကြီးသသူ
(၉)တရားပေးသူ
(၁၀)အ၀တ်အစားအသုံးအဆောင်ကိုပေးသသူဟူ၍ တစ်ကျိပ်တည်းဟုတွေ့ ရသည်။နောက်ဆရာတို့ သည် ခင်ပွန်းကြီးဆယ်ပါး
နှင့်ပတ်သက်လျင် ထိုကျမ်းကိုကိုးကားကြသည် ထင်ပါသည်။

ဥပမာအားဖြင့် မင်းပူးဆရာတော် ဦးသြဘာသ၏တေမိဇာတ်တွင် ဤလောက၌ ချစ်ခြင်းမေတ္တာကိုတစ်နေ့မခြား
ပွားစေအပ်သော သူကား (၁)သဗ္ဗညုမြတ်စွာဘုရား (၂)ပစ္စေကဗုဒ္ဓါ (၃)ကိလေသာကုန်ပြီးသောရဟန်း (၄)မြတ်စွာဘုရားတို့၏လက်ဝဲရံ..လက်ယာရံဖြစ်သောရဟန်း (၅)အမိ (၆) အဘ (၇)အရွယ်ကြီးခြင်း အမျိုးမြတ်ခြင်း
ပညာကြီးခြင်း စသောသီလသမာဓိဂုဏ်ကြောင့်အလေးအမြတ်ပြုအပ်သူ (၈)အကျိုးအကြောင်းကိုဆုံးမသွန်သင်ပဲ့ပြင်ပေးတတ်သူ
(၉)အ၀တ်အဖျော် အိပ်ယာနေရာ အ၀တ်ပုဆိုးစသည်တစ်စုံတစ်ခုပေးဖူးသူ (၁၀)သူခပ်သိမ်းတို့အားကုသိုလ်တရားပွားများစေခြင်းငှာ တရားဟောပေသူ ဟုတွေ့ ရသည်။

ထိုစကားသည် အဆွေခင်ပွန်းအားမပစ်မှားသောသူသည် အစားအစာပေါများ၏။ အရပ်တစ်ပါးသို့ရောက်သော် စီးပွားချမ်းသာမယုတ် ။ သူခပ်သိမ်းတို့၏မှီခိုအားထားရဖြစ်မည်။" ဟူသောမူရင်းစကားကို ချဲ့ ထွင်ဆိုထားသောစကားဖြစ်ပါသည်။
ခင်ပွန်းဆယ်ပါးရေတွက်ပုံမှာ တောင်တွင်းနှင့်မင်းပူး အကွဲအလွဲမရှိပါ။

(၃)
ဗုဒ္ဓါပစ္စေကဗုဒ္ဓါစ
အရရဟန္တာ အဂ္ဂသာဝက
မာတာပီတု ဂုရုသတ္တာ
ဓမ္မဒေသနာ စ ဒါယကာ
..မေဒဿ မဟာဂုဏေ
အဟံ ၀န္ဒာမိ သဗ္ဗဒါ

ခင်ပွန်းဆယ်ပါးရှိလျင် ခင်ပွန်းကြီးဆယ်ပါးရှိခိုးဂါထာလေးလည်း ရှိမှကောင်းမည်။ဤသို့စိတ်ကူးမိသောပညာရှိသည် ခင်ပွန်းဆယ်ပါးရှိခိုးအလင်္ကာလေးကို အလျင်အမြန်သီဖွဲ့ ခဲ့လိမ့်မည်။
ခင်ပွန်းဆယ်ပါးရှိခိုး ဂါထာလေးသည် ခင်ပွန်းဆယ်ပါးအယူအဆကို အသေအချာအသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။
ခိုင်ခံ့သည်ထက် ခိုင်ခံ့ အောင်လုပ်လိုက်ခြင်းဖြစ်သည်။ ခင်ပွန်းဆယ်ပါးကို ငါးပါးသီလကဲ့သို့ ၊ ဂုဏ်တော်ကိုးပါးကဲ့သို့
တိကျသောအရေအတွက်ရှိအောင်လုပ်လိုက်ခြင်းဖြစ်သည်။

(၄)
ခင်ပွန်းဟူသည် "ပွန်းပွန်းတီးတီး ခင်မင်ရမည့်သူ" ဟုအဓိပ္ပာယ်ရသည်။ မိန်းမတို့အတွက် ပွန်းပွန်းတီးတီး (လက်ပွန်းတတီး)ခင်ရမည့် သူမှာလင်ယောက်ျားဖြစ်သည်။ ထို့ကြောင့် လင်ယောက်ျားကို ခင်ပွန်းဟုခေါ်သည်။
အကယ်၍မောင်နီသည် မောင်ဖြူအတွက် ပွန်းပွန်းတီးတီးခင်မင်ရမည့်သူ ဖြစ်လျှင် မောင်နီသည်မောင်ဖြူ၏ ခင်ပွန်းဖြစ်သည်။
အရင်းနှီးဆုံးမိတ်ဆွေကို ခင်ပွန်းဟုခေါ်ခဲ့ဟန်တူသည်။
ခင်ပွန်းဟူသောဝေါဟာရသည် မြန်မာစကားပီပီသသနှင့် ထိမိလှပသောဝေါဟာရဖြစ်ပါသည်။ သို့သော် သူသည်လည်း ရွေ့ လျားပြောင်းလဲသော ဓမ္မတာသဘောကို လွန်ဆန်နိုင်မည် မဟုတ်ပါ။

စာပေနှင့် ဘာသာစကားတွင်သူယူခဲ့သော နေရာတော်တော်များများကို "မိတ်ဆွေ"အားပေးလိုက်ရပါသည်။
"မိတ်ဆွေ"နှင့်ပူတွဲကာ "အဆွေခင်ပွန်း" ဟုသုံးစွဲကြပါသေးသည်။ သို့သော် ခင်ပွန်း သည်တဖြည်းဖြည်းအမှောင်ဘက်သို့ ရောက်သွားသည်။ လင်ယောက်ျားသည် နောက်ဆုံး "ခင်ပွန်း" ကိုကယ်တင်သူဖြစ်သည်။
ဇနီးမယားတိုင်းက မိမိ၏"လင်ယောက်ျား"ကို ခင်ပွန်းအဖြစ်သတ်မှတ်ကြသည်။ထိုအခါ အမျိုးသမီးတို့ မိမိတို့၏အမျိုးသားမိတ်ဆွေများကို ခင်ပွန်းဟုမသတ်မှတ်ရဲတော့။

္ကဤသို့ဖြင့် ခင်ပွန်းသည် ကျပ်တည်းသောဝေါဟာရဖြစ်လာသည်။အသုံးနည်းသော ဝေါဟာရဖြစ်လာခဲ့သည်။
အသုံးနည်း၍ မူရင်းအဓိပ္ပာယ်လည်းငုပ်လျှိုးပျောက်ကွယ်ခဲ့ရသည်။

သတ္တနိပါတ် အင်္ဂုတ္တိုရ်တွင် ခင်ပွန်းအင်္ဂါ၇ပါးပြဆိုထားသည်။
(၁)ပေးနိုင်သောဝတ္ထုကိုပေးခြင်း
(၂)ပြုနိုင်သော အမှုကိုပြုခြင်း
(၃)သည်းခံနိုင်ခဲသော အမှုကိုသည်းခံခြင်း
(၄)လျှို့ ၀ှက်အပ်သောအမှုကို လျှို့ဝှက်ခြင်း
(၅)ထင်စွာပြုအပ်သော ဂုဏ်ကိုထင်စွာပြခြင်း
(၆)ဘေးရန်ရှိသောကာလ မစွန့်ခြင်း
(၇)ဥစ္စာမရှိကုန်ခမ်းခဲ့သော်လည်း မထီမဲ့မြင်မြ့ပုခြင်း တို့ဖြစ်ပါသည်။

စိတ်ထားမြင့်မြတ်သူတို့သာ အဆွေခင်ပွန်းကောင်းဖြစ်နိုင်ပါသည်။များစွာသောသူတို့သည် အဆွေခင်ပွန်းကောင်ကျင့်ဝတ်နှင့်
ပြောင်းပြန်ကျင့်ကြပါသည်။ ပေးနိုင်ခဲသောဝတ္ထုကိုမပေး။ မယူသင့်သောဝတ္ထုကို အရယူချေသေးသည်။
ထိုသို့သောပြောင်းပြန် အကျင့်များကြောင့် ခင်ပွန်းအဓိပ္ပာယ်ကတစ်မျိုးဆောင်လာသည်။

မှန်ပါသည်။ မုံရွေးဆရာတော်၏ မုံရွေးမှတ်စုတွင်
" သူ့ကိုခင်လျှင် ကိုယ်ကပွန်းသောကြောင့် ခင်ပွန်းဟုခေါ်ကုန်၏" ဟုတွေ့ ရပါသည်။
ယင်းအဓိပ္ပာယ်ဖြင့် ခင်ပွန်းဆယ်ပါးကို နားလည်မှုလွဲခဲ့သော်...
မဖြစ်သင့်တာကို မတွေးဘဲနေတာကောင်းပါသည်။
(၅)
သွေးတော်စပ်မှုကြောင့် ခင်ပွန်းဖြစ်သည်မဟုတ်။
တစ်ယောက်နှင့်တစ်ယောက် နားလည်မှုယူ၍ ခင်ပွန်းဖြစ်သည် မဟုတ်။
ခင်ပွန်းကျင့်ဝတ်ရှိသောသူမှ ခင်ပွန်းဖြစ်မည်။ ခင်ပွန်းကျင့်ဝတ်ရှိသူတိုင်းကို ခင်ပွန်းဟုသတ်မှတ်နိုင်စရာအကြောင်းတော့ရှိပါသည်။
သို့ ရာတွင်ယင်းသည် အရေအတွက်သင်္ချာသရုပ်ကို ရှုပ်ထွေးစေပါသည်။
ခင်ပွန်းဆယ်ပါး၊ ခင်ပွန်းဆယ့်နှစ်ပါး ၊ခင်ပွန်းအပါးနှစ်ဆယ် စသည်ရေတွက်၍လည်း ဖြစ်နိုင်ပါသည်။
ရေတွက်၍မရဟု ဆိုလာလျင်ငြင်းနိုင်မည်မဟုတ်ပါ။

သို့ဖြစ်လျှင် ခင်ပွန်းဆယ်ပါးဟု အဘယ့်ကြောင့်သတ်မှတ်ခဲ့သနည်း။

"ခင်ပွန်းဆယ်ပါး၊ ခင်ပွန်းကြီးဆယ်ပါးဟု အဘယ့်ကြောင့်သတ်မှတ်ခဲ့သည်ထက်
အဘယ်သူကသတ်မှတ်ခဲ့သည်ဟု ဆန်းစစ်ခြင်းက အမှန်တရားကိုဖော်ထုတ်ရာ၌ အထောက်အကူပိုရပေလိမ့်မည်"

ခင်ပွန်းဆယ်ပါးကို ဘုရားကသတ်မှတ်ခဲ့သည် မဟုတ်ပါ။ထေရ၀ါဒ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးဦး (မြန်မာပြည်ကဖြစ်နိုင်ပါသည်)
က ဥာဏ်တော်ကွန့် မြူးထားခြင်းဖြစ်နိုင်ပါသည်။

ဘုရားဟောမဟုတ် လျှင်ခြွင်းချက်ရှိတတ်သည့် ဓမ္မတာအတိုင်း ခင်ပွန်းဆယ်ပါးတွင်လည်းခြွင်းချက်ရှိနေပါသည်။
လုံးတော်ဆရာတော် ဘုရား၏ကျမ်းဂန်၌ " ခင်ပွန်းကြီးဆယ်ပါးဟူ၍မလာ၊ မလာဟုဆိုသော်လည်း ဤဆယ်ပါးကို ခင်ပွန်းမဟုတ်
ဟူ၍လည်းမဆိုရ။ အကယ်၍ဤဆယ်ပါးသာ ခင်ပွန်းဖြစ်ခဲ့အံ့၊ မဟာသာဝကတို့သည် ခင်ပွန်းမဟုတ်ဟုဆိုရန်ရှိသည်။
ထို့ ကြောင့်ခင်ပွန်းဆယ်ပါးမဟုတ်၊ အများပင်ဟူ၍မှတ်ရာ၏" ဟုထောက်ပြဝေဖန်ဖူးသည်။

လုံးတော်ဆရာတော်သည် ခင်ပွန်းကြီးဆယ်ပါးကို အခိုင်အမာငြင်းဆိုပယ်ဖျက်ခဲ့ပါသည်။ သို့သော် ခင်ပွန်းကြီး(၁၀)ပါးသည်
အဖြူပေါ်ကျသော အစွန်းအထင်းကဲ့သို့ လွယ်လွယ်ဖြင့်ပယ်ဖျက်၍မရပါ။ တင်ကျန်မြဲတင်ကျန်လျက်ရှိပါသည်။
လုံးတော်ဆရာတော်၏ စကားကို သတိမမူမိသူတို့ က ထိုအစွန်းအထင်းကို အလှအပထင်နေကြပါသည်။
(၆)
အချို့သောအရာများကို ကန့်သတ်မှကောင်းသည်။
အချို့သောအရာများကို မကန့်သတ်မှကောင်းသည်။
ခင်ပွန်းသည် မကန့်သတ်မှကောင်းသောအရာဖြစ်ပါသည်။
ထို့ကြောင့် ဘုရားရှင်ကခင်ပွန်းဆယ်ပါးဟု မကန့်သတ်ခဲ့ပါ။
ခင်ပွန်းကြီးဆယ်ပါးကို တွေ့လျင် အနည်းဆုံးစိတ်ထဲကလက်မခံဖို့ ငြင်းဆိုသင့်သည်။
အခွင့်သာလျင် ရှင်းပြသင့်သည်။
ခင်ပွန်းကြီးဆယ်ပါးအား ရှိခိုးပါ၏ဟု အဆန်းအပြားနှင့် တခမ်းတနားကြီးလုပ်မချသင့်ပါ။
မောင်လှိုင်မွှေး (ဓမ္မရတနာမဂ္ဂဇင်း)

Wednesday, March 7, 2012

"လူအူသံ" (၀တ္ထုတို_မြားနတ်မောင်မဂ္ဂဇင်း၂၀၀၃)


ငိုသူများနှင့် ရင်းနှီးနေသော သူ့မျက်နှာတွင် အပြုံးအရယ်များ ပျောက်ဆုံးနေ၏။ မြို့ကလေးရဲ့ ဟို အဝေးက ရှင်းလင်းမှုမရှိသော လွင်ပြင်ကျယ်တစ်ခုတွင် နေထိုင်ရင်း အုပ်ဖွဲ့ငိုသံများကို သူ (တစ်ဝကြီး) နားဆင်နေရသည်။ ခပ်ပြဲပြဲ ခပ်ကျယ်ကျယ် ဖွင့်ငိုသံ၊ စူးစူးဝါးဝါး အော်ငိုသံ၊ ဟစ်ငိုသံ၊ ဆို့နင့်တိုးတိတ်သော ရှိုက်ငိုသံတို့ကို သူ့နားက အလိုလို ခွဲခြား၍ နားဆင်နိုင်သည်။ ပြီးတော့ ရင်ထဲထိ မြည်ဟည်းသွားသော ကြေးစည်တီး သံက သူ့ကို အမိန့်ပေးနေသည်။ အရွယ်မညီသော မြေစိုင်ခဲများပေါ်တွင် ဖိနပ်မပါသော သူ့ခြေဖ၀ါးများက သားသားနားနား ဖြစ်နေ တတ်သည်။
အရိုးနှင့်အသားကိုဖြည်းဖြည်းချင်းခွဲခြားပေးသော မြေကြီးပေါ်တွင်သူတစ်နေကုန် ပြေးလွှားနေရသည်။
“အဟင့်….အဟင့်….အဟင့်”
ဖြည်းဖြည်းချင်း ကျယ်လွင့်လာသော ပင့်ရှိုက်ငိုကြွေးသံများနှင့် သံပြိုင်ငိုသံများကို သူ ဥပက္ခာပြု ၍ မရခဲ့ပေ။ ပြီးတော့…… သူ့ဆီရောက်လာသော လူတစ်အုပ်က မငိုနိုင်သော လူတစ်ယောက်အား သူ့ဆီမှာ ထားခဲ့ပြီး ထွက်ခွာသွားသည်ကိုလည်း သူမငြင်းပယ်ခဲ့ပေ။
ညဘက်ပိုင်းကို ရောက်ရင်တော့ တိတ်တိတ်ဆိတ်ဆိတ် အေးအေးဆေးဆေး ရှိလှသည်မို့ သူပျော်သ လိုလို ဖြစ်နေမိသည်။ သို့သော်လည်း အဘက အရက်နံ့များကို သယ်ဆောင်၍ သူ့အနားလာပြီး စကားပြောသော အခါမျိုးတွင်တော့ သူ အေးအေးဆေးဆေး နေ၍ မရတော့ပေ။
ဟိုး …ရှေးရှေးတုန်းကတော့ လူတစ်ယောက်သေရင် ရေးချိုးပေး၊ သနပ်ခါးလိမ်းပေးပြီး ခေါင်ရမ်းပန်း ပန်ပေးလိုက်ရင် သူ့ဘာသာ ထလျှောက်သွားတယ်တဲ့။ အခုချိန်မှာ အဲသလိုသာ ဖြစ်လာလို့ကတော့ အဘ က ဒီလိုပင်ပန်းတဲ့ အလုပ်မျိုးကို မလုပ်တော့ဘူး။ ခေါင်ရမ်းစိုက်ပြီး ဒီမြို့ထဲ ခေါင်ရမ်းပန်း လိုက်ရောင်းမယ် လူလေးရေ။”
ပြောလိုက် မော့လိုက် လုပ်နေသော အဘကို လှမ်းကြည့်ရင်း လက်ထဲက ပေါက်တူးတစ်လက် ကို သူပစ်ချလိုက်သည်။ လရောင်အောက်က အဘ၏ မျက်နှာပြဲပြဲ ဖောဖောကြီးသည် အဆီတ၀င်းဝင်းနှင့်။ တူးလက်စ မြေကျင်းဆီကို လှမ်းကြည့်နေသည်။

“ဟ….လူလေး တူးနေတဲ့ ကျင်းက ရှည်လှချည်လား” အဘက အားပါးတရ အော်ပြောလိုက်သော်လည်း သူဘာမှ ပြန်မပြောမိ။

“အင်း…အရပ်ရှည်တဲ့လူတွေက ငါတို့ကိုတော့ ဒုက္ခပေးတယ်နော်။”

အဘ၏ စကားအဆုံးတွင် ငှက်စုန်းထိုးသံ တစ်ချက်‘ဂီး’ခနဲ့ ထွက်ပေါ်လာသည်။ တိမ်မည်းတို့ လကိုရှပ်၍ ဖြတ်သန်းသွားသည်မို့ ရိပ်ခနဲ့မှောင်သွားပြီး ဖျပ်ခနဲ့ ပြန်လင်းလာသည်။ လေက တဟူးဟူးတိုက်ခတ် နေဆဲ။ ဇရပ်ဆီက သွပ်ပြားနှင့် သစ်ကိုင်းတို့ ရိုက်ပုတ်နေသံကို သဲ့သဲ့လေး ကြားနေရသည်။

“အဘ၊ညဉ့်နက်ပြီ၊ သွားအိပ်တော့လေ” ခေါင်းငိုက်စိုက်ကျနေသော အဘသည် သူ့အနားမှာ ယိုင်တိုင်ယိုင်တိုင် ဖြစ်နေရာမှ တစ်လှမ်းချင်း လျှောက်သွားသည်။

“လေအရမ်းတိုက်တယ်၊ ဇရပ်ပေါ်မှာမအိပ်နဲ့၊ တဲထဲဝင်အိပ်”

ဖြည်းဖြည်းချင်းဝေးသွားတော့မှ မြေစိုင်ခဲများပေါ်ကပေါက်တူးကို ကောက်ကိုင်ရင်း အဘကိုလှမ်း အော်မိသည်။သူ့မျက်နှာပေါ်မှာတော့ချွေးတဒီးဒီးကျနေသည်။မြေစိုင်မြေသားများက မာကျောလွန်းသည်။ ဟိုးဝေးဝေးက အုတ်ဂူဖွေးဖွေးလေးတွေဆီမှာ ကျနေသော အရိပ်များသည် လရောင်အောက်တွင် တညီတညာတည်း ဖြစ်နေ၏။ အရိပ်မည်းမည်းကြီး ကျနေသော ဇရပ်ဆ်ီကို လှမ်းကြည့်ရင်း အဘ ခဏခဏ ပြောပြတတ်သည့် စကားများကို ကြားယောင်လာသည်။ အဘက ဇရပ်ထိပ်ကို ရောက်တိုင်း အဝေးဆီက သစ်ပင်တန်းတစ်အုပ်ကို လှမ်းငေးရင်း အတိတ်ဇာတ်ကို ပြန်ပြောနေတတ်သည်။

လူလေးကိုတွေ့ခဲ့တာ ဟိုးသစ်ပင်တန်းအဆုံးက တံတားထိပ်မှာပေါ့။ မင်းလက်ထဲမှာ နို့ဗူးလေး တစ်လုံးကလွှဲပြီး ဘာမှပါမလာဘူး။ မင်းဘေးနားတော့ ခြေရာတွေ အများကြီးရှိနေတယ်။ လူတွေက မင်းကိုတွေ့ပေမယ့်ပွေ့ချီသွားဖို့သတ္တိမရှိကြဘူး။ အဘကတော့ ‘တောက်’ တစ်ချက်ခေါက်မိပေမယ့် မင်းကိုပွေ့ချီခဲ့တယ် လူလေး။ ”

လေးတွဲ့တုန်ခါနေသောအဘ၏အသံကသူ့နှလုံးသားကိုထိုးခွင်းနေသည်။တကယ်တော့ စွန့်ပစ်သူနဲ့ စွန့်ပစ်ခံရသူရဲ့ကြားမှာ နားလည်ရခက်တဲ့ဒုက္ခတရားတွေရှိတယ်လူလေး။ စွန့်ပစ်ခံရသူက စွန့်ပစ်သူကို အပြစ်တင်ချင်ပေမယ့် စွန့်ပစ်ရတဲ့ အကြောင်းကို မသိတော့လည်း အပြစ်တင်ဖို့က ခပ်ခက်ခက်ပါလား။ တကယ်လို့သာ သူတို့ဟာသူတို့ ကိုယ်တိုင်ကိုရပ်တည်လို့ မရနိုင်တဲ့အတွက် လူလေးကို စွန့်ပစ်တယ်ဆိုရင် လူလေး သူတို့ကို အပြစ်တင်လို့မရဘူး။ သူတို့က လူလေးကိုစွန့်ပစ်တာ မဟုတ်ဘူး။ စွန့်လွတ်တာ။ တကယ်လို့များ သူတို့က သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အရှက်တရားအတွက် လူလေးကို စွန့်ပစ်တာ ဆိုရင်တော့လူလေး သူတို့ကို အပြစ်တင်သင့်တယ်။”

အုံ့မှိုင်းမှိုင်း သစ်ပင်တန်းများဆီမှ ငှက်တစ်အုပ် ပျံသန်းလာသည်။ နောက်ပြန်လှည့်ကြည့်လိုက်သော သူ့မျက်လုံးထဲတွင် အုတ်ဂူများ၊ မြေပုံမို့မို့များ၊ သစ်သားမှတ်တိုင်များ….။ နားထဲတွင်ကြေးစည်တီးသံများ တစ်ချက်ပြီးတစ်ချက် လွင့်ဝဲလာသည်။

အဝေးဆီက တရွေ့ရွေ့ ချီတက်လာသော လူတစ်အုပ်ကို အဘမြင်သွားတော့သူပုခုံးကိုခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။

“လူလေး သူတို့အပေါ်မှာတာဝန်ကျေရမယ်နော်။ဒီအထဲမှာ မင်းမိဘနှစ်ပါး ပါမလာဘူးလို့မပြောနိုင် ဘူး။တကယ်လို့သာ မင်းမိဘနှစ်ပါးကို သင်္ဂြိင်္င်္ဲုဟ်ခွင့်ရလိုက်ရင် မင်း ဒီနေရာကိုရောက်ရကျိုးနပ်ပြီ”

ကြေးစည်တီးသံကသူ့ရင်ထဲထိမြည်ဟည်းသွားသည်။ ငိုသံများနှင့်ရွာသွန်းနေသော မျက်ရည်မိုးများကို ရှုငေးနေဖို့သူ့မှာအချိန်မရှိ။ ဂူသွင်းမှာလား၊မြေချမှာလား၊ မီးရှို့မှာလား…။ ရုတ်ရုတ်သဲသဲဖြစ်နေသော လူအုပ်ထဲတွင်သူအလုပ်ရှုပ်နေတာကိုဘယ်သူကမှသတိမပြု။ အသိအမှတ်မပြုကြ။ စုတ်ပြဲညစ်ထေးနေသော သူ့အင်္ကျီကိုကြည့်၍ နှာခေါင်းရှုံ့ကြသူများက သူ့ကိုပန်းခွေတစ် ခွေလောက်ပင် တန်ဖိုးမထားနိုင်ကြပေ။

“ခြေမကိုကြိုးနဲ့ချည်ရဲ့လားဗျ။ဖြည်းဖြည်းမကြပါ။ဖြည်းဖြည်းချကြပါ။”

သူကတော့အသက်မရှိတော့သည့် လူတစ်ယောက်နာကျင်သွားမှာကိုပင် စိုးရိမ်နေမိသည်။

“ဘာရောဂါနဲ့လဲ”

အဘကရောက်လာသူတိုင်းကို သည်လိုမေးတတ်သည်။ ရောဂါ အသစ်အဆန်း၊ နာမည်ဆန်းဆန်းလေးတွေ ဆိုရင် ထပ်ပြန်တလဲလဲမေး၍ လိုက်ရွတ်နေတတ်သည်။

“ဘာရောဂါမှမဟုတ်ဘူးဗျို့၊သူ့ကိုယ်သူ စီရင်လိုက်တာ” ဆိုလို့ကတော့ အဘပါးစပ်က ‘ထွီ’ခနဲ့မြည်သွား ပြီး လှည့်၍ပင် မကြည့်တော့ပေ။
* * * * * * * * * * * * *

“လူတွေက လူတွေကိုစွန့်ပစ်ရာမှာ အသက်မရှိမှစွန့်ပစ်ကြသလို အသက်ရှိရက်နဲ့လည်းစွန့်ပစ်တတ်ကြတယ်။အဘကတော့စွန့်ပစ်ခံရတဲ့လူဆိုရင်အသက်ရှိတဲ့လူရော၊ အသက်မရှိတော့တဲ့လူရောအကုန်လုံးကိုလက်ခံထားချင်တယ်။”

အုတ်ဂူတစ်လုံးပေါ်ထိုင်နေသောအဘသည် မြို့ကလေးရှိရာ သစ်ပင်အုပ်များဆီကိုငေးမောလျှက် စကားတွေအများကြီးပြောနေတတ်သည်။ အဘ၏စကားများကို နားထောင်ရင်း သူ့လက်များကမြေစိုင်ခဲများကို ဆုပ်ခြေနေမိသည်။

“အဘသေရင်ဘယ်သူငိုမှာလဲ”

“ကျွန်တော်ငိုမှာ အဘ”

အဘသည်လိုမေးတိုင်းသူကမဆိုင်းမတွပြန်ဖြေတတ်သည်။

“မငိုပါနဲ့လူလေးရယ်၊ငိုသံတွေကိုအဘ မကြားချင်တော့ဘူး။ဘ၀တစ်လျှောက်လုံး ကြားခဲ့ရတဲ့ငို သံတွေ၊နေ့စဉ်နေ့တိုင်းကြားနေရတဲ့ငိုသံတွေကို အဘရွံမုန်းနေပြီ။အဘနဲ့ဝေးနေတဲ့ရယ်သံတွေကိုပဲ အဘကြားချင်တယ်။”

အဘကိုသူနားမလည်စွာမော့ကြည့်နေမိသည်။

“အေး…အဘမသေခင်မင်းသေသွားဦးမယ်နော်။ညရေးညတာမှာ ဘယ်ကိုသွားသွားလက်နှိပ်ဓာတ် မီးယူသွား။မြွေပါးကင်းပါးသတိထား။အေး…မင်းသေလို့ကတော့အဘကငိုမှာမဟုတ်ဘူး။ အဘသေရင်လည်း မင်းမငိုနဲ့” အဘက သည်လိုပြောပြီး တ၀ါးဝါး ရယ်နေတတ်သည်။ တစ်ခါတစ်ခါမှာလည်းသူ့ခေါင်းကိုလက်နှင့်ပုတ်ပြီး ငယ်ဘ၀တွေကို ပြန်ပြောရင်း ရယ်နေတတ်ပြန်သေးသည်။

"လူလေး..မင်းကနှယ်နှယ်ရရကောင်မဟုတ်ဘူးကွ။မင်းငယ်ငယ်ကအရိုးခေါင်းတွေကို ဘောလုံးလုပ် ပြီး ကန်ခဲ့တာ။”

* * * * * * * * *

နှင်းရိုင်းများသိမ်းပိုက်ထားသည့် ဆောင်းညတစ်ညတွင် အဘ ကွယ်လွန်သွားသည်။ အေးစက်မာကျောနေသော အဘ၏ အလောင်းကို သူ ကိုယ်တိုင်ပွေ့ချီ၍မြေကျင်းထဲသို့ ဖြည်းဖြည်းချင်း ချ လိုက်သည်။ သူ့ရင်ထဲတွင် ဆို့နင့်နေ၏။ မျက်ဝန်းတစ်ခုလုံး ပူလောင်နေသည်။ မြေစိုင်ခဲများကိုကျင်းထဲတွန်းချရင်း သူအော်ငိုလိုက်ချင်သည်။

သို့သော်လည်းအဘက ငိုသံတွေကို ကြားချင်တာမဟုတ်။ သူ့ကိုမငိုဖို့ မှာသွားသည်။ ငိုသံများကို နားဆင်ရင်း ဘ၀ခရီး ဆုံးသွားသော အဘက ရယ်သံများကိုသာ ဆာလောင်ခဲ့သည်မို့ သူမငိုမိအောင် ထိန်းထားရသည်။

အဘကိုသူသိပ်ချစ်သည်။ သူသိပ်ငိုချင်သည်။ နောက်ဆုံးတော့ အဘရဲ့မြေပုံရှေ့မှာ သူ လေးဖက်ထောက်လိုက်ပြီးခွေးတစ်ကောင်လို အူပစ်လိုက် လေတော့သည်။

ခိုင်ထူးသစ်

(မြားနတ်မောင်မဂ္ဂဇင်း။၂၀၀၃ဇူလိုင်)

Tuesday, March 6, 2012

ဆရာကြီးရွှေဥဒေါင်း၏ "ဒိဌေဒိဌမတ္တံကျင့်စဉ်"


ဒိဌေဒိဌမတ္တံ ဟူသော ပါဠိတော်အရမှာ မြင်ကာမတ္တ၊ ကြားကာမတ္တ၊နံကာမတ္တစသည်ဖြင့်အာရုံ၆ပါးတို့၌မိမိစိတ်ကို“ဘရိတ်အုပ်” ရမည်ဟုဆိုလိုသည်။ အနည်းငယ်ရှင်းရသော်အသံတစ်ခုကိုကြားလျှင် ဘာသံလဲဟူ၍ပင်မစဉ်းစားစေဘဲ စိတ်ကိုထိန်းရမည့် အဓိပ္ပာယ်မျိုးဖြစ်သည်။ အခြားသောဒွါရပေါက်များတွင်လည်း ဤအတိုင်းပင်ဖြစ်သည်။
ဒွါရခြောက်ပေါက်အနက်မနောဒွါရမှာအထိန်းရအခက်ဆုံးဖြစ်သည်ကို တွေ့ရသည်။ဥပမာ..လမ်းပေါ်မှအော်ဟစ်သံကြားလိုက်ရသည့်အခါ “ဘယ်သူပါလိမ့်။ ဘာကြောင့်ပါလိမ့်။ ရန်ဖြစ်ကြတာလား။ ငါ့အိမ်သားများနဲ့ရန်ဖြစ်တာလား ။ ဟိုဘက်
အိမ်ကလူများနဲ့မနေ့ကစကားများကြဖူးတယ်။ သူတို့ဟာတယ်ဆိုးတဲ့လူတွေပဲ။ အသံကတော့မိန်းမသံနဲ့တူတယ်။”
စသည်ဖြင့်ရှည်လျားစွာ စဉ်းစားမိတတ်လေတော့သည်။ ဤကားပြုနေကျစိတ်သဘာဝတည်း။

(ကြံစည်ခြင်းဖြင့်အချိန်ဖြုန်းခြင်း)

ထို့ပြင်၎င်းဝါဒအတိုင်း ကြိုးစား၍ အားထုတ်သောအခါ အာရုံတစ်ခုအကြောင်းနှင့် ပတ်သက်၍ရှည်လျားစွာလိုက်ပြီး စိတ်မကူးရ ဟုဆိုခြင်းအားဖြင့် လွန်လေပြီးသော အတိတ်ကာလအကြောင်း၊ မဖြစ်သေးသော အနာဂတ်ကာလ
အကြောင်းများကို စိတ်မကူးရဟူသော အဓိပ္ပာယ်ကိုတွေ့ ရသည်။ စိတ်သည်ပစ္စုပ္ပန်တည့်တည့်ပေါ်၌ မနေတတ်ဘဲ
ရှေ့အကြောင်း နောက်အကြောင်းများကို စဉ်းစားချင်တတ်သော သဘာဝရှိသည်။

မြင်ခြင်း၊ ကြားခြင်း၊ နံခြင်း၊ လျက်ခြင်း
ထိတွေ့ ခြင်းပဉ္စာရုံများနှင့် မကြုံကြိုက်ပြန်လျင်လည်း လွန်လေပြီးသော အဖြစ်အပျက်များ သို့မဟုတ် ရှေ့အဖို့မည်ကဲ့သို့
ပြုလုပ်မည်ဟူသောအကြံအစည် ၊ မည်ကဲ့သို့ဖြစ်လိမ့်မည်ထင်သည် ဟူသောမှန်းဆချက်၊မည်ကဲ့သို့ပြုလုပ်လျင် ကောင်းပါ
မည်နည်းဟူသော စိတ်ကူးတွေးတောချက်များဖြင့် အချိန်ကုန်လျက်ရှိသည်ကို တွေ့ရသည်။ လွန်လေပြီးသောအဖြစ်အပျက်
များနှင့်ပတ်သက်၍လည်း ဤသို့ ပြုခဲ့၍သာတော်ပေတော့သည်။ ထိုသိြု့ပုခဲ့မိပါလျင် ကိုယ်ကျိုးနည်းရချေရဲ့ ဆိုကာ ကိုယ့်
ဟာကိုယ်ကျေနပ်ခြင်း၊ ကိုယ့်ဟာကိုယ်မကျေနပ်ခြင်း စသည်များဖြင့် အချိန်ကုန်တတ်သော သဘာဝရှိသည်ကိုတွေ့ရသည်။

(နီးစပ်ရာ ကူးကျော်ပုံ)

ထိုကဲ့သို့ စူးစူးစိုက်စိုက် စဉ်းစားဆင်ခြင်ရန် ပြဿနာမရှိသောအခါတွင်လည်း စိတ်ကလေးအလုပ်လုပ်တတ်ပုံမှာ အလွန်
ဆန်းကြယ်သည်။ ဥပမာ…မိတ်ဆွေတစ်ယောက် လေယာဉ်ပျံနှင့် ဆိုက်ရောက်မည့်အကြောင်းကို ဖျတ်ခနဲ့သတိရလိုက်
သည့်အခါ “ခုတလောမှာလေယာဉ်ပျံတွေ သိပ်စိတ်မချရဘူး။ ကမ္ဘာမှာလေယာဉ်ပျံပျက်တဲ့သတင်းတွေ ခဏခဏ ကြား
ရတယ်။ မန္တလေး ၀ါးတန်းက ‘ရေချို’ ကိုအေးမောင်တစ်ယောက် ကံကောင်းလို့ပါလား၊ ဒါထက်ငါးပိရေချိုမစားရတာကြာ
တော်တော်ကြာသွားပြီ။ ငံပြာရည်ဖျော်နဲ့ချည်း ငြီးငွေ့နေပြီ။ မြိတ်ငံပြာရည်စစ်စစ်ရလျှင်တော်သေးရဲ့။ တစ်ပြည်လုံးနှံ အောင်
ရောက်ဖူးပြီဆိုပေမယ့် မြိတ်တစ်ခုတော့ ငါမရောက်ဖူးသေးဘူး။ ပင်လယ်ကူးသင်္ဘောလည်းစီးဖူးအောင် မြိတ်ကိုတော့
တစ်ခေါက်လောက်သွားလည်ဦးမှပဲ။ ဒါပေမယ့် သင်္ဘောစီးချင်းစီးရင်း ဗုဒ္ဓဇယန္တိပွဲတော်ကြီးအတွင်းမှာ အိန္ဒိယသွားလည်
လျှင်တော့တစ်ဝက်ခနှုန်းရတယ် ဆိုပဲ” စသဖြင့် တရှည်တလျားကြီး ကူးကျော်ပြေးလွှားနေတတ်သည်။

စိတ်ကလေး၏ကူးကျော်ပြေးလွှားပုံ အခြင်းအရာမှာ ငယ်စဉ်ကရဖူးသည့် လင်္ကာလေးတစ်ပုဒ်နှင့်တူလှပေသည်။
ဘုရားကျွန်တော်
တောင်ပေါ်ကျွန်းက
ဆင်တော်တစ်စီး
အမြီးငွေလိပ်
လိပ်သည့်သင်ဖြူး
ဖြူးသည့် လေညင်း
ညင်းသည့်အမည်း
မည်းသည့်မီးသွေး
သွေးသည့်နံ့သာ
သာသည့်လမင်း….စသည်ဖြင့်အတောမသတ်နိုင်အောင် အလိုရှိတိုင်း ဆက်ပေးနိုင်သည့်အလင်္ကာတစ်ပုဒ်ပေတည်း။
စိတ်သည်လည်း အထက်တွင် ဖော်ပြခဲ့သည့် ဥပမာကဲ့သို့ အခြားအရေးကြီးသော အာရုံတစ်ခုနှင့် မတိုက်မိချင်း
ရှည်လျားစွာကူးကျော် ပြေးလွှားတတ်သည်ကို တွေ့ ရသည်။

(ပစ္စုပ္ပန်တည့်တည့်)

ဤခေတ်တွင် ၀ိပဿနာတရားအားထုတ်ကြသော ပုဂ္ဂိုလ်များသည် ပစ္စုပ္ပန်တည့်တည့်ထားရမည်ဟူသော စကားကိုအသုံး
ပြုတတ်ကြသည်။ ၄င်းတို့ဆိုလိုပုံရသည်မှာ မိမိတို့အားထုတ်သောကမ္မဌာန်းအာရုံတည့်တည့် အပေါ်၌သာ စိတ်ကိုထားရ
မည်ဟု ပြောလိုဟန်တူသည်။
“ဒိဌေဒိဌမတ္တံ” ဟူသော သြ၀ါဒအရ အားထုတ်သောသူအဖို့မှာ ကမ္မဌာန်းအာရုံဟူ၍ အထူး
တလည်မရှိ။ အာရုံနှင့် အာရမ္မဏိက တိုက်ခိုက်၍ဖြစ်ပေါ်လာသည့် (၀ိညာဉ်) အသိစိတ်ကလေးဖြစ်တိုင်း ဖြစ်တိုင်း သိစေ၍
ရှေ့လျှောက်ပြီး တရှည်တလျားကြီး ကူးကျော်ပြေးလွှားခြင်းမပြုစေရန် သတိဖြင့် စောင့်ထိန်းထားရသော အလုပ်မျှသာရှိသေးသည်။ တစ်နည်းဆိုသော် ကျရောက်လေသမျှသော အာရုံတို့ကိုသိ၍ အတိတ် အနာဂတ်တို့ကို မလိုက်
စေဘဲ ပစ္စုပ္ပန်တည့်တည့်ပေါ်၌ အခါခပ်သိမ်း တည်နေစေဖို့ပင်ဖြစ်သည်။

စဉ်းစားစိတ်ကူးခြင်း၊ တွေးတောကြံဆခြင်း ဟူသမျှသည် ပစ္စုပ္ပန်တည့်တည့်ထားခြင်း မဟုတ်သောကြောင့် ပယ်ဖျောက်
ထားရာ၏။ အသံတစ်ခုကြားလိုက်ရသည့်အခါ “ဘာပါလိမ့်” ဆင်ခြင်ခြင်းသည် ပစ္စုပ္ပန်တည့်တည့် မဟုတ်တော့ချေ။
အသံသည်ကုန်ဆုံးသွားပြီဖြစ်၍ ထိုအသံအကြောင်းကို ဆင်ခြင်တွေးတောမိခြင်းသည် အတိတ်ဖြစ်သောအခြင်းအရာကို
စဉ်းစားဆင်ခြင်ခြင်းမျှသာဖြစ်သည်ဟု နားလည်ရပေမည်။ သို့မှသာလျှင် “ကြားကာမတ္တ၊မြင်ကာမတ္တ”ဟူသော သြ၀ါဒနှင့်
ကိုက်ညီပေလိမ့်မည်။

(ခုန်ချင်တိုင်းခုန်ရာမှ)

သတ္တ၀ါတို့၏ “စိတ်” သဘာဝမှာ ပစ္စုပ္ပန်ဟူ၍လည်း သတိမပြုမိ၊ ပစ္စုပ္ပန်တည့်တည့်အပေါ်၌လည်းမနေလို။ အာရုံနှင့်မာရမ္မဏိတ တိုက်မိ၍ (၀ိညာဉ်) အသိစိတ်ကလေးဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အတိတ်၊အနာဂတ်နှင့်
ဆက်စပ်သည့်ဆင်ခြင်စဉ်းစားမှုများသည် ချက်ချင်းပင် ၀င်လာတတ်သောကြောင့် အားထုတ်ခါစတွင် စိတ်ပျက်မိမတတ်
အခက်အခဲမှားနှင့် ရင်ဆိုင်ရတတ်ပေသည်။ သို့သော် လက်တွေ့စမ်းသပ် ကြိုးစားသည့်အခါ အားရှိဖွယ်သော “ပေါင်းကူး”
ကလေးများလည်းတွေ့ ရတတ်ပါသည်။

အားထုတ်လျှင်အားထုတ်ချင်း ပစ္စုပ္ပန်တည့်တည့်အပေါ်၌ထား၍မဖြစ်သည်မှာ လူတိုင်း၏အတွေ့အကြုံ ဖြစ်ကောင်းဖြစ်ပေမည်။ “တကူးကူး” ဟူသောအသံကို ကြားလိုက်ရလျှင် ကြားလိုက်ရချင်း “ချိုး” ဟုအသိစိတ်ဝင်လာ
ခြင်းမှာဓမ္မတာပင်ဖြစ်ပေလိမ့်မည်။ အချို့ကမူမည်သည့် သစ်ပင်ပေါ်မှ ကူလေသနည်း။ ချိုး ကူတဲ့ရာသီက စောလှချေတကား၊ ချိုးသားမစားရသည်မှာ အတန်ပင်ကြာချေပြီ စသောစိတ်ကူးများပင်ပေါ်လာပေလိမ့်မည်။

ပထမ၌ လေးငါးခြောက်ချက် ထိုကဲ့သို့ကူးကျော်ပြေးလွှားရာမှ သတိနှင့်ကြိုးစားသောသူသည် ၂ ခုန် - ၃ခုန် မျှနှင့် သတိရ၍
“ဘရိတ်အုပ် လိုက်နိုင်ပေလိမ့်မည်။ အားရှိဖွယ်သောအချက်ဟူသည်မှာ မည်မျှလောက်ခုန်၍ကူးကျော်သွားမိသည်ဖြစ်စေ၊
နောက်ဆုံးတွင် သတိရ၍ပစ္စုပ္ပန်တည့်တည့်သို့ ပြန်ခေါ်လာနိုင်ခြင်းတည်းဟူသော သတိသည်တန်ဖိုးရှိ၍ ရှေ့အဖို့ရာ၌
တိုးတက်စေဖို့ ပါရမီဖြစ်သည်ဟု နားလည်သင့်သည်။ အဘယ်ကြောင့်ဆိုသော်သတ္တ၀ါသည် တစ်သံသရာလုံးတွင် ပစ္စုပ္ပန်
တည့်တည့်ထားဖို့ ဘယ်တော့မှသတိမရဘဲ ပေါက်လွှတ်ပဲစား ခုန်ချင်တိုင်း ခုန်လာခဲ့ကြသည်ချည်း ဖြစ်ပေသောကြောင့်တည်း။

(တိုးတက်လာခဲ့ပုံ)
“တတ်စရှိလျင်တတ်ချင်ချင်” လင်္ကာလေးမှာလည်း ဤအလုပ်အတွက် အားရှိဖွယ်သော အထောက်အထားဖြစ်သည်။
သတိပြုစရှိလျှင် ကြာလေလေ သတိကောင်းလေဖြစ်လာတတ်သည်။ အသံတစ်ခုခုကြားလိုက်ရ၍ လေးငါးခြောက်ခုန်
ခုန်ပြီးမှသတိရရာမှ သုံးလေးခုန်နှင့် သတိရခြင်း၊ တစ်ခုန် နှစ်ခုန်နှင့် သတိရခြင်း စသည်ဖြင့်တိုးတက်မှု ရှိလာသည်။
ထို့နောက်တစ်ခါ တစ်ရံတွင် တစ်ခုန်မျှပင်မခုန်တော့ဘဲ ကြားကာမတ္တ၊ မြင်ကာမတ္တ ဖြင့် တစ်မိနစ် နှစ်မိနစ် စသည်ဖြင့်
နေနိုင်သော အခြေအနေသို့ ရောက်လာတော့သည်။

ကျွန်ုပ်အဖို့မှာ ထိုကဲ့သို့ ၁၅ မိနစ်ခန့်မျှနေနိုင်အောင် သုံးလေးနှစ်မျှ လေ့ကျင့်ယူရသည်ဖြစ်ရာ ယခုအခါ၌မူ တစ်နာရီခန့်
မျှ နေနိုင်သောအခြေသို့ ရောက်လျက်ရှိ၏။ ဤကဲ့သို့နေနိုင်ခြင်းအားဖြင့် မည်ကဲ့သို့သော အကျိုးအာနိသင်များကြုံတွေ့
ရပါသနည်း။

(ဘာဝနာသတ္တိ)
ပထမအချက်၌ စိတ်၏အနိစ္စသဘောတရားကို သဘောပေါက်လာတော့သည်ဖြစ်ရာ ဥပမာဆောင်၍ ပြပါဦးမည်။
မီးရထားဖြင့် ခရီးသွားသောသူသည် အဝေး၌ရှိသော တောင်တန်းများကို မျှော်ကြည့်နေခဲ့သောအခါ မီးရထား၏
လျင်မြန်စွာခုတ်မောင်းနေသောအဖြစ်ကို မြင်ဖို့ခဲယဉ်း၏။ ထိုထက်အနီးရှိ သစ်ပင်များကိုလှမ်းကြည့်သည့်အခါ ရွေ့လျားမှု
သည်သာ၍ထင်ရှားပြန်၏။ ထို့ထက် မီးရထားအနီ၌ ကပ်လျက်ရှိသော မြေကြီး၊ ကျောက်ခဲ၊ မြက်ပင် စသောအရာဝတ္ထုများ
ကိုစိုက်ကြည့်သည့်အခါ ရွေ့လျားမှုသည် သာ၍ထင်ရှားပြန်၏။ ကြာရှည်စွာ စိုက်ကြည့်သည့်အခါ မူးသလိုလိုပင်ဖြစ်လာတတ်သည်ကို ကြုံဖူးပေလိမ့်မည်။

ထိုနည်းအတူ အတိတ်အကြောင်း၊ အနာဂတ်အကြောင်း စသည်ဖြင့် တွေးတောနေသောသူသည် စိတ်၏ရွေ့လျားမှုကို
မြင်နိုင်ခွင့် မရှိ။ ကြားကာမတ္တ၊ မြင်ကာမတ္တ၊ နံကာမတ္တ စသည်ဖြင့် အသိအမှတ်ပြု၍ ရှုမှတ်သောအခါ အသိစိတ်တွေ
ခဏချင်း…ခဏချင်း ပြောင်းလဲလျက်ရှိခြင်းကို မြင်လာတော့သည်။ မီးရထားပေါ်မှ လမ်းဘေးရှိကျောက်ခဲကလေးများကို
ကြာရှည်စွာကြည့်နေ၍ တရိပ်ရိပ်ဖြစ်ပြီး “မူး” လာတတ်ခြင်းကဲ့သို့သော သဘောမျိုး ခပ်ဆင်ဆင် ဖြစ်လာခြင်းကိုပင်ကြုံရဖူး
သည်။ သို့သော် တကယ် မူး လာသည်ဟူ၍ နားလည်ကြရန် မဟုတ်ပါ။ အကြိမ်ကြိမ် အထပ်ထပ်(ဘာဝနာ) လေ့ကျင့်ခြင်း
၏ သတ္တိကိုဖော်ပြခြင်းမျှသာ ဖြစ်ပါသည်။

(မနော ၀ိညာဉ်စိတ်)
ဒုတိယအချက်၌ အတွင်းနှင့်အပြင်တိုက်ခတ်မှုကြောင့် (အာယတနသဘော) ဖြစ်ပေါ်လာသည့် အသိစိတ်လေးမျှသာ ဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း သိမြင်လာတော့သည်။ ယခင်ကထင်မှတ်ခဲ့သည်မှာကား
(အသိ) စိတ်သည်မိမိ၏ ကိုယ်တွင်း၌ အခါခပ်သိမ်းအမြဲတစေ တည်လျက်ရှိသည်ဟု ထင်ခဲ့၏။ ယခုသော် တိုက်ခတ်မှုဖြစ်
ပေါ်သော (၀ိညာဉ်) အသိစိတ်ကလေးတွေ တစ်ခုပြီးတစ်ခု ဖြစ်ချည်၊ ပျက်ချည် နေကြသည်ဟု မြင်ကာ၊ သိတတ်သော
“မနောဓာတ်” သည် ကိုယ်အတွင်း၌ ရှိနေခြင်းကာမှန်ပါ၏။

သို့သော် အာရုံနှင့်တိုက်ခတ်သောအခါမှ (အကြောင်းဆုံစည်း၍)
ဖြစ်ပေါ်လာသော အသိစိတ်ကလေးဟူ၍ ဆိုလိုခြင်းဖြစ်သည်။ စာထဲ၌ဖော်ပြထားသော နားလည်ခြင်းနှင့် ကိုယ်တိုင်စောင့်
ကြည့်၍သဘောပေါက်လာခြင်း တို့သည် ကြီးစွာသောခြားနားခြင်းရှိပါသည်။ ထိုအခါမှ မနောနှင့် (၀ိညာဉ်) အသိစိတ်၏
ခြားနားခြင်းကို ပိုင်းပိုင်းခြားခြားကြီး သဘောပေါက်လာပါတော့သည်။

(သဘောပေါက်ပုံတစ်မျိုး)

ထိုကဲ့သို့ သဘောပေါက်လာခြင်းအတွက်ကြောင့် မည်ကဲ့သို့ထူးခြားလာခြင်းကို ဥပမာဆောင်၍ဖော်ပြပါဦးမည်။
ယခင်က ထင်မှတ်ခဲ့ပုံမှာ “ငါ့၌ မယားရှိ၏။ သားသမီးရှိ၏။ ဤ ပစ္စည်း ထို ပစ္စည်းရှိ၏။ ၄င်းတို့မသေဆုံးမီကာလပတ်
လုံး၊ သို့မဟုတ် မပျောက်ပျက်သမျှ ကာလပတ်လုံး ငါ့အဖို့အမြဲတစေရှိ၏။” ဟူ၍မှတ်ထင်ခဲ့မိသည်။

ယခုသော်ကား ငါ၏ မနောဓာတ်၌ အာရုံအဖြစ်နှင့် ထင်လာခိုက်သာလျှင် ၄င်းတို့ခေတ္တခဏ ရှိလိုက်ကြသည်။ပြီးနောက်
ချုပ်ပျောက်သွားကြသည်ဟု သဘောပေါက်လာသည်။ ဆိုလိုရင်းမှာ ဓာတ်ပုံရိုက်ကူးထားသော အရုပ်၏ရှိခြင်း မျိုးမဟုတ်။
မှန်ပေါ်တွင် အကြောင်းတိုက်ဆိုင်၍ ထင်ပေါ်လာသည့် “အရိပ်” ၏ရှိခြင်းမျိုးမျှသာ ဖြစ်သည်ဟု သဘောပေါက်လာသည်
ဟူလို။

ထိုအချိန်မှစ၍ ကျွန်ုပ်ပိုင်ဆိုင်သည်ဆိုသော ပစ္စည်းဟူသမျှအပေါ်တွင် တွယ်တာမှုအပုံကြီးလျော့ကျသွားခဲ့လေပြီ။ တွယ်တာမှု ဖြစ်ပေါ်လာမိလျှင်လည်း အထက်ပါအခြင်းအရာကို ဆင်ခြင် သုံးသပ်
လိုက်သည်နှင့်တစ်ပြိုင်နက် “ရေ” ဖြစ်၍လျှောဆင်းသွားလေတော့သည်။

(အာရုံပြုမှရှိခြင်း)

ရှင်းပါဦးအံ့။ လူတစ်ယောက်သည် ငွေထုပ်ကို မြုပ်နှံထားရာ မြုပ်နှံထားမိသည့်အဖြစ်ကို လုံးဝသတိမေ့နေမိသည် ဆိုအံ့။
ငွေထုပ်သည် မြုပ်နှံထားသောနေရာ၌ ရှိနေသော်လည်း ထိုသူအဖို့၌ ငွေထုပ်မရှိတော့ချေ။
တဖန် ထိုသူမြုပ်နှံထားသော ငွေထုပ်ကို တစ်စုံတစ်ယောက် သောသူက တိတ်တဆိတ် တူးဖော်၍ယူသွားရာ၊ ထိုသူက
ထိုအကြောင်းကိုမသိသောကြောင့် သူ့မှာငွေထုပ်ရှိသည်ဟူ၌ ပင် ထင်မှတ်လျက်ရှိနေ၏။

ဤနေရာ၌ ရှိနေပါလျက်နှင့် မရှိပုံ၊ မရှိပါဘဲလျက်နှင့် ရှိသည်ထင်မှတ်ပုံမှာ ထင်ရှားရှိလေပြီ။ ဆိုလိုရင်းမှာ အကယ်ရှိခြင်း၊ မရှိခြင်းသည် အကြောင်းမဟုတ်လှ။ စိတ်ထဲက ရှိနေသည်ထင်လျှင် ရှိဘိသကဲ့သို့ ကြောင့်ကြဖြစ်နေ၍
လုံးဝသတိမရလျှင် မရှိသကဲ့သို့ကြောင့်ကြမှု ကင်းလျက်ရှိသည်။ စင်စစ်သော် ငွေထုပ်ကို သတိရခြင်းဟူသည်မှာ
ထိုသူ၏ မနော (အကြည်) ဓာတ်တွင် အရိပ်ထင်လာခြင်းမျှဖြစ်ရာ ထိုအတွက် ကြောင့်ကြမှု ၀င်လာ၏။ ၄င်းအခိုက်အတန့်
တွင်သာ ထိုလူ၌ငွေထုပ်ရှိနေ၏။ ခြေထောက်၌ ပုရွက်ဆိတ်ကိုက်၍ကုန်းကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် အာရုံပြောင်း
သွား၍ငွေထုပ်မရှိတော့ချေ။

ဤသည်ကာ ကျွန်ုပ်တွေ့ရသော စိတ်သဘာဝတစ်ခုပေတည်း။ ကျွန်ုပ်၏ပစ္စည်းများသည် ကျွနိုပ်အဖို့ တစ်ပြိုင်တည်း
အပြွတ်လိုက်ရှိနေကြသည် မဟုတ်။ သတိရသော ၀တ္ထုပစ္စည်းသည်သာလျှင် အခိုက်အတန့်အရ တစ်လှည့်စီ ရှိနေကြခြင်း
ဖြစ်လေမည်။ ငါ့ပစ္စည်းတွေပေါများလှသည်ဟု ဘာများကြွားစရာ ရှိပါသနည်း။ မနောဓာတ်၌ အရိပ်ထင်လာခိုက်တွင်သာ
ရှိသည်ဟု ထင်မှတ်မိခြင်း မဟုတ်ပါလော။

(ရင့်ကျက်လာခြင်း)
တတိယအချက်၌ (ဒိဌေဒိဌမတ္တံ) ကြားကာမတ္တ၊ မြင်ကာမတ္တထားခြင်းအလုပ်၌ အလေ့အကျင့်ရ၍ ရင့်ကျက်လာသောအခါ
သဘောပေါက်လာပြန်သည်မှာကား ကြားခြင်း၊မြင်ခြင်း၊နံခြင်း စသည်တို့သည်သာလျှင် တကယ်လက်တွေ့ (actuality)
ဖြစ်သည်။ အသံတစ်ခုကြားပြီးနောက် “ငါ့ကိုဆဲရေးခြင်းဖြစ်သည်။ တယ်မိုက်တဲ့လူပဲ” စသည်ဖြင့်လိုက်၍ စဉ်းစားခြင်းသည်
စိတ်ကူးသက်သက်မျှသာဖြစ်သည်။ ကြားကာမတ္တ၊ မြင်ကာမတ္တဖြင့်သာနေခြင်းသည် စွဲလမ်းခြင်း၊ တပ်မက်ခြင်း၊ တုန်လှုပ်ချောက်ချားခြင်းကင်း၍ အလွန်တရာငြိမ်းချမ်းပေသည်တကား ဟူ၍သဘောပေါက်လာတော့သည်။

ဤတွင် ဒွါရနှင့် တိုက်ခိုက်ခြင်းသည်သာလျှင် မလွှဲမရှောင်နိုင်သော အခြင်းအရာဖြစ်၍ ဆက်လက်ပြီးအရှည်ကြီးစဉ်းစားခြင်း
သည် စိတ်ကူးခြင်း (အိပ်မက်သဖွယ်) ရှိပါဘိတော့သည်ဟု ထင်မြင်လာတော့သည်။

လူတစ်ယောက်ကမိမိအား ဆဲရေးနေသော်လည်း “အသံ” ဟုသိခြင်းအဖြစ်၌သာ ရပ်တန့်ထားနိုင်ပါမူ၊ နာတတ်သောစိတ်
ဖြစ်ပေါ်လာမည် မဟုတ်ချေ။ သို့သော် တစ်လောကလုံးသည် အရှည်ကြီးလိုက်၍ စဉ်းစားမူ (အိပ်မက်မပ်မှု) ကြောင့်
ချစ်ခြင်း၊မုန်းခြင်း စသောအခြင်းအရာများ ဖြစ်ပေါ်လျက်ရှိသည်ဟု သိမြင်လာတော့သည်။ ထိုအခါ ကြားကာမတ္တ၊
မြင်ကာမတ္တဖြင့် အချိန်အတန်ကြာအောင် နေနိုင်သောအဖြစ်သို့ ရောက်လာခဲ့လေပြီ။

(သတိနှင့်သမ္မာသတိ)

ဤနေရာ၌သတိနှင့်သမ္မာသတိခြားနားပုံကို ရှင်းပြလို၏။
လမ်းသွားရာ၌ ခါးပိုက်နှိုက်မခံရအောင်၊ ခလုတ်မတိုက်မိအောင်၊ ကားမတိုက်မိအောင် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခြင်း
သည် “သတိ” မည်၏။.

သို့သော်၎င်းသတိသည်မဂ္ဂင်ရှစ်ပါးထဲမှသတိမဟုတ်ချေ။မဂ္ဂင်ထိုက်သောသမ္မာသတိဟူသည်ကားမိမိ၏နာမ်ရုပ်ကို စောင့်၍ကြည့်သော သတ္တိမျိုးဖြစ်၏။ (ဤနေရာ၌ ကြားကာမတ္တ၊ မြင်ကာမတ္တဖြင့်သာ နေနိုင်အောင် စောင့်ထိန်းထားသောသတိကိုဆိုလိုသည်) အလေ့အကျင့်ရ၍ နိုင်နင်းလာသောအခါ မိမိ၏စိတ်ကိုအလိုမရှိအပ်သောအာရုံမျိုးတို့၌ သာ ထားနိုင်လောက်အောင် ပိုင်ပိုင်နိုင်နိုင် ဖြစ်လာသည်။ ထို့နောက်တွင်ကား ကြားကာမတ္တ၊ မြင်ကာမတ္တဖြင့်သာနေနိုင်အောင် အထူးတလည်ကြိုါ်စားမနေရတော့ဘဲ ထိုကဲ့သို့နေရခြင်းအဖြစ်သာလျှင်ငြိမ်းချမ်းသည်ဟုကြာလေသဘောကျလေဖြစ်လာတော့သည်။ ထိုအခါစိတ်သည် မြင်ရုံ ကြားရုံ ကလေးများအပေါ်တွင်သာ တည်ငြိမ်လျှက်ရှိရာ ထိုအခြင်းအရာကို “သမ္မာသမာဓိ” ဟူ၍ ကျွန်ုပ်နားလည်သည်။

(စိတ်ကဖန်ဆင်းခြင်း)

၎င်းအခြေအနေသို့ ရောက်သောအခါ၌ ပြင်ပသို့မလိုက်တော့ဘဲ အတွင်းသို့သာ လှည့်ကာအာရုံပြုတတ်သော အလေ့အကျင့် ဖြစ်ပေါ်လာ၏။ ဥပမာ အသံတစ်ခုကြားရသောအခါ ဘယ်ဆီကလာသော အသံဟူ၍ ဂရုမပြု တော့ဘဲ မိမိအတွင်း၌ (သောတ၀ိညာဉ်) ကြားစိတ်လေးဖြစ်ပေါ်လာသည်ဟူ၍ အမှတ်ပြုလိုက်တော့သည်။
တိုး၍ရင့်ကျက်လာပြန်သောအခါ လောကဟူသည်အခြား၌ရှိခြင်းမဟုတ်၊ မိမိအတွင်း၌သာဖြစ်ချည်ပျက်ချည်လုပ်နေခြင်းဖြစ်သည်ဟု ထင်မြင်လာတော့သည်။
သဘောကျပုံမှာဤသို့တည်း။

အခန်းတစ်ခန်းထဲ၌ လူ လေးငါးယောက်ထိုင်လျက်ရှိကြသည် ဆိုပါစို့။ စကားမပြောဘဲတိတ်ဆိတ်စွာ
ငြိမ်နေခိုက်တွင် တစ်ယောက်သည် သားလေးသေဆုံးမှုကို စဉ်းစားမိ၍ ပူလောင်လျက်ရှိ၏။
ဒုတိယတစ်ယောက်သည် ထီပေါက်၍ ၀ယ်ဖို့ခြမ်းဖို့ စိတ်ကူးနှင့် ပျော်လျက်ရှိ၏။
တတိယတစ်ယောက်သည်ကြွေးပူ၍ စိတ်ညစ်လျက်ရှိ၏။
စတုတ္ထတစ်ယောက်သည် သားတစ်ယောက် ဘီအေ အောင်၍ ၀မ်းသာလျက်ရှိ၏။

ဤလူလေးယောက်တို့သည် ကိုယ့်လောကကို ကိုယ်ဖန်ဆင်းလျက်ရှိကြသည် မဟုတ်လော။ အမှန်မှာထိုလူလေးယောက်လုံးသည် တစ်ချိန်တည်းတွင် တစ်ခန်းတည်း အတူထိုင်လျက်ကြသောကြောင့် အခန်းတွင်းရှိ စားပွဲ ကုလားထိုင်စသော အိမ်ထောင်မှုပစ္စည်းများကို အတူတူပင်မြင်နိုင်ကြ၏။

လမ်ပေါ်မှကားမောင်းသံကိုလည်းအတူတူပင်ကြားကြ၏။အကြော်ဆိုင်မှ ညော်နံ့ကိုလည်းအတူတူပင်နံကြ၏။ သောက်နေကြသောလက်ဖက်ရည်ကိုလည်း အတူတူပင်ချိုကြ၏။ထိုင်ကြသောဆိုဖာ၏ နူးညံ့မှုကိုလည်း အတူတူပင်ခံစားကြ၏။

သို့ပါလျက် စိတ်ကူးတစ်မျိုးစီရှိကြသည့်အတွက်ကြောင့် ပူသူကပူ၊ ၀မ်းသာသူက ၀မ်းသာ၊ စိတ်ညစ်သူက
ညစ်၊ ပျော်သူကပျော် ဖြစ်ကြရခြင်းမှာ ကိုယ့်လောကကို ကိုယ့်စိတ်က ဖန်ဆင်းခြင်းပင်မဟုတ်လော။

အကယ်၍ ထိုလူလေးယောက်တို့သည် မြင်မှု ကြားမှုများနှင့် ပတ်သက်၍ ပစ္စုပ္ပန်တည့်တည့်ကိုသာ အာရုံပြုကာ ရှုကြည့်နေကြမည်ဆိုပါက စိတ်ကူးလောကထဲတွင်မနေဘဲ လက်တွေ့လောကထဲတွင် အတူတူရှိနေ
ကြမည်မဟုတ်ပါလော။ “ဒိဌေဒိဌမတ္တံ” ကျင့်စဉ်၏တန်ဖိုးမှာ စိတ်ကူး (အိပ်မက်) လောကသို့ မရောက်စေဘဲ
လက်တွေ့လောကထဲ၌သာ စိတ်ကိုထားစေခြင်းအားဖြင့် တစ်ချိန်တွင် အဟုတ်ရှိ အမှန်ရှိ ပရမတ္တသဘောတရား
ကို ထိုးထွင်းသိမြင်စေရန်ဖြစ်လေသည်။

(ဥာဏ်အမြင်ရင့်လာပုံ)
ပြင်ပသို့အာရုံမပြုဘဲ အတွင်းဘက်သို့ချည်း လှည့်ထားသည့် အလေ့အကျင့် ရင့်သန်လာသောအခါ ဖြစ်ပေါ်လာလေသမျှသော မြင်မှု၊ ကြားမှုမှစ၍ စိတ်ကူးစိတ်သန်းဟူသမျှသည် မိမိအတွင်း၌သာ အကြောင်းအား
လျော်စွာ ဖြစ်လာကြ၍ ဖြစ်ပြီးသောအခါပျောက်ပျက်သွားကြသည်။
နေအိမ်ကို သတိရသောအခါ မိမိ၏မနောတွင်( မှန်ပေါ်၌ အရိပ်ထင်ခြင်းကဲ့သို့) ထင်လာသောအရိပ်မျှသာဖြစ်သည်။

အရိပ်တစ်ခုပြီး တစ်ခုထင်လာခြင်းတကယ့်ဟာတွေ တကယ့်အဖြစ်အပျက်တွေဟူ၍ မှတ်ထင်ရခြင်း ဖြစ်သည်။ မိမိက အဟုတ်ကြီး ထင်မှတ်နေသော အရာခပ်သိမ်းသည် မနောတွင် ခဏကလေးမျှပင် အရိပ်ထင်၍ဖြစ်ပြီး ပျောက်ပျက်သွားကြသည်ချည်းဖြစ်သည်။
အဟုတ်ရှိ၊ တကယ်ရှိမဟုတ်၊ အကြောင်းတိုက်ဆိုင်၍ အခိုက်အတန့်အားဖြင့် တစ်ခုပြီးတစ်ခု ဖြစ်နေ
ကြခြင်းသာ ဖြစ်သည်ဟူသော ဥာဏ်အမြင် ပေါ်ပေါက်လာပါတော့သည်။

(ငြိမ်းချမ်းမှု ရခြင်း)
ထိုသို့သော ဥာဏ်အမြင်သို့ ရောက်သည့်အခါ မနောအကြည်ဓာတ်ပေါ်တွင် ခဏချင်း..ခဏချင်း အကြောင်းတိုက်ဆိုင်၍ သူ့ဘာသာအရိပ်ထင်လာသော “အာရုံ” များအတွက် မိမိက ဘာကြောင့်ကြစရာ၊ ဂရုစိုက်စရာရှိသနည်း။ မိမိနှင့် ဘာဆိုင်သနည်း။ တာတွယ်စရာလည်းမဟုတ်၊ စိုးရိမ်စရာလည်း မဟုတ်။ ဖြစ်လာသမျှသောအခြင်းအရာများသည်ခဏတဖြုတ်ကလေးဖြစ်ပြီး ပျောက်ပျက်သွားသည်ချည်းဖြစ်သည်ဟု ထင်မြင်လာသည်
တွင် အကြီးအကျယ် စိတ်ငြိမ်းချမ်းမှု ရရှိပါသည်။

(တကယ်ရှိသောသဘောတရား)

ထို့နောက်တဖန် မနောအကြည်ဓာတ် အပေါ်၌အကြောင်းတိုက်ဆိုင်၍ အခိုက်အတန့်အားလျော်စွာ ခဏတဖြုတ်ဖြစ်ပေါ်လာသော အခြင်းအရာများ (အရိပ်များ) သာဖြစ်သည်ဟု နေ့ရက်အတန်ကြာရှည်စွာ ဆင်ခြင်သုံးသပ်ခဲ့ရာမှ
တစ်နေ့သ၌ “ ကောင်းပ်ါပြီ မနော၌ဖြစ်ပေါ်သောအခြင်းအရာအားလုံးသည် ဖြစ်ရုံကလေးဖြစ်ပြီး ပျောက်ပျက်သွားသည်ချည်း ဖြစ်သောကြောင့် အဟုတ်ရှိတကယ်ရှိ မဟုတ်နိုင်ခြင်းကာမှန်ပါပြီ။သို့သော် အဟုတ်ရှိတကယ်ရှိ သဘောတရားမျိုးကော မရှိနိုင်ပါသလော၊ ရှိနိုင်လျှင်ဘယ်မှာရှိပါသနည်း။” ဟူသောမေးခွန်းသည် စိတ်ထဲတွင်
ပေါ်လာပါတော့သည်။

နောက်တစ်ခဏ၌ အာရုံတစ်ခု ဘွားခနဲ့ပေါ်လာပါသည်။ “ဟုတ်လိုက်လေခြင်း၊ ဒါမှတကယ်ရှိတဲ့သဘောတရားပဲ။ကြည့်စမ်းပါဦး။ အနားတွင်ကပ်နေပြီး နှစ်ပေါင်းများစွာ မမြင်ဘဲလျှံနေမိတာ အံ့သြပါရဲ့” စသည်များဖြင့်ဆင်ခြင်သုံးသပ်မိပါသည်။
ဥပမာဆောင်ရသော် ဒင်္ဂါးတစ်ပြားကို “ပန်းဘက်” ချည်းကြည့်ခဲမိရာမှ လှန်ကြည့်လိုက်သောအခါ “ခေါင်းဘက်” ကိုမြင်ရခြင်းကဲ့သို့ နီးလျက်နှင့် ဝေးနေသည်ဟု သဘောပေါက်ခြင်းကြောင့်အံ့သြမိခြင်းမျိုးနှင့် တူပါတော့သည်။

တကယ်အဟုတ်ရှိသောအနေဖြင့်မြင်လိုက်ရသောသဘောတရားမှာ“အာရုံ”မျှသာဖြစ်၍ပုံသဏ္ဍန်အသွေးအရောင်အားဖြင့် ဖော်ထုတ်ပြောပြနိုင်သော အခြင်းအရာမျိုးကာမဟုတ်ပါ။ ထိုအခြင်းအရာမျိုးကို စာတတ်သူများခေါ်ချင်ရာခေါ်ကြစေ။ ကျွန်ုပ်စိတ်ထဲ၌ကား “ဖြစ်” နေသောအခြင်းအရာမဟုတ်။ အခါခပ်သိမ်း အမြဲတမ်းရှိနေသော သဘောတရားဟူ၍သာ သိမြင်ထားခြင်းဖြစ်ပါသည်။

(ကျွန်ုပ်၏ရည်ရွယ်ချက်)

ကျွန်ုပ်သည် ဤအခြင်းအရာကို ချောင်ချောင်နှင့် တွေ့ရခြင်းမဟုတ်။ နှစ်ပေါင်း၃၀ ကျော်အနက်ပြတ်တောင်းပြတ်တောင်းနှင့် ကြိုးစားအားထုတ်ခဲ့သောနှစ်ပေါင်း ၂၀ကျော်မျှလည်းကောင်း၊ ခပ်ပြင်းပြင်းအားထုတ်သော
နှစ်ပေါင်း လေးငါးနှစ်မျှလည်းကောင်း၊ တစ်ကြိမ်လျှင် ရက်သတ္တတစ်ပတ်မျှ ပြင်းပြင်းထန်ထန်ကြီးအားထုတ်သည့် ရက်သတ္တပတ်ပေါင်း ၂၀မျှလည်းကောင်း ကြာရှိခဲ့ပြီးမှ တွေ့ရသော“စိတ်သဘာဝ” ဖြစ်ပါသည်။
ဤအကြောင်းကိုရေးသားဖော်ပြရခြင်းမှာ ကြွားဝါလိုခြင်း၊ အသားယူလိုခြင်းကြောင့်
မဟုတ်ပါ။
ပါရမီရင့်သန်၍အထုံဝါသနာပါရှိသူများဖတ်မိကြလျှင်စိတ်အားတက်ကြွ၍သဒ္ဓါတရားတိုးတက်စေလိုသောရည်ရွယ်ချက် စေတနာဖြင့်တင်ပြလိုက်ခြင်း ဖြစ်ပါသည်။

(ပြဌာန်းချက်)
ကျွန်ုပ်အဖို့အရာ၌ အာသဝေါကင်းသောအဖြစ်သို့မရောက်မချင်း (ဤတစ်ဘ၀အတွင်း) ဆက်လက်အားထုတ်ဖို့
အားခဲလျက်ပင်ရှိရာ ပရိယေန၀မ်းစာအတွက် လုံလောက်စွာရှိသော တစ်နေ့တွင် မျှော်မှန်းသည့်ပန်းတိုင်သို့
မရောက်မနေဆိုကာ အချိန်ရှိသမျှ တစ်စဉ်တစ်တန်းတည်း ဆက်တိုက်အားထုတ်ဖို့ ပြဌာန်းပြီးဖြစ်ပါသတည်း။

Saturday, March 3, 2012

ပလေတို (Plato)



ဆိုကရေတီ၏တပည့် ပလေတိုသည်ထင်ရှားကြီးကျယ်သော ကမ္ဘာ့အတွေးအခေါ်ဒဿနပညာရှင်ကြီးဖြစ်ပြီး နိုင်ငံရေး၊သင်္ချာ၊နက္ခတ်..နယ်ပယ်စုံတွင်နှံ့စပ်သူဖြစ်သည်။

စံပြစိတ်ကူးနိုင်ငံ (Utopia) စီမံကိန်းကို ရှေးဦးစွာတင်ပြခဲ့သောပလေတိုသည် အေသင်မြို့၏ထင်ရှားကျော်စောသော ၊ကုံလုံကြွယ်ဝသော အမျိုးအနွယ်မှဆင်းသက်လာသည်။
ပလေတိုကိုမွေးဖွားသည့်အချိန်မှာ ဗုဒ္ဓ(၅၆၇ _၄၈၇)ပရိနိဗ္ဗာန်စံပြီး အနှစ် ၅၀ ကျော်လာပြီးသည့်အချိန်ဖြစ်သည်။
ပလေတိုမှာအဖက်ဖက်တွင် ကုသိုလ်ကံထူးသည်။ ရုပ်ရည်ရူပကာလှပတင့်တယ်ပြီး အမျိုးအနွယ်မြင့်မြတ်သည်။ စည်းစိမ်ဥစ္စာပေါများကြွယ်ဝသည်။

အသက် ၁၈-၂၀ အရွယ်တွင်ဆိုကရေတီနှင့် ရင်းနှီးမှုရလာသည်။ အပြင်ပန်းအနေအထားအရသူတို့
နှစ်ဦးမှာ မိးုနှင့်မြေပမာကွာသည်။ ဆိုကရေတီသည် နှာခေါင်းတိုတို၊ နှုတ်ခမ်းထူထူနှင့် ရုပ်ဆိုးဆိုးမွဲခြောက်ခြောက်။ ပလေတိုကမူ ရုပ်ရည်ရူပကာချောမောပြီး ဆွေဂုဏ်မျိုးဂုဏ်ကြီးသူဖြစ်သည်။ သို့ရာတွင်ဆိုကရေတီ၏ဆုံးအမဥပဒေသများက ပလေတိုကို ဆွဲဆောင်ခဲ့သည်။ ပလေတိုသည် ဆိုကရေတီ၏တပည့်ဖြစ်လာခဲ့၏။

ဆိုကရေတီကိုစွဲချက်တင် သောအခါပလေတိုသည် တရားရုံးတွင်ရှိနေခဲ့သည်။ ဆိုကရေတီအတွက် အာမခံပေးဖို့ပင်အဆိုပြုခဲ့သည်။
ဆိုကရေတီအဆိပ်သောက်သေစေသည့်အပြစ်ဒဏ်ပေးသောအခါပလေတိုမှာ၂၈ နှစ်အရွယ်။ယင်းအဖြစ်အပျက်သည်ပလေတိုအပေါ်များစွာသြဇာသက်ရောက်သွားသည်။ယင်းကြောင့်ပင်ပလေတိုသည် နိုင်ငံရေးကိုမျက်နှာလွှဲလိုက်ပြီးလျှင်၊ဒဿနပညာသုတေသီဖြစ်သွားလေသည်။

ပလေတိုသည်နိုင်ငံတကာ၊ ဒေသတကာတို့တွင်၁၂နှစ်တိတိခရီးလှည့်လည်ကာ၊အယူဝါဒအမျိုးမျိုးကိုသင်ကြားလေ့လာခဲ့သည်။အီဂျစ်၊အီတလီမှ ဂင်္ဂါမြစ်ဝှမ်းမဇ္ဈိမဒေသအထိလှည့် လည်ခဲ့သည်
။ထို့နောက်အေသင်တွင် အကယ်ဒမီကျောင်းကိုတည်ထောင်ပြီးသက်ဆုံးတိုင် ပညာသင်ကြားသွားခဲ့သည်။(အရစ္စတိုတယ်သည် ပလေတို၏အသက်၆၀ အရွယ်တွင် အကယ်ဒမီကိုရောက်ရှိကာပညာသင်ယူခဲ့သည်)

ထိုခေတ်ထိုအခါက ပလေတိုသည်ယောက်ျားမိန်မတန်းတူအခွင့်ရေးရရှိရေးကိုရဲဝံ့စွာ တောင်းဆိုခဲ့လေသည်။
ပလေတို၏ဒဿနသဘောအခြေခံမှာ ဆိုကရေတီ၏ အမှန်သဘော(Reality)ဟူသောဝါဒဖြစ်သည်။
ယင်းဝါဒ၏ဆိုလိုရင်းမှာ အမှန်သဘော(၀ါ)ပရမတ်သဘော သည် စင်စစ်အားဖြင့်အရာဝတ္ထုတို့၏
စိတ်ကူးဖြစ်သောအသွင်အပြင်၌သာရှိသည်။ ယင်းအမှန်သဘောသည် ပြည့်ဝသည်၊ တည်မြဲသည်၊ ပြောင်းလဲသည်ဟူ၍မရှိ။ အာရုံခံတို့ဖြင့်သိရ၊ မြင်ရသော၊ ပြောင်းလဲတတ်သော၊ မပြည့်ဝသောအရာဝတ္ထုများ၏အောက်ခြေမူလ၌ ရှိနေသည်။
ယင်းသို့အားဖြင့် ပလေတိုသည်ဆိုကရေတီ၏ အယူအဆများကိုမျိုးစေ့ဗီဇအနေဖြင့်ယူငင်ပြီးလျှင် မိမိ၏အတွေးအခေါ်များကို စည်ပင်ဖွံဖြိုးစေခဲ့သည်။

ရီပတ်ဗလစ်သည်ပလေတို၏ အကျော်ကြားဆုံး အရေးပါဆုံးကျမ်းဂန်ဖြစ်သည်။ယင်းကျမ်းကိုပလေတိုသည် အတွေးအခေါ်ရင့်ကျက်ပြီးသည့်အချိန် အသက်၄၀အရွယ်တွင်ရေးခဲ့သည်။
ရီပတ်ဗလစ်သည် အကျင့်စာရိတ္တပညာဖြင့်လည်းကောင်း၊နီတိဆိုင်ရာဒဿနပညာများဖြင့်လည်းကောင်းအစပျိုးထားသည်။ ကျမ်စ၏အစမှာပင် တရားမှုဟူသည်မှာအဘယ်နည်းဆိုသော ပြဿနာကိုဖော်ထုတ်ထားသည်။

ကိုယ်ကျင့်တရားဆိုင်ရာ ဂုဏ်အရည်အချင်းများ၏တိုးတက်ကြီးပွားမှုသည်ပညာအရသာလျှင်ဖြစ်နိုင်သည်။မြင့်မြတ်ကောင်းမွန်သော အုပ်ချုပ်ရေးအတွက် အုပ်ချုပ်သူတို့ကိုပညာပေးဖို့လိုအပ်သည်။ထို့ကြောင့်ရီပတ်ဗလစ်၌ ပညာနှင့်ပတ်သက်သော
ပြဿနာများကိုရဲဝံ့ပြတ်သားစွာ ဖွင့်ပြထားသည်။ပြင်သစ်အတွေးအခေါ်ပညာရှင်ရူးဆိုးက
“ရီပတ်ဗလစ်သည် နိုင်ငံရေးကျမ်းဂန်မဟုတ်။ ပညာနှင့်ပတ်သက်၍ မပေါ်ဖူးသေးသောကျမ်းဂန်ဖြစ်သည်” ဟူ၍ရေးသားထားသည်။

ပလေတိုအပေါ်၌ ပိုက်သာဂိုရပ်၏ သြဇာလည်းလွှမ်းမိုးခဲ့လေသည်။ ပိုက်သာဂိုရပ်၏နောက်လိုက်တပည့်များသည် ဂဏန်းသင်္ချာအား သဘာဝ၏လျှို့ဝှက်ချက်များကိုဖွင့်ရန်အတွက် သော့ချက်ဖြစ်၏ဟု ယူဆကြသည်။
ပလေတိုသည်လည်း ဂဏန်းသင်္ချာအား ဒဿနပညာ၏ ပထမလှေကားထစ်အဖြစ်အလေးပေးထားသည်။ စင်ကြယ်သောအမှန်တရားရရှိရေး၌ စင်ကြယ်သောအသိဥာဏ်အသုံးပြုခြင်းကို ဂဏန်းပညာကိုအသုံြး့ပု၏ ဟုဆိုထားသည်။
ထိုခေတ်က ဂဏန်းသချာင်္ကိုစစ်ရေးစစ်ရာများတွင်လည်းအသုံးပြုသည်။

ပလေတို၏ အကယ်ဒမီကျောင်းအ၀င်တံခါးတွင် “ဂဏန်းပညာတတ်ကျွမ်းသူများသာလျှင် ဤကျောင်း၌၀င်ခွင့်ရှိနိုင်သည်”် ဟူသောစာတမ်းကိုရေးသားထားသည်။
ပလေတိုသည် နက္ခတ္ထဗေဒ(Astronomy)နှင့် အသံညှိအတတ်(Harmonies) ကိုလည်းသင်ကြားပို့ချပေးခဲ့လေသည်။ နက္ခတ္ထဗေဒပညာရပ်၌ ဂြိုဟ်နက္ခတ်တို့၏ သွားလာလည်ပတ်မှု
နှင့်ပတ်သက်သော ကျယ်ပြန့်သည့်အသိဥာဏ်ကိုသာလျှင်မက ဂြိုဟ်နက္ခတ်တို့၏အသွားအလာကို
ဖြစ်ပေါ်စေသော အကြောင်းအရာနှင့်ပတ်သက်သောသင်ကြားလေ့လာမှုကိုအလေးအနက် ပြုထားလေသည်။

ပလေတို၏စံပြစိတ်ကူးနိုင်ငံ (Utopia) ကိုမူချွတ်ယွင်းချက်များရှိ၍အရစ္စတိုတယ်ခေတ်ကာလမှစ၍ အပြင်းအထန်အဝေအဖန်ခံလာရသည်။
( ယူနောပိယား Utopiaးသည် ဂရိဘာသာတွင် မရှိဟူသောအနက်ကိုဟောသည့် Ou နှင့် နေရာကိုဟောသည့်
Topos တို့ကိုပေါင်းစပ်တီထွင်ထားသည့်စကားလုံးဖြစ်သည်။ အဓိပ္ပာယ်မှာမည်သည့်နေရာမှမရှိဟုဆိုလိုသည်။ သက္ကတဘာသာ၌အမှန်တကယ်မရှိသည့်နေရာကိုဂန္ဓဗ္ဗနဂရဟုခေါ်သည်။)

လွန်ခဲ့သောနှစ်ပေါင်း ၂၄၀၀သမိုင်းတစ်လျှောက် ကျယ်ပြန့်ကြီးမားသောနိုင်ငံများကိုတည်ထောင်သည့်ဘုန်းလက်ရုံးနှင့်ပြည်စုံသော ဘုရင်များ၊သူရသတ္တိနှင့်ပြည့်စုံသောဧကရာဇ်များ၊ လိမ္မာကျွမ်းကျင်သော နိုင်ငံရေးသုခမိန်များ၏အရေအတွက်မှာမနည်းလှပေ။ သို့ရာတွင်ယင်းတို့အနက် မည်သူမှပလေတိုလောက် နိုင်ငံရေးအတွေးအခေါ်များအပေါ်၌သြဇာမလွှမ်းမိုးနိုင်ပေ။သူ၏ စာပေကျမ်းဂန်များကို နှစ်ပေါင်း ၂၄၀၀ ကျော်ခဲ့ပြီဖြစ်သော်လည်းယနေ့တိုင်လေးစားစွာဖတ်ရှုလေ့လာ
နေရသည်။ယင်းစာပေကျမ်းဂန်များမှလှုံဆော်အားပေးမှုကိုရယူကြရသည်။
ယင်းစာပေကျမ်းဂန်များကိုအခြေပြုလျက်မိမိတို့၏ အယူအဆများကိုသန်မာထွားကျိုင်းအောင်ပြုကြရသည်။

(လျှို့ဝှက်ဂန္ဓာရီပညာလေ့လာလိုက်စားသူများကမူ အော်ဖီးရပ်စ်၊ပိုက်သာဂိုရပ် နှင့်ပလေတိုကို ထိပ်တန်းဂန္ဓာရီပညာရှင်ကြီးများအဖြစ်မှတ်ယူကြသည်။ အော်ဖီးရပ်စ်သည် ဂီတသံစဉ် ၇ပါးကိုဖော်ထုတ်ခဲ့သူဖြစ်ပြီး၊ကျားခြင်္သေ့သားရဲများကိုပင်ဂီတဖြင့်ယဉ်ပါးအောင်ပြုနိုင်စွမ်းရှိသူဖြစ်သည်။အော်ဖီးရပ်စ်မတိုင်မီကဂီတသံစဉ်၃ပါးကိုသာသိခဲ့ကြသည်။ပလေတို၏ ဂရိအသံထွက်မှာ ပလာတုန်)

ကျမ်းကိုး။ ။ ဒေါက်တာသန်းထွန်း(ကျော်စွာ၁၀၀)၊ပါရဂူ(ခေါမဒဿနပညာရှင်ကြီးများ)
ခိုင်ထူးသစ်